အမြို့မြို့အနယ်နယ်သတင်းများ

May 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာတွင် ယမန်နေ့ ညနေ(၃)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် RC(၁)ထပ် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 11,2024
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လုံးကောက်ကျေးရွာအုပ်စု လုံးကျေးရွာ၊ ခရမ်းကျွမ်းကျေးရွာ၊ ချင်းကုန်းကျေးရွာတို့မှ ဈေးရပ်ကွက် ဓာတ်ပေါင်းစုမြတ်စွယ်တော်ဓမ္မာရုံသို့ ယာယီခိုလှုံရန်အတွက်ပြောင်းရွှေ့လာသည့် ယာယီနေရပ်စွန့်ခွာသူများ စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေကို ယနေ့နံနက်(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်သည်။
May 11,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မီးမတော်တဆမှုများနှင့် ပတ်သတ်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် မီးလောင်မှု၊ မီးလှန့်မှုဖြစ်ပွားလာပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်မောက် မြို့မရဲစခန်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
May 11,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကန်ကြီးပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်းရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
May 11,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများမှ (၂၀၂၅)ခုနှစ် နှစ်ကုန်တွင် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ (တတိယအကြိမ်မူကြမ်း) ပေးပို့ရာတွင် မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်၌ ကွန်ပျူတာများဖြင့် e-ID Main Server အတွင်း စိစစ်ဆောင်ရွက်လျက်ရှိသည်။
May 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့သမိုင်းဝင်နောင်နင်းရေထွက် တွင်ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါနောင်နင်းရေထွက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
May 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ပြုလုပ်သည်။