Skip to main content

အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ နောက်ဆုံးနေ့(ပဉ္စမနေ့) ဆက်လက်ကျင်းပပြီး ညီလာခံပိတ်သိမ်း

ရန်ကုန် ဖေဖော်ဝါရီ ၂၅

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” နောက်ဆုံးနေ့နှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် (Virtual) နှင့် ကိုယ်တိုင်တက်ရောက်ခြင်း (In-person) ပူးတွဲလျက် ပေါင်းစပ် (Hybrid) အသွင်ဖြင့် ကျင်းပသည်။

ညီလာခံနောက်ဆုံးနေ့၏ နံနက်ပိုင်းတွင် နိုင်ငံအတွက် အရေးကြီးသော ကျန်းမာရေးလုပ်ငန်း ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ၌ ကြုံတွေ့ရသော အခက်အခဲများဆိုင်ရာ သိကောင်းစရာများကို “Overcoming challenges in COVID-19 vaccination” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ ပြုလုပ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းသည် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံသည့်အချိန်တွင်လည်း ရောဂါကူးစက် ဖြစ်ပွားမှုများနှင့် ရောဂါကြောင့် သေဆုံးရမှုများ လျော့ကျစေရန် ရည်ရွယ်ချက်များနှင့်အတူ လူမှုစီးပွားထိခိုက်မှု လျှော့ချနိုင်ရန် ဆောင်ရွက်ခဲ့သည့်အတွက် စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်များ၊ ကျောင်းများ စသည့် လူမှုစီးပွားလုပ်ငန်းများ ပုံမှန်နီးပါး လည်ပတ်နိုင်ခဲ့ ပါကြောင်း။

အတွေ့အကြုံမျှဝေ

ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များရရှိစေရေး ဆောင်ရွက်ခြင်း၊ အအေးလမ်းကြောင်းမပျက် စနစ်တကျ သိုလှောင်ဖြန့်ဖြူးနိုင်ရန်အတွက် ဆောင်ရွက်ခြင်းစသည့် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသည့် အခက် အခဲများစွာရှိခဲ့ပါကြောင်း၊ ၎င်းအတွေ့အကြုံများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြ၍ မိမိတို့ရည်မှန်းထားသည့် ကာကွယ် ဆေးလွှမ်းခြုံမှုရရှိစေရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမို အောင်မြင်စေရေးအတွက် အတွေ့အကြုံမျှဝေကြရန် ဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ၄၅ သန်း Doses ထိုးနှံပြီးဖြစ်၍ ထိုးနှံရမည့်မြေပြင်ရှိ လူဦးရေ၏ (၆၀%)ကျော် ထိုးနှံပြီး ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အပါအဝင်ရောဂါကာကွယ်။ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်နှင့် လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဟု လမ်းညွှန်ခဲ့ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇၆.၆၄ သန်း သုံးစွဲခဲ့ပြီး မိတ်ဆွေနိုင်ငံများ လှူဒါန်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂၁.၁၂ သန်း လှူဒါန်းခဲ့၍ ကာကွယ်ဆေးဝယ်ယူမှုမှ ၄၅ သန်း Doses၊ လှူဒါန်းမှုမှ ၁၇သန်း Doses၊ စုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ်လုပ်မှုမှ ရရှိလာမည့် ကာကွယ်ဆေးများကိုလည်း ဆက်လက်အသုံးပြုသွားမည် ဖြစ်ပါကြောင်း။

အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ယခုဖြစ်ပွားလျက်ရှိသည့် ရောဂါဖြစ်ပွားမှုလှိုင်းများတွင် ရောဂါကြောင့် သေဆုံးရမှုများကို သုံးသပ်ချက်များအရ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံမှု ခံယူထားပါက သေဆုံးသည့်နှုန်း သိသာစွာလျော့ကျသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုများကို ဆက်လက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ဤသုတေသနညီလာခံတွင် ရရှိသည့်အတွေ့အကြုံများ၊ စာတမ်းများကို တက်ရောက်လာကြ သူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် သုတေသန ညီလာခံများတွင်လည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ ပြောကြားသည်။

ထို့နောက် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း တို့က ဆောင်ရွက်ကြသည်။