ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရတနာနှင်းဆီစုပေါင်းအိမ်ယာတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက် လေ့ကျင့်မှု (Fire Drill)အခမ်းအနား ကျင်းပ

ရန်ကုန် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၀)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီ စုပေါင်းအိမ်ယာတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက် လေ့ကျင့်မှု (Fire Drill)အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရတနာနှင်းဆီအိမ်ယာ အရောင်းပြခန်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဝင်းမှ မီးဘေးအန္တရာယ် ကျရောက်လာပါက အိမ်ယာနေ ပြည်သူလူထုအနေဖြင့် မိမိတို့အိမ်ယာတွင် တပ်ဆင်ထားသော မီးသတ်ဆေးဗူးများဖြင့် အရေးပေါ် မီးငြိမ်းသတ်နိုင်ရေး လေ့ကျင့်ပေးခြင်း၊ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်ရွယ်၍ ယခုလိုဟောပြောပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရတနာနှင်းဆီအိမ်ယာ စီမံခန့်ခွဲရေးရုံး တာဝန်ရှိသူ(၁)ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုကြီးမှ ရတနာနှင်းဆီစုပေါင်းအိမ်ယာတွင် နေထိုင်သည့် ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောခဲ့ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးညီညီထွန်းမှ ရတနာနှင်းဆီစုပေါင်းအိမ်ယာရှိ ပြည်သူများအား မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြား၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနနှင့် အိမ်ယာစီမံခန့်ခွဲမှုကော်မတီရုံး၊ အိမ်ယာနေပြည်သူများ စုပေါင်း၍ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)