Skip to main content

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၅ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဖြစ်ပေါ်လာပုံနှင့် ဝန်ထမ်းအင်အား၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းမှု၊ ရတနာနယ်မြေ သတ်မှတ်ထားရှိမှု၊ ကျောက်မျက်ရတနာလုပ်ကွက်များ လုပ်ကိုင်ခွင့်ချ ထားမှု၊ ၂၀၁၉ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကွက်များကို လုပ်ကိုင်ခွင့်ပြုခြင်း၊ ကျောက်မျက်ရတနာ အလတ်စား၊ အသေးစားနှင့် လက်လုပ် လက်စား လုပ်ကွက်များဧရိယာ သတ်မှတ်မှု၊ ကျောက်မျက်ရတနာရောင်းချခြင်း၊ ရုပ်တုရုပ်ထွင်း ထုလုပ်ခြင်း၊ လုပ်ငန်းလိုင်စင်များ ချထားပေးမှု၊ ကျောက်မျက်ရတနာကဏ္ဍမှ ရငွေများ၊ မြန်မာ့ ကျောက်မျက်ရတနာနည်းဥပဒေများ ထွက်ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် ဝန်ကြီး ဌာနက စီမံခန့်ခွဲမည့် ကျောက်မျက်ရတနာ အလတ်စား လုပ်ကွက်များ လုပ်ကိုင်ခွင့် ချထားပေးနိုင်ရန် ဆောင်ရွက်ထားမှု၊ ခွင့်ပြုရမည့် လိုင်စင်အမျိုးအစား (၅)မျိုး၊ လုံးခင်း/ဖားကန့်ရတနာ နယ်မြေရှိ တရားမဝင်ကျောက်စိမ်းရိုင်းရှာဖွေမှု ကိစ္စတို့အား အသေးစိတ် ရှင်းလင်းတင်ပြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးနှင့် ဝန်ကြီးဌာန ဥပဒေဆိုင်ရာ အကြံပေးတို့က ဖြည့်စွက်ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းပြီး စုပေါင်း ဦးဆောင်မှုဖြင့် ရည်မှန်းချက် တာဝန်များ အောင်မြင်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အရှိန်အဟုန်မပျက် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး အတွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း(IEE)၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ်(EMP)၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း(EIA)များ စနစ်တကျရေးဆွဲပြီး တိကျစွာ လိုက်နာဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ လုပ်ငန်းဌာန အချင်းချင်း လုပ်ငန်းကြန့်ကြာမှု မရှိစေဘဲ အောင်မြင်စေရေး စေတနာဖြင့် အပြန်အလှန်ကူညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် လုပ်ငန်းဌာနအားလုံး မြန်မြန်ဆန်ဆန် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးဇော်က အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် ခန့်အပ်ထားရှိပြီးသော ဝန်ထမ်းအင်အား အခြေအနေ၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများ (Production Sharing Contract-PSC) (ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်း သဘောတူစာချုပ်) စနစ်ဖြင့် ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ရွှေသတ္တု၊ ခဲမဖြူသတ္တု၊ အဖြိုက်နက်သတ္တု လုပ်ကွက်တို့၏ ထုတ်လုပ်မှု လျာထားချက်၊ အကောင် အထည်ဖော် ဆောင်ရွက်ထားရှိနိုင်မှု အခြေအနေများနှင့် ဓာတ်သတ္တုခွန်နှင့် ဌာနအချိုးရရှိမှု၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၏ ဝင်ငွေလျာထားချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)