Skip to main content

စည်းလုံးညီညွတ် အောင်ပန်းဆွတ်စို့

မြင်းမူမောင်နိုင်မိုး

“ငါတို့သည် တမျိုးတဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသား ရင်သားသူကား ငါကားခွဲခြားခြင်းကို အလိုမရှိ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာသတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်ကြရာ မြန်မာနိုင်ငံတော်တစ်ဝှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူးတစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူးအလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော၊ စေတနာတည်းဟူသော ကြိုးထူးဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင်မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ”

(လွတ်လပ်ရေး ကြေညာစာတမ်းမှ ကောက်နုတ်ဖော်ပြချက်။)

အထက်ပါ ကြွေးကြော်သံမှာ မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံး၏ ကြွေးကြော်သံအမှန်ပင်ဖြစ်ပေသည်။ ကောက်ကျစ်နယ်ချဲ့ကျူးကျော်ခဲ့၍ တကယ့်မှန်ကင်း လောင်စာထင်းပမာပျက်ယွင်းကြေမွ ကျွန်ဘဝဝယ်နိမ့်ကျညှိုးငယ်ခဲ့ရသော မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံး၏ အထွတ်အမြတ်သွေးတို့ဖြင့် လွတ်လပ်ရေးကိုအရယူနိုင်ခဲ့သည် မဟုတ်ပါလော။

အထွတ်အမြတ်သွေးနှင့် လွတ်လပ်ရေး

ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ပါလေသည်။ ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်တွင် နှစ်ကာလအချိန်အတိုင်းအတာအားဖြင့် မြန်မာနိုင်ငံအောက်ပိုင်းသည် ၁၂၃ နှစ်၊ မြန်မာနိုင်ငံအထက်ပိုင်းသည် ၆၃ နှစ်၊ ကျွန်သပေါက်ဘဝကျရောက်ခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အားကွာခြားမှန်းသိပါလျက်နှင့် မျိုးချစ်တိုင်းရင်းသားခေါင်းဆောင်များက ရှိသမျှအင်အား၊ ရသမျှလက်နက်များကိုစွဲကိုင်ကာ တွန်းလှန်ချေမှုန်းခဲ့ကြသည်။ “သူ့ကျွန်ဘဝမှာနေရတာထက် သေရတာကမြတ်တယ်”ဟူသော မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်ထက်သန်စွာဖြင့် ခုခံတော်လှန်ခဲ့ကြသည်။

လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးဘဝမှ သူ့ကျွန်ဘဝကျရောက်ခဲ့ကြသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်းသည် နယ်ချဲ့လက်အောက်တွင် လောကီငရဲမျိုးစုံကို ကြိတ်မှိတ်ခံစားခဲ့ကြရသည်။ ထို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများတွင် တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း၊ သားစဉ်မြေးဆက်၊ စဉ်ဆက်မပြတ် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြသည်။ အသက်၊ သွေး၊ ချွေးများကို မငဲ့ကွက်ကြဘဲ စွန့်လွှတ်စွန့်စားခဲ့ကြသည်။

နယ်ချဲ့တို့က မြန်မာတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ယုတ်မာစွာသွေးကွဲအောင်၊ သွေးခွဲခဲ့ကြသော်လည်း စည်းလုံးညီညွတ်စွာ ပြန်လည်တိုက်ထုတ်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများ၏ လွတ်လပ်ရေးတိုက်ပွဲဝင်သမိုင်းတွင် ကချင်ပြည်နယ်မှ ဖုံကန်ဒူဝါနှင့် ဗိုလ်စော၊ ချင်းပြည်နယ်မှကြွမ်ဘိနှင့် ရွှေချိုးဖြူမင်းသား၊ ရှမ်းပြည်နယ်မှ ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်နှင့် ဗိုလ်မင်းရောင်တို့သည် မော်ကွန်းဝင်ထွန်းပြောင်ခဲ့ကြပါသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် အချုပ်တန်းဆရာဖေ အစရှိသောမျိုးချစ်စာဆိုတော်ကြီးများကလည်း နှလုံးရည်တပ်သားကောင်း ပီသစွာ ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြပါသည်။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း ဖတပလ(ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး)၊ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး) စသည့် လွတ်လပ်ရေးတိုက်ပွဲဝင်အဖွဲ့ကြီးများတွင် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ တိုင်းရင်းသားများစသည့် လုပ်သားပြည်သူအားလုံးသည် ကျွန်ဘဝမှသခင်ဘဝသို့ ပြန်လည်ရောက်ရှိရေးအတွက် အသက်ကို မငဲ့ကွက်ဘဲ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။

ထိုကဲ့သို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု မြန်မာ့မျိုးချစ်ခေါင်းဆောင်များ၏ စွန့်လွှတ်စွန့်စားရဲရင့်သော သံမဏိစိတ်ဓာတ်များကြောင့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်ရေး” ကို ပေးစေလိုဟု ကြွေးငိုမြည်တ၊ တောင်းပန်ခ၍ ရခဲ့သည်လည်း၊ မဟုတ်ချေ။

