Skip to main content

သဘာဝဘေးအန္တရာယ်များလျှော့ချရေး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေး

ပြီးခဲ့သည့် ရက်သတ္တပတ်က တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” တိုက်ခတ်မှုနှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်တို့ တစ်ပြိုင်တည်းဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းများမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့်နှင့် ကြွင်းကျန်လွင့်စဉ်မှု အခြေအနေများကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းတိုက်ရိုက်သက်ရောက်ခဲ့သည့် ဒေသများ၌ နေအိမ်အဆောက်အအုံများနှင့် ပြည်သူများ အတိဒုက္ခရောက်ခဲ့ကြသည်။

အဆိုပါမုန်တိုင်းများ အရှိန်လျော့ပျက်ပြယ်ပြီးသည်နှင့် ထပ်မံ၍ မုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်လာပြန်သည်။ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင် ၅၀ ခန့််နှင့် ဗင့်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့သည်။ အဆိုပါမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်နှုန်းခန့်ဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ စက်တင်ဘာ ၂၉ ရက်တွင် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်သို့လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် လာအိုနိုင်ငံသို့လည်းကောင်း ဖြတ်ကျော်ပြီး မြန်မာနိုင်ငံသို့ လေဖိအားနည်းဆဲလ်အဖြစ် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

ယခုရက်သတ္တပတ်ကာလများတွင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် အပူပိုင်းမုန်တိုင်းများနှင့် လေဖိအားနည်းရပ်ဝန်းများသည် တစ်ပြိုင်တည်းနှင့် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသဖြင့် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသမှ ပြည်သူများ မုန်တိုင်းအကျိုးသက်ရောက်မှုများကို အနည်းနှင့် အများဆိုသလို ခံစားနေကြရသည်။ အလားတူပင် ကမ္ဘာတစ်ဝန်းရှိ ဒေသများ၌လည်း မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ အအေးလှိုင်းဖြတ်ခြင်းတို့ကို မကြာခဏကြုံတွေ့ခံစားနေကြရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အစွန်းရောက်ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်အခြေအနေများနှင့် ဖြစ်ပေါ်ရသည့်အကြောင်း ရင်းအခြေအနေများကို သိရှိနားလည်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရာစုနှစ်ဦးကာလက နွေ၊ မိုး၊ ဆောင်းဟူသည့် သူ့သဘာဝအတိုင်း သူ့အချိန်အခါနှင့်သူ ဖြည်းညင်းစွာ ပြောင်းလဲနေသော ပုံမှန်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှ လူသားများ၏ မဆင်မခြင်ပြုမူ ဆောင်ရွက်လုပ်ကိုင်မှုများကြောင့် ကမ္ဘာကြီးကို ပူနွေးလာစေသည့် အစွန်းရောက်ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် ပေါ်ပေါက်လာသည်။ ကမ္ဘာကြီး၏ ပုံမှန်သဘာဝအတိုင်း ဖြည်းညင်းစွာပူနွေးလာမှုနှုန်းသည် လူသားများက ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုထုတ်လွှတ်လာသည်နှင့်အမျှ ကမ္ဘာ့အပူချိန်မြင့်တက်မှုနှုန်းသည် ပိုမိုလျင်မြန်လာပြီး ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်လေ့ရှိသည့် ရာသီဥတုနှင့် မိုးလေဝသအခြေအနေများသည် ကြိုတင်ခန့်မှန်းနိုင်သည့်ပုံစံမှ ကြိုတင်မခန့်မှန်းနိုင်သော အခြေအနေသို့ ပြောင်းလဲသွားသည်။ ဥပမာအားဖြင့် မုတ်သုံရာသီကုန်ဆုံးသွားသည့်ကာလတွင် မိုးသည်းထန်မှုများ ဆက်လက်ဖြစ်ပေါ် နေခြင်းဖြစ်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုများပြားလာသည်နှင့်အတူ ကမ္ဘာကြီးပူနွေးမှုမှာလည်း တစ်နေ့တခြားမြင့်တက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် သဘာဝအတိုင်းတည်ရှိနေသည့် ရေခဲမြစ်များ၊ ရေခဲတောင်များ အရည်ပျော်ကျမှုမြင့်မားလာခြင်း၊ ပုံမှန်အားဖြင့် လည်ပတ်နေသော သမုဒ္ဒရာရေအေးစီးကြောင်းနှင့် ရေနွေးစီးကြောင်းများ ပုံမှန်မဟုတ်တော့ဘဲ ဆန့်ကျင်ဖီလာထူးကဲစွာဖြစ်ပေါ်ခြင်းဖြစ်လာသည်။ မုတ်သုံစနစ်၏ အသက်ဖြစ်သော ကမ္ဘာ့အထက်လေတိုက်နှုန်းပြင်းသည့် ဂျက်လေစီးကြောင်းသည် အာတိတ်ဒေသပူနွေးလာမှုကြောင့် လေစီးကြောင်းပြောင်းပြီး အားပျော့လာသော ဂျက်လေစီးကြောင်းသည် ကာလရှည်ကြာသော အပူလှိုင်း သို့မဟုတ် အအေးလှိုင်းများ၊ ရေလွှမ်းမိုးမှုများ သို့မဟုတ် မိုးခေါင်မှုများဖြစ်နိုင်ပြီး ပြင်းထန်သော ရာသီဥတုအကြိမ်အရေအတွက် တိုးလာနိုင်သည်။

ပစိဖိတ်သမုဒ္ဒရာအီကွေတာရပ်ဝန်းရှိ အယ်လ်နီညိုရေစီးကြောင်းသည် ကမ္ဘာကြီးပူနွေးမှုမြင့်တက်လာသဖြင့် အယ်လ်နီညို/လာနီညာ အစွန်းရောက်ဖြစ်စဉ် များဖြစ်ပေါ်လာသည်။ အမေဇုန်သစ်တောကြီးတွင် မိုးရွာသွန်းမှုလျော့နည်းလာသဖြင့် သစ်တောပြုန်းတီးမှုဖြစ်ပေါ်ပြီး ရာသီဥတုပြောင်းလဲမှုကို ပိုမိုဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံ၏ မုတ်သုံစနစ်အဝင်/အထွက်နှင့် မိုးရွာသွန်းမှုမူမမှန်သည့်ဖြစ်စဉ်မှာ ဂျက်လေစီးကြောင်းပြောင်းလဲမှုကြောင့်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ အကြိမ်ရေခပ်စိပ်စိပ် ဖြစ်ပေါ်လာနေပြီဖြစ်ရာ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို လျှော့ချနိုင်ရေးအတွက် ကမ္ဘာ့လူသားများအားလုံးက သဘာဝပတ်ဝန်းကျင်ကို မဖြစ်မနေဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း။ ။