Skip to main content

ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ  ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၅

ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေ အနေများ အပတ်စဉ် တင်ပြ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က  မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊  နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူ များဖြစ်သည့် အပြင် သေဆုံးသူ အများ စုသည် အသက်အရွယ်ကြီးသူအမျိုးသားများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ နာတာရှည်ရောဂါ အခံရှိ သူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ တစ်ဆင့် ရောဂါကူးစက်ခံရနေမှုများကို တွေ့ရှိရပါကြောင်း။

ထိုသို့ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများ နှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်း၊ အချိန်ခြား၍ စားသောက်ခြင်းနှင့် ဖြစ်နိုင်ပါက သီးခြား အိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် မြို့နယ်၊ ရပ်ကွက်များတွင် လက်ကိုင်အသံချဲ့စက်များ အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုပါကြောင်း၊ အသိပေးနှိုးဆော်မှုများအပြင် အသွားအလာ ကန့်သတ်ရာနေရာ (quarantine site) များ၊ လတ်တလော အနံ့ပျောက် လက္ခဏာရှိသူများ ထားရှိရာ စင်တာများ၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသမှုဌာနများတွင် ရောက်ရှိနေ သည့် မကူးစက်တတ်သော ရောဂါအခံရှိ သူများတွင် သောက်လက်စဆေးဝါးများ မပြတ်လပ်စေရေး အတွက် မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းတို့ အားလည်း အခြားရောဂါအခံ မရှိသူများနှင့် ကွဲပြားရန်နှင့် မြင်သာစေရန် တစ်နည်းနည်းဖြင့် အမှတ်အသား ပြုလုပ်ကာ ၎င်းတို့ကို ရောဂါအခြေအနေကို အထူးစောင့်ကြပ်ကြည့်ရှု ရမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနမှ မကူးစက်တတ်သောရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲမှ အဆိုပါစင်တာများနှင့် ဆေးရုံများသို့ ဆေးဝါးများ ဖြန့်ဝေထားသည်ဆိုသော်လည်း ရောက်ရှိမှု ရှိ၊ မရှိနှင့် ရောက်ရှိပါကလည်း ၎င်းလူနာများ သောက်သုံးမှု ရှိ၊ မရှိ အခြေအနေကိုလည်း ဆန်းစစ်သုံးသပ်ကာ လိုအပ်သလို ဆက်လက် ဆောင်ရွက် စေလိုပါကြောင်း၊ အခြားနိုင်ငံများတွင် ကိုဗစ်-၁၉ နှင့် နာတာရှည် ရောဂါအခံတို့ ဆက်စပ် သေဆုံးမှု အခြေအနေများ ကိုလည်းကောင်း၊ ကုသမှုကုထုံးများ ကိုလည်းကောင်း လေ့လာ ဆန်းစစ် သုံးသပ်စေလိုပါကြောင်း။