“လွတ်လပ်ရေး” ဟူ၊ ပိုင်လိုမူသော် လွယ်ကူရော့အင့်၊ ဆုချီးမြှင့်၍ ပိုင်ခွင့်ရသည်မဟုတ်ချေ။

“လွတ်လပ်ရေး” ဆို၊ ပန်းပွင့်ချိုနှယ် အလိုအလျောက်၊ မြေမှပေါက်ကာ ထမြောက်ခဲ့သည် မဟုတ်ချေ။

“လွတ်လပ်ရေး” အတွက်၊ သွေးအသက်တို့ ပေးဆပ်ခဲ့ကြောင်း၊ တွက်ရေပေါင်းသော် သွေးချောင်းပင်လယ် တမျှတည်း။ လွတ်လပ်ရေးအတွက်၊ တွဲသောလက်တို့ မပျက်ခိုင်မြဲ၊ ရင်ဆိုင်နွှဲသည် တိုက်ပွဲရာထောင်မကတည်း။

လွတ်လပ်ရေးအတွက်၊ နာကြည်းချက်ဖြင့် ချိန်းချက်တော်လှန်၊ တက်ခေါက်သံတို့ မိုးယံချဉ်းမျှ ညံဘိတည်း။

လွတ်လပ်ခဲ့ပြီ မြန်မာပြည်

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် တိုင်းပြုပြည်ပြု လွှတ်တော်ရှေ့၌ ဗြိတိသျှယူနီယံဂျက်အလံကို ဖြုတ်ချခဲ့ကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်ထူခဲ့ကြသည်။ နံနက် ၄ နာရီ ၄၅ မိနစ်တွင် လွှတ်တော်အစည်းအဝေးခန်းမထဲ၌ နိုင်ငံတော်အာဏာလွှဲပြောင်းသည့် အခမ်းအနားဆက်လက်ကျင်းပခဲ့ကြရာ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန်ဖြစ်ပေါ်လာခဲ့ပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က ယာယီသမ္မတ၊ ဦးနုကယာယီဝန်ကြီးချုပ် ဖြစ်လာခဲ့ကြသည်။

နံနက် ၆ နာရီ မိနစ် ၃၀ တွင် အိမ်တော်၌ ဘုရင်ခံကအာဏာလွှဲပြောင်းပေးသည့် အခမ်းအနားကျင်းပခဲ့ပြီး နံနက် ၈ နာရီ မိနစ်၂၀ တွင် အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဇနီးတို့ ဘာမင်ဟန်သင်္ဘောဖြင့် မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။

ထိုနေ့မှာပင် အပိုဒ် (၆) ပိုဒ်ပါသော “လွတ်လပ်ရေးကြေညာစာတမ်း” ကို ကမ္ဘာသိကြေညာခဲ့ပြီး လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကို အုတ်မြစ်ချခဲ့ကြသည်။ ထိုလွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကို ၂၆-၁၁-၁၉၅၀ ရက်နေ့က မဟာဗန္ဓုလပန်းခြံထဲတွင် ဖွင့်လှစ်ခဲ့ပါသည်။

မြန်မာပြည်ကြီးကား လွတ်လပ်ရေးရခဲ့ပေပြီ။ သို့ရာတွင် လွတ်လပ်သော မြန်မာပြည်သည် ညီညွတ်ငြိမ်းချမ်းပါ၏လော။ အမှန်စင်စစ် ညီညွတ်ငြိမ်းချမ်းမှုမရှိသည့်အပြင် အယူဝါဒမျိုးမျိုးကို အခြေခံကာပြည်တွင်းလက်နက်ကိုင် သောင်းကျန်းသူများ ပေါ်ပေါက်လာကာ တိုင်းပြည်သည် ဖရိုဖရဲနှင့် ပြိုကွဲလုမတတ် ယိုင်နဲ့ခဲ့ရသည်မှာ အကြိမ်ကြိမ်အခါခါကြုံကြိုက်ခဲ့ရပြီ ဖြစ်ပေသည်။

လွတ်လပ်ရေးရပြီး သုံးလခန့်အကြာတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ပေါက်လာကာ လက်နက်ကိုင်တောခိုသွားခဲ့သည်။ ထို့ပြင် လွတ်လပ်ရေးအတွက် အတူတကွလက်တွဲကာ တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင်များသည် ဝါဒရေးရာအရလည်းကောင်း၊ လူမျိုးရေးဘာသာရေးအရလည်းကောင်း အယူအဆများအမျိုးမျိုးကွဲပြားကာ ရောင်စုံသောင်းကျန်းသူများအဖြစ် နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြလေသည်။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရန်

တပ်မတော်သည် နိုင်ငံတော်ကိုပြိုကွဲအောင် ဖြိုခွဲလိုသူများ၏ အန္တရာယ်ရန်စွယ်အသွယ်သွယ်ကို အကြိမ်ကြိမ်အခါခါ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ရလေသည်။ ထိုသို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် အဓိကအားