Skip to main content

ငါးလုပ်ငန်းဖြင့် နှစ်စဉ်အခွန်ရငွေ ကျပ်(၆)ဘီလီယံကျော်ရရှိနေပြီး နိုင်ငံခြားဝင်ငွေ နေ့စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကိုရရှိ

နေပြည်တော် ဒီဇင်ဘာ ၂၂

ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ရေလုပ်ငန်းဆိုင်ရာ သုတေသနများ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရေး၊ အသုံးချ သုတေသနကဏ္ဍတွင် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသရင်းငါးမျိုးစိတ်များ သားဖောက် အသားတိုးမွေးမြူရန် အလားအလာ ရှိသည့် ရေချို ရေငန် ငါး ပုစွန် မျိုးစိတ်များအား စူးစမ်းလေ့လာခြင်း၊ သုတေသနပြု စမ်းသပ် သားဖောက် မွေးမြူခြင်းများ စဉ်ဆက်မပြတ်လုပ်ဆောင်ရေး၊ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးရေး အတွက် ငါးလုပ်ငန်း တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ရေလုပ်ငန်းကို အခြေခံသည့် အသက်မွေး ဝမ်းကျောင်းပညာ သင်တန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ စွမ်းဆောင်ရည် ပြည့်ဝ သော လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးအပေါ် အစဉ်တစ်စိုက်ဂရုပြု ဆောင်ရွက်ရန်၊ ရေလုပ်ငန်း ဆိုင်ရာမူဝါဒများ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် အရေးပါသည့် စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်ရေးအတွက် လိုအပ်သည့် စာရင်းကောက်ယူ ပြုစု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ အစားအစာဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများဆိုင်ရာ စစ်ဆေး ကြပ်မတ်ရာတွင် အဂတိကင်းစွာဖြင့် ပညာရှင်ပီသစွာ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနများ၏ ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ၊ လုပ်ငန်းများတွင် ဖြည့်စွက် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်းပြုန်းတီးမှုလျော့နည်းသက်သာရေးနှင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် ပြည့်ဝရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ထို့နောက်  ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည် ဖော်မည့် လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ပြီးစီးမှုနှင့် လုပ်ငန်းသုံးသပ်ချက်များကိုလည်းကောင်း တင်ပြ ဆွေးနွေးကြသည်။

စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ရေလုပ်ငန်း ကဏ္ဍသည်လည်း  အရေးပါ သည့် အခန်းကဏ္ဍမှပါဝင်နေလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)တွင် ငါးကဏ္ဍ ထုတ်လုပ်မှုအနေဖြင့် (၄ ဒသမ ၇ ရာခိုင်နှုန်း)  ပါ၀င်နေကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ငါးလုပ်ငန်းဖြင့် အခွန်ငွေ ကျပ်(၆)ဘီလီယံ ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇၈၆ သန်းကျော် ရရှိခဲ့သည့်အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ်ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိနေကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးကဏ္ဍ တစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာများကို သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များအလိုက် ဥပဒေများပြဌာန်း၍ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဒေသတွင်းမှ ငါးလုပ်ငန်းဆိုင်ရာ သဘောတူညီမှုများ၊ လုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ တစ်နိုင်တစ်ပိုင်မှ စီးပွားရေးအရ အမြောက်အများထုတ်လုပ်ခြင်းအထိ ပုဂ္ဂလိကပိုင်းမှ တိုးချဲ့ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ကြစေရန် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝ ရေမြေနှင့် ကိုက်ညီစွာ မွေးမြူနိုင်သော (Genetically Improved Farmed Tilapia- GIFT Tilapia)  မျိုးစိတ်များ တင်သွင်းပြီး ဌာနစခန်းများတွင် မျိုးပွားဖြန့်ဖြူးပေးခြင်း၊ စီးပွားဖြစ်မွေးမြူရန် အလားအလာရှိသော ဒေသတွင်း ရေချိုငါးမျိုးစိတ်များကို သုတေသနပြု စမ်းသပ်သား ဖောက်ခြင်း၊ အမြောက်အမြား မွေးမြူထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်ပေးခြင်း ကြောင့်  ယခုအခါ စျေးကွက်၀င် ငါးမျိုးစိတ်(၂၁)မျိုး အောင်မြင်စွာ သားဖောက် ထုတ်လုပ်ပေး နိုင်ခဲ့သဖြင့် အသားတိုး မွေးမြူခြင်းမှ ပြည်တွင်း ငါးစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန် တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)