ကန်ကြီးထောင့်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် RC(၁)ထပ် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးမှုဖြစ်ပွား

ကန်ကြီးထောင့်   မေ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာတွင် ယမန်နေ့ ညနေ(၃)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် RC(၁)ထပ် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းလေဗွေတိုက်ခတ်မှု‌ကြောင့် ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ရှိ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့သော အလျား(၉၀)ပေ၊ အနံ(၃၀)ပေရှိသော Rcတစ်ထပ်ကျောင်းဆောင် အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီးကျောင်းဆောင်၏ အမိုးတွင်အသုံးပြုထားသော သံဟော်လို ဒိုင်း၊ ကျား၊ မြှားများနှင့် သွပ်များ အတွဲလိုက် မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး လူနှင့်တိရစ္ဆာန်များအား ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

အဆိုပါ Rc တစ်ထပ်ကျောင်းဆောင် အမိုးလန်ပျက်စီးမှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)