ရန်ကုန် ဇွန် ၂၉
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအလှအပများနှင့် ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုသိရှိလာစေရန်ရည်ရွယ်၍ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲတစ်ခုကျင်းပသွားမည်ဖြစ်ပြီး ပထမဆုကို ငွေကျပ် ၁၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံရှိ စိတ်ဝင်စားဖွယ်ခရီးစဉ်ဒေသများ၊ ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့်ပွဲတော်များကို ပြည်ပခရီးသွားများပိုမိုသိရှိပြီး လာရောက်လည်ပတ်ရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲဝင် ဗီဒီယိုများကို ဇွန် ၂၉ ရက်မှစတင်ပေးပို့နိုင်ပြီး ဩဂုတ် ၂၁ ရက် ညနေ ၃ နာရီ နောက်ဆုံးထား၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲ၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်သို့ပေးပို့ရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ဗီဒီယိုများကို စက်တင်ဘာ ၂၇ ရက်တွင် နေပြည်တော်၌ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားတွင် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၂ သိန်း၊ တတိယဆု ငွေကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆု ငါးဆုအတွက် တစ်ဆုလျှင် ငွေကျပ် သုံးသိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
TWA
