နေပြည်တော် စက်တင်ဘာ ၂၉
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၁) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသော ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
သင်တန်းသို့ အနယ်နယ်အရပ်ရပ်မှ ဆရာ ဆရာမများ တက်ရောက်ကြသည့်အတွက် အချင်းချင်းအတွေ့အကြုံများ၊ ဗဟုသုတများ အပြန်အလှန် ဖလှယ်ခွင့်ရကြမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်းရနိုင်သမျှ အသိပညာ၊ အတတ်ပညာရပ်များကို လေ့လာသင်ယူကြပြီး အမျိုးသားပညာရည်မြင့်မားရေးဆောင်ရွက်ရာတွင် ပြန်လည်အသုံးချကြရန်နှင့် အနာဂတ်၏ ရင်သွေးများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးအာမခံနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်စေရေး သင်ကြားလေ့ကျင့်ပေးကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၂ ဦး၊ သင်တန်းသူ ၃၇၈ ဦး စုစုပေါင်း ၄၇၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်အတူ ပတ္တမြားခန်းမ၌ အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ်(၁၅)မှ သင်တန်းသား သင်တန်းသူများကို အမှာစကားပြောကြားပြီး တက္ကသိုလ်စစ်ရေးပြကွင်း၌ သင်တန်းသား သင်တန်းသူများ၏ လက်နက်ဖြင့်၊ လက်နက်မဲ့စစ်ရေးပြလေ့ကျင့်နေမှု၊ တက္ကသိုလ်တွင်း သင်တန်းရိက္ခာအတွက် မွေးမြူထားသော ဥစားကြက်နှင့် အသားစားကြက်မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ နေ့လယ်ပိုင်းတွင် ခတ္တာဆောင်၌ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၁) မှ သင်တန်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်