၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပေးလိုက်သော လွှတ်တော်အသီးသီးနှင့်အစိုးရတို့ ပေါ်ပေါက်လာခဲ့သည်။ အဆိုပါရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း၏ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းက လွတ်လပ်သော သဘောဆန္ဒများအလျောက် မဲရုံများသို့ သွားရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။
ဆိုရလျှင် ရွေးကောက်ပွဲနှင့်တကွ ရွေးကောက်ပွဲတွင် ပါဝင်ကူညီသူ၊ မဲပေးမည့်သူများမှာ အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်သမားများက ပြင်းထန်စွာ ခြိမ်းခြောက်မှုများကြားမှ မဲပေးခဲ့ကြခြင်းပင်ဖြစ်သည်။ ၂၀၂၅ ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်အများစု၏ အဓိကမျှော်လင့်ချက်ဆန္ဒမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ရွေးကောက်ပွဲမှပေါ်ထွန်းလာသည့် လွှတ်တော်နှင့်အစိုးရသစ်တို့ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြန်လည်ရောက်ရှိလာနေပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးယန္တရားတို့လည်ပတ်မှုများ စတင်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုများမှာ မိတ်ဆွေနိုင်ငံများ၏ အားပေးထောက်ခံမှု၊ အသိအမှတ်ပြုမှုတို့ရရှိစေကာမူ ကုလသမဂ္ဂတာဝန်ရှိသူအချို့က လျစ်လျူရှုမှု၊ တစ်ဖက်စောင်းနင်းပြုမှုတို့ကို တရားသေဆက်လက်စွဲကိုင်ထားဆဲဖြစ်သည်ကို တွေ့ရသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ အလွတ်သဘောရှင်းလင်းမှု (Informal Briefing) ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအပေါ် မမှန်မကန်အချက်အလက်များ၊ အတည်ပြု၍မရသော ကိန်းဂဏန်းစာရင်းဇယားများကိုအခြေပြု၍ တစ်ဖက်စောင်းနင်းစွပ်စွဲမှုများဖြင့် တင်ပြသွားခဲ့သည်။
၎င်း၏ တင်ပြချက်များတွင် မြန်မာနိုင်ငံအား ဆိုက်ဘာရာဇဝတ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှုဒဏ် အဆိုးရွားဆုံးခံစားနေရသည့် ဆဋ္ဌမမြောက်နေရာအဖြစ်လည်းကောင်း၊ အကြမ်းဖက်မှုများအပေါ် စစ်ရေးအရတုံ့ပြန်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူများ အရေအတွက်မြင့်မားနေသည်ဟူ၍လည်းကောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ စွပ်စွဲချက်များကိုလည်းကောင်း အခြေအမြစ်ကင်းမဲ့စွာ တင်ပြပြောကြားသွားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုသူ၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အလွတ်သဘော ရှင်းလင်းတင်ပြချက်များမှာ ပုံပျက်ပန်းပျက်ဖြစ်နေသည့် အချက်အလက်များ၊ ဖောင်းပွနေသည့် ကိန်းဂဏန်းများ၊ အမှန်နှင့်ဝေးကွာနေသည့် စွပ်စွဲချက်များ၊ အတည်ပြု၍မရသော အကြောင်းအရာများနှင့် တန်ဆာဆင်ထားခြင်းသာဖြစ်ပြီး နားထောင်ခဲ့ရသူ နိုင်ငံတကာကိုယ်စားလှယ်များအဖို့ မြန်မာနိုင်ငံအပေါ် အလွန်တရာဆိုးရွားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ချက်ချရုံမှတစ်ပါး အခြားမရှိဖြစ်စေမည့် တင်ပြချက်များသာဖြစ်သည်။ မြန်မာနိုင်ငံအတွက်လည်း အကျိုးယုတ်စေဦးမည်ဖြစ်သည်။
အွန်လိုင်းရာဇဝတ်ဂိုဏ်းများနှင့် ၎င်းတို့၏လုပ်ငန်းများသည် မြန်မာနိုင်ငံ၏နယ်စပ်မျဉ်းများအနီး လက်နက်ကိုင်သောင်းကျန်းသူအချို့ စိုးမိုးလှုပ်ရှားရာနယ်မြေများနှင့် လူသူဝေးသည့် တောတောင်ဒေသများတွင် လှည့်ပတ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါအွန်လိုင်းရာဇဝတ်ဂိုဏ်းများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ မြေလှန်တိုက်ဖျက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုဒဏ် အဆိုးရွားဆုံးခံစားနေရသည့် ဆဋ္ဌမမြောက်နေရာဟူသော စွပ်စွဲချက်မှာလည်း လက်နက်ကိုင်ပဋိပက္ခဆိုးရွားသည့်ဒေသများမှာပင် စွပ်စွဲသလိုဆိုးရွားခြင်းမရှိဘဲ စားသောက်နေထိုင်နိုင်ကြသည်။ ကျန်နေရာများတွင်မူ စိုက်သမျှအပင်ပေါက်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံမျှမက ပြည်ပသို့တင်ပို့နေသည့်နိုင်ငံဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများအပေါ် စစ်ရေးအရ တုံ့ပြန်မှုများမှာလည်း တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းနှင့်အညီ တာဝန်များကို ထမ်းဆောင်နေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူများ အရေအတွက်နှင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု စသည်တို့မှာလည်း ချဲ့ကားထားသည့်စာရင်းများနှင့် အခြေအမြစ်မဲ့သော စွပ်စွဲချက်များသာလျှင်ဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် မူလရည်ရွယ်ချက်များ၊ အခြေခံမူများကို မမေ့မလျော့ရန်၊ နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တန်းတူရည်တူရှိမှုတို့ကို လေးစားရန်လိုအပ်မည်ဖြစ်သည့်အကြောင်း။ ။
