Skip to main content

နိုင်ငံအတွက် အကျိုးများစွာရှိသည့် စက်သုံးဆီချွေတာရေးတွင်ပါဝင်

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများနှင့် အရှေ့အလယ် ပိုင်းပဋိပက္ခများကြောင့် လက်ရှိကာလတွင် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး စက်သုံးဆီပြတ်လပ်မှုများနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအခြေအနေများကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း စက်သုံးဆီနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများသွားလာဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် စက်သုံးဆီအခက်အခဲများမဖြစ်ပေါ်စေရန် အစီအမံများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ယနေ့ကာလတွင် စက်သုံးဆီနှင့်ပတ်သက်၍ အခက်အခဲများမရှိဘဲ အားလုံးအဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ကြပြီဖြစ်သည်။

စက်သုံးဆီအမျိုးမျိုးကို အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် နိုင်ငံတော်အတွက် အဘက်ဘက်၌ ပိုမိုကောင်းမွန်လာစေရေးအတွက် စက်သုံးဆီခြိုးခြံချွေတာ ရေးအစီအမံများကို ချမှတ်ဆောင်ရွက်ခဲ့ရာတွင် မော်တော်ယာဉ်အသုံးပြုသူများအနေဖြင့် အခက်အခဲကြီးကြီးမားမားမရှိဘဲ သင့်တင့်လျောက်ပတ်လျော်ကန်သည့် အခြေအနေတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။ သို့သော် မော်တော်ယာဉ်များ စုံရက်၊ မရက်သတ်မှတ်ပြီး မောင်းနှင်စေခြင်းကြောင့် မော်တော်ယာဉ်သုံးစွဲသူအချို့ အခက်အခဲရှိကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်၍ လွှတ်တော်တွင် တင်ပြဆွေးနွေးမှုများရှိခဲ့သည်။ ချမှတ်ဆောင်ရွက်လျက်ရှိသော စက်သုံးဆီမူဝါဒသည် နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒဖြစ်၍ လိုက်ပါဆောင်ရွက်ကြရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် “စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မော်တော်ယာဉ်များကို စုံရက်၊ မရက်သတ်မှတ်ပြီး မောင်းနှင်စေခြင်း၊ ဗုဒ္ဓဟူးနေ့တွင် Work from Home ဆောင်ရွက်စေခြင်းတို့ဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ခဲ့ကြောင်း၊ ထိုသို့လျှော့ချနိုင်သည့်အတွက် တစ်ရက်လျှင် စက်သုံးဆီ ဂါလန် ၁ ဒသမ ၂ သန်း သက်သာစေခဲ့သည့်အတွက် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ခုနစ်သန်း၊ တစ်လ လျှင် ဒေါ်လာသန်း ၂၁၀ သက်သာခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်းအမေရိကန် ဒေါ်လာသန်း ၁၀၀၀ ကျော် သက်သာစေခဲ့ကြောင်း၊ ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုသည် ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။ အရှေ့အလယ် ပိုင်းပဋိပက္ခဖြစ်ပွားနေချိန်တွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများနှင့် စက်သုံးဆီပြတ်လပ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ ၂၀၂၄ ခုနှစ်တွင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာဝန်းကျင်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇၂ ဒေါ်လာဝန်းကျင်ရှိခဲ့သည်။ ၂၀၂၆ ခုနှစ်နောက်ပိုင်း အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားလာသည့်အခါတွင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၆ ဒေါ်လာအထိ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် စက်သုံးဆီအပေါ် မှီခိုနေရသည့် စီးပွားရေးလုပ်ငန်းများအားလုံး၏ ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်မားလာခဲ့သလို လူမှုစီးပွားဘဝများတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမှုနှင့်အတူ ပြည်သူများကြားတွင်လည်း မော်တော်ယာဉ်သုံးစွဲမှုများ များပြားလာခဲ့သည်။ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုထားပြီး မော်တော်ယာဉ်အရေအတွက်မှာလည်း သိန်းပေါင်းများစွာတိုးတက်များပြားလာသည်။ မြန်မာနိုင်ငံအနေဖြင့် အသုံးပြုနေသော မော်တော်ယာဉ်များ အားလုံးနှင့် အခြားလူမှုစီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်တန်ဖိုးရှိသည့် စက်သုံးဆီအမျိုးမျိုးကို ပြည်ပမှ တင်သွင်းနေရသည်။ ငါးဘီလီယံခန့်တန်ဖိုးကို နိုင်ငံတော်က ထုတ်နုတ်အသုံးပြုရသဖြင့် နိုင်ငံခြားငွေ အခက်အခဲဖြစ်ပေါ်စေသည်။ အဆိုပါအခက်အခဲကို ကျော်လွှားနိုင်ရန် စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ မျက်မှောက်ကာလတွင်ဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် ပြတ်လပ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်နှင့် အများပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် စက်သုံးဆီအသုံးပြုမှုနှင့်ပတ်သက်၍ အမျိုးသားရေးမူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်ခြင်းသည် လျော်ကန်သင့်မြတ်သည့်အစီအမံဖြစ်သည့်အပြင် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို များစွာအကျိုးပြုသဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအစီအစဉ်များတွင် ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။