စာတည်းထံပေးစာ
စာတည်းခင်ဗျား -
ကျွန်တော်သည် ကယားပြည်နယ်လွိုင်ကော်မြို့မှ ဒေသခံပြည်သူတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့ ကယားပြည်နယ်သည် ဆယ်စုနှစ်များစွာ တည်ငြိမ်အေးချမ်းခဲ့သော ပြည်နယ်တစ်ခု ဖြစ်ခဲ့ပါသည်။ ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့သော်လည်း တပ်မတော်အစိုးရလက်ထက်တွင် လမ်း၊ တံတားများစွာ တည်ဆောက်ဖောက်လုပ်ပေးခဲ့ရုံမက တက္ကသိုလ်များ၊ ဆေးရုံများ၊ ဆည်မြောင်းတာတမံများကို တည်ဆောက်ပေးခဲ့၍ ဒေသ၏လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ဒေသခံပြည်သူများအနေဖြင့်လည်း မချမ်းသာသည့်တိုင် ငြိမ်းချမ်းမှုရှိ၍ အေးချမ်းပျော်ရွှင်ခဲ့ကြရပါသည်။
သို့ရာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးအကြောင်းပြ၍ မြို့ရွာများအတွင်း တိုက်ကွက်ဖော်ကာ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လာခဲ့ကြပါသည်။
ကနဦးကာလတွင် မသိနားမလည်သူ တိုင်းရင်းသားပြည်သူအချို့က အကြမ်းဖက်သောင်းကျန်းသူများ၏ အလိမ်အညာစကားများကို နားယောင်ကာ ဒီကနေ့ပဲ သူတို့ပြောသည့် ဒီမိုကရေစီရတော့မလိုလို၊ ဖက်ဒရယ်ရတော့မလိုလို၊ နေ့ချင်းညချင်း ကြီးပွားချမ်းသာတော့မလိုလို ထင်ယောင်ထင်မှားဖြင့် မျှော်လင့်ခဲ့ကြပါသည်။
သို့သော် “ချောင်းကိုပစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့ပါ” ဆိုတဲ့ ဗမာစကားပုံအတိုင်း အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်တို့အားလုံး သိမြင်သဘောပေါက် နားလည်လာခဲ့ကြပါသည်။
အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်တက္ကသိုလ်အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ ဈေးများမကျန် အကာအကွယ်ယူ တိုက်ခိုက်ခဲ့ကြရုံမက မီးရှို့ဖျက်ဆီးခြင်း၊ အနီးပတ်ဝန်းကျင်ရှိပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့ကြရာမှ ယခင်က အေးချမ်းသာယာခဲ့သည့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများသည် စစ်တလင်းဖြစ်ခဲ့ရပြီး မြို့ပျက်၊ ရွာပျက်တစပြင်ပမာ ပျက်စီးခြင်းမက ပျက်စီးခဲ့ရပါသည်။ ဒေသခံပြည်သူများစွာတို့မှာလည်း ကိုယ့်ရပ်ကိုယ့်ရွာဇာတိမြေကို စွန့်ခွာ၍ စစ်ဘေးရှောင်ခဲ့ကြရပါသည်။
လက်ရှိမှာတော့ တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူများကို ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လွိုင်ကော်မြို့အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည့် မြို့ရွာများအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။
ဒေသခံပြည်သူများအနေဖြင့်လည်း ယခုမှစိတ်အေးချမ်းသာ ရလာခဲ့ကြပါသည်။ စစ်ဘေးရှောင်ဒေသခံအချို့မှာလည်း ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရတော့မည်ဖြစ်၍ ဝမ်းသာနေကြပါသည်။ ယခင်က အကြမ်းဖက်သောင်းကျန်းသူများ၏ အလိမ်အညာစကားများကို နားယောင်ခဲ့ကြသူအချို့လည်း နိုင်ငံတော်နှင့် တပ်မတော်တို့၏ သဘောထားအမှန်နှင့် စေတနာမှန်ကို နားလည်လာပြီး တပ်မတော်ကြီးကို ကြိုဆိုထောက်ခံလာခဲ့ကြပါသည်။
သို့ရာတွင် MNDAA နှင့် TNLA တို့၏ တစ်ကျော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လားရှိုးမြို့အပါအဝင် နယ်မြေဒေသအချို့တွင် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေသေးသည်ကို တွေ့မြင်ရပါသည်။ ဘဝတူချင်းမို့ များစွာကိုယ်ချင်း စာနာမိပါသည်။
အမှန်တကယ်အားဖြင့် သောင်းကျန်းသူအဖွဲ့အစည်းများက ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်အရေးဟု နှုတ်ကတဖွဖွ ပြောဆိုနေကြသော်လည်း စစ်ဘုရင်ဝါဒကိုလက်ကိုင်ပြုသူများသာ ဖြစ်ပါသည်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မျက်ကွယ်ပြုခဲ့ကြပါသည်။ ဒီမိုကရေစီအစိုးရ၊ လူထုအစိုးရပါဟု ဆိုသည့် ပြီးခဲ့သည့် ငါးနှစ်တာကာလတွင်လည်း NCA ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းအမျိုးမျိုးပြပြီး ကျောခိုင်းသူက ကျောခိုင်း၊ နိုင်ငံရေးကစားကွက် ခင်းသူကခင်း၊ အခြေအနေကို စောင့်ကြည့်သူကကြည့်ဖြင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များနှင့်ထပ်၍ နိုင်ငံရေးကစားခဲ့ကြပါသည်။ နိုင်ငံတော်ကြီး အခက်အခဲဖြစ်ပေါ်သည့်အခါ၌မူ မူလစစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းလာခဲ့ကြပါသည်။
သို့ဖြစ်၍ တိုင်းရင်းသားပြည်သူအပေါင်းက တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို နားလည်သဘောပေါက်ပြီး ငြိမ်းချမ်းရေးကို ကျောခိုင်းသူ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းမှန်သမျှနှင့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင် ကန့်ကွက်ရှုတ်ချရုံမက နိုင်ငံတော်နှင့် တပ်မတော်တို့နှင့်အတူ ပူးပေါင်းလက်တွဲ၍ အမြစ်ဖြတ်ရှင်းလင်း ဖယ်ရှားကြရန် စာတည်းထံပေးစာမှ တစ်ဆင့် တင်ပြလိုက်ရပါသည်။
ဒေသခံပြည်သူတစ်ဦး