Skip to main content

ခေတ်မီနည်းပညာပြောင်းလဲအသုံးပြု တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်

MSME လုပ်ငန်းများသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်ရုံသာမက ဒေသတွင်းစီးပွားရေးလည်ပတ်မှုကိုလည်း ပိုမိုအားကောင်းစေပြီး ပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနေသည့် လုပ်ငန်းများဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME ကုန်ထုတ်လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမောင်းနှင်ပေးသည့် အင်အားတစ်ရပ်အဖြစ် စွမ်းဆောင်ပေးလျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် “မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံပြီး လုပ်ကိုင်နေကြသည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်းရှိ MSME လုပ်ငန်းများအတွက် အလွယ်တကူရရှိနိုင်သည့် သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို အဓိကတွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာမန်လုပ်ရိုးလုပ်စဉ် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို မူလကုန်ကြမ်းအခြေအနေအတိုင်း ရောင်းချမှုအဆင့်မှ ခေတ်မီနည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

MSME ကဏ္ဍသည် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှု စသည့်လုပ်ငန်းများအားလုံး ပါဝင်နေသောကြောင့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏အခြေခံကျောရိုးဖြစ်သည့် MSME ကဏ္ဍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် “စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ကို နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် စတင်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME ကဏ္ဍကို စနစ်တကျဖြင့် ပြောင်မြောက်စွာ တိုးတက်စေချင်သည့် နိုင်ငံတော်၏ မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် သန္နိဋ္ဌာန်ကို ပြသခြင်းပင်ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင်ဖန်တီးပေးမှုအပိုင်း၌ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းနှင့် GDP ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂအချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများဖြစ်နေပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ၇၀ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရသည်။

ထို့ကြောင့် MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ရှုမြင်ပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ အဆင်ပြေချောမွေ့ပြီး MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ချိတ်ဆက်နေသည့် မဏ္ဍိုင်ကြီး (၄) ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်းများ လုပ်ကိုင်ရာ၌လည်း စိန်ခေါ်မှုများစွာရှိသည်။ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်သည့်စနစ်၊ စိတ်တူသဘောတူ သမဝါယမပုံစံဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သောကြောင့် ပြည်တွင်း၌ အလွယ်တကူရရှိနိုင်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အပြည့်အဝ အသုံးချကြရမည်ဖြစ်သည်။ သွင်းအားစုများဖြစ်သည့် စက်သုံးဆီ၊ လျှပ်စစ်မီး၊ ဓာတ်မြေဩဇာနှင့်ကုန်ထုတ်လုပ်မှု စက်ကိရိယာပစ္စည်း အစိတ်အပိုင်းများကို သင့်တော်သည့်နည်းလမ်းများဖြင့် တီထွင်ကြံဆလုပ်ကိုင်ကြရန်လိုသည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှုစရိတ်စကများကို ဖြစ်နိုင်သမျှ လျှော့ချပေးနိုင်ရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်လာရေးအတွက် သက်ဆိုင်ရာဌာနများက ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ နိုင်ငံတကာမှ ထုတ်ကုန်များကဲ့သို့ အရည်အသွေးပြည့်မီနိုင်ရန် သုတေသနပြုလုပ်ကိုင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများအနေဖြင့် အစဉ်အလာမပျက် လုပ်ကိုင်နေသည့် လုပ်ရိုးလုပ်စဉ် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို မူလကုန်ကြမ်း၊ မူလထုတ်ကုန်အတိုင်း ရောင်းချသည့်အဆင့်မှ ခေတ်မီနည်းပညာများကိုအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်နိုင်အောင် နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။