နေပြည်တော် စက်တင်ဘာ ၂၉
နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များအကြောင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်သွင်းကုန်ရုံး ညီလာခံခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ယခုဖွင့်လှစ်ပို့ချမည့် သင်တန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆောင်ရွက်ရာတွင် ရနောင်း - ကော့သောင်း- ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်း မှုမှန်ကန်မြန်ဆန်စေရေး၊ တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်စေရေး၊ ကုန်သည်လုပ်ငန်းရှင်များ၏ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးသင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း။
စိတ်ပါဝင်စားစွာလေ့လာ
သင်ကြားပို့ချမည့် ဘာသာရပ်များအား မိမိတို့ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနှင့် ဆက်နွှယ်နေသော အခြားဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် ပြင်ပဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်များက လုပ်ငန်းနယ်ပယ်များရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို အလေးထားသင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ပို့ချမှုများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များအကြောင်း သင်တန်းကို ငါးရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၅၆ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်