ယခုအချိန်၌ အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလော အနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာ စင်တာများနှင့် ဆေးရုံသို့ ရောက်ရှိလာသူများ နည်းပါးလာစေရေးနှင့် ကူးစက်ပျံ့နှံ့မှုကျဆင်း စေရန်အတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများအနက် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှု များပင်ဖြစ်သဖြင့် ဤကိစ္စအား ပိုမိုအားဖြည့် ဆောင်ရွက်စေလိုပါကြောင်း၊ အသွားအလာကန့်သတ်ထား ရာနေရာ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာ များ၊ ဆေးရုံ များနှင့် ကိုဗစ်-၁၉ ကုသရေး ဌာနများ၌  လူနာများအား ခုတင်နေရာချကာ စနစ်တကျ ထားရှိနိုင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် နေ့စဉ်ဆွေးနွေးလုပ်ဆောင်နေသည့် အဖွဲ့များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါနေရာများ၌ လူနာများဆိုင်ရာ သတင်းအချက်အလက်များကို ပြုစုရာတွင်လည်း လွယ်ကူလျင်မြန် ရိုးရှင်းသည့် ပုံစံများဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊ ယင်းမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကိုလည်း ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်သုံးသပ်လျက်ရှိပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ဓာတ်ခွဲ ခန်းများတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကို သဘောတူပါ သဖြင့် ဆက်လက်၍ အသေးစိတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုတင်ပြဆွေးနွေးရာတွင် လက်ရှိ အခြေအနေ အရပ်ရပ်အား ခြုံငုံသုံးသပ်မှုများနှင့် လိုအပ်ချက်များအား ရှင်းလင်းစွာဖြင့် တင်ပြကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်-၁၉ လူနာများကုသမှုပေးနေသည့် ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများအလိုက် စောင့်ကြည့် လူနာခုတင်များ၊ ကိုဗစ်-၁၉ လူနာခုတင်၊ အောက်ဆီဂျင်ပေးကုသမှုဆောင်ရွက်နိုင်သည့် လူနာခုတင်များ၊ အထူး ကြပ်မတ် ကုသဆောင်များ အရေအတွက်၊ လက်ရှိ တက်ရောက် ကုသမှုခံယူနေသည့် အရေအတွက်နှင့် လူနာများကုသရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာ တိုးသီရိအောင် က  ဓာတ်ခွဲစစ်ဆေးမှုနှင့် ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိမှု အခြေအနေများ၊ အသွားအလာ ကန့်သတ် ထားရှိမှု အခြေအနေများနှင့် ပြည်သူ့ကျန်းမာ ရေးနှင့် ကပ်ရောဂါဗေဒ ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုချက်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (ကျန်းမာရေး အသိပညာမြှင့်တင် ရေး) ဒေါက်တာသန်းနိုင်စိုးက ရပ်ကွက်များနှင့် ဈေးများ၌ ရပ်ကွက်တွင် နေထိုင်သူများကလည်း ကောင်း၊ ဈေးများတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများက လည်းကောင်း အသံချဲ့စက် ငယ်များဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခြင်း၊ အချင်းချင်း အသိ ပညာပေးနှိုးဆော်ခြင်း(peer education) ပုံစံဖြင့် ဆောင်ရွက်သွားရန် အကြံပြုချက် နှင့် ထိုသို့ အသိပညာ ပေးရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာအချက် အလက်များ ကို လွယ်ကူရိုးရှင်းစေရေး မွမ်းမံ ပြင်ဆင် ထားရှိမှုများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က  အကျဉ်းထောင်နှင့် အချုပ်ထောင်အချို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှု အခြေအနေနှင့် အကျဉ်း ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း တင်ပြကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဈေးများတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာန များရှိ ကျန်းမာရေးဌာနများ ပါဝင်ဆောင်ရွက်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်သွားရေးကိုလည်း ကောင်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါ က်တာသက်ခိုင်ဝင်းက ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်ခြင်းနှင့် ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသမှု  ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း တင်ပြကြသည်။

ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆုံးဖြတ်ဖြည့်ဆည်း မှုများ ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုအချိန်၌ ကိုဗစ်-၁၉ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက် နိုင်ရန် အဓိကဆောင်ရွက်ရမည့်အချက်မှာ မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းနည်းဗျူဟာများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးပါဝင် မှုများဖြင့် အထူးအားဖြည့် ဆောင်ရွက်ရမည့် အချက်ဖြစ်ပါကြောင်း၊ လက်ကိုင်အသံချဲ့စက်များ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၌ ရပ်ကွက်သူ/ သားများ၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ စက်ရုံ/ အလုပ်ရုံအလုပ်သမားများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်စေခြင်းဖြင့် လည်းကောင်း၊  မိမိနေအိမ်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများက အချင်းချင်း ကျန်းမာရေး အသိ ပညာများ မျှဝေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင် မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှု မများပြားသေးသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့်လည်း မိမိတိုင်း ဒေသကြီး/ ပြည်နယ်များ၌ ဖြစ်တော့မည်ဟူသောပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတစေတနာရှင်များနှင့် ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက် စေလိုပါကြောင်း၊ လိုအပ်သည်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 (သတင်းစဉ်)