တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

တောင်ကြီး မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ပြုလုပ်သည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပ‌‌ဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျောင်းတွင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများဆယ်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြကြောင်းနှင့် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်နိုင်လင်း