နေပြည်တော် ဩဂုတ် ၂၂
မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Navy Chiefs’ Meeting – 19th ANCM) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၁ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၉) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး တက်ရောက်ခြင်း၊ အာဆီယံရေတပ် ဦးစီးချုပ်များအား သီးခြားစီတွေ့ဆုံခြင်းနှင့် အာဆီယံရေတပ်စစ်ရေယာဉ်များပြပွဲသို့ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(၁၉) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Navy Chiefs’ Meeting – 19th ANCM) ကို ဩဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိ မလေးရှားနိုင်ငံ ပီနန်မြို့၌ပြုလုပ်ရာ (အပေါ်ယာပုံ) ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တက်ရောက်သည်။ ဦးစွာ မလေးရှား ကာကွယ်ရေးဝန်ကြီး Mohamed Khaled Nordin မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် ယခငနှစ် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးမှတ်တမ်းအား အတည်ပြုသည်။ ဆက်လက်၍ ANCM အမြဲတမ်းပူးတွဲအတွင်းဝန်က ဒေသတွင်းပင်လယ်ရေကြောင်းလုံခြုံရေး အခြေအနေများအား အကျဉ်းချုပ်တင်ပြဆွေးနွေးကြသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ်များက အာဆီယံပင်လယ်ရေကြောင်း လုံခြုံရေးကို ပိုမိုခိုင်မာစေရန် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ပေါင်းစပ်၍ အာဆီယံရေတပ် များ၏ စည်းလုံးညီညွတ်မှုကို တိုးမြှင့် ဆောင်ရွက်ကြပါစို့ (Advancing the ASEAN Navies’ Unity-Synergising Innovation and Technology in Strengthening ASEAN Maritime Security) ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ညီညွတ်မှုနှင့်ယုံကြည်မှု၏ တည်တံ့ခိုင်မြဲသောအရေးပါမှု၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကို လက်တွေ့ကျကျအသုံးချမှု၊ ပင်လယ်ရေကြောင်း လုံခြုံရေးတိုးမြှင့်ရန် လက်တွေ့ကျသောလုပ်ဆောင်မှုများကို ဆွေးနွေးခဲ့သည်။ ယင်းနောက် သတင်းအချက်အလက်မျှဝေခြင်း၊ ဆွေးနွေးဖလှယ်ခြင်းအစီအစဉ်များနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် ANCM အစီအစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် သဘာပတိ မလေးရှားရေတပ်ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အစည်းအဝေးအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) သည် မလေးရှားရေတပ်ဦးစီးချုပ်၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားရေတပ်ဦးစီးချုပ်နှင့် လာအိုကြည်းတပ်၊ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲတို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေတပ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
မလေးရှားနိုင်ငံ ပီနန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း အာဆီယံရေတပ်ဦးစီးချုပ်များနှင့် အဖွဲ့သည် ဩဂုတ် ၂၀ ရက် တွင် ပီနန်တောင်၌ သဘာဝရှုခင်းလေ့လာရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အတွက် နိုင်ငံအလိုက် အမှတ်တရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ညပိုင်းတွင် မလေးရှားရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့သည်။ ထို့အပြင် ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် အာဆီယံရေတပ်စစ်ရေယာဉ်များပြပွဲကို ပီနန်ပြည်နယ်ဘုရင်ခံ၊ အာဆီယံရေတပ်ဦးစီးချုပ်များ၊ မလေးရှားတပ်မတော်မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
အလားတူ (၃)ကြိမ်မြောက် အာဆီယံရေတပ်များ ပူးပေါင်းလေ့ကျင့်ခန်း (3rd ASEAN Multilateral Naval Exercise) နှင့် အာဆီယံရေတပ်စစ်ရေယာဉ်များပြပွဲသို့ တက်ရောက်ရန် တပ်မတော် (ရေ) မှ စစ်ရေယာဉ် (ဆင်ဖြူရှင်) နှင့် အာဆီယံရေတပ်များမှ စစ်ရေယာဉ်များသည် ဩဂုတ် ၁၅ ရက်တွင် မလေးရှားနိုင်ငံ ပီနန်မြို့သို့ ရောက်ရှိလာကြပြီး အဆိုပါလေ့ကျင့်ခန်းအတွင်း စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် လေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ ညအချိန် ၂၁ ကီလိုမီတာ တာဝေးအပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အာဆီယံရေတပ်များ စစ်ရေးပြအခမ်းအနား၌ ပါဝင်ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များသို့ သွားရောက်လေ့လာခြင်း၊ ပီနန်ကမ်းခြေ၌ ကျင်းပသော ရိုးရာယဉ်ကျေးမှုကပွဲအခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေခြင်း၊ မလေးရှား ရေတပ်ပြပွဲ၊ နေဝင်ဆည်းဆာပြပွဲ၊ မလေးရှားရိုးရာနှင့် အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုကပြဖျော်ဖြေပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များနှင့်ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။ အဆိုပါ (၃) ကြိမ်မြောက် အာဆီယံရေတပ်များ ပူးပေါင်းလေ့ကျင့်ခန်း (3rd AMNEX) ကို ဩဂုတ် ၁၅ ရက်မှ ၂၂ ရက် အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ် (ဆင်ဖြူရှင်) အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံမှ စစ်ရေယာဉ် ၁၀ စင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်