နေပြည်တော် စက်တင်ဘာ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများရရှိစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်စရိတ် ထောက်ပံ့ပေးခြင်း စသည့်လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ကိုလည်း ချန်လှပ်ထားခြင်းမရှိဘဲ မသန်စွမ်းလူငယ်များ၏ အခွင့်အရေး၊ ကာကွယ်ရေးနှင့် မသန်စွမ်း လူငယ်များ၏ ဘဝမြှင့်တင်နိုင်ရေးအတွက် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယခု သင်တန်းတွင်လည်း ယိုမျိုးစုံ၊ ဖျော်ရည်မျိုးစုံနှင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ကြမည့် မသန်စွမ်းလူငယ်များအနေဖြင့် သင်တန်းကာလအတွင်း တန်ဖိုးရှိသည့် အချိန်များနှင့် ကုန်ကျစရိတ်များကို အလဟဿမဖြစ်စေရန် သင်ကြားပေးသည့် အတတ်ပညာများကို အမှန်တကယ်တတ်မြောက်အောင် ကြိုးစားပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးနိုင်သည့်အဆင့်ထိ ရောက်ရှိအောင် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ သင်တန်းနည်းပြဆရာမများကလည်း သင်တန်းသားမသန်စွမ်းလူငယ်များကို စိတ်ရှည်ရှည်ထားပြီး စာတွေ့လက်တွေ့သင်ကြားပေးသွားရန်နှင့် သင်တန်းသားများကလည်း အသိပညာ၊ အတတ်ပညာများကို ကြိုးစားသင်ယူပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းကေခိုင်မြတ်ထွန်းနှင့် ဦးစီးမှူး ဒေါ်ခင်ရတနာသိန်းတို့က သင်တန်းသား ၃၀ ကို စက်တင်ဘာ ၂၉ ရက်မှ အောက်တို ဘာ ၃ ရက်အထိ သင်တန်းကာလ ငါးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်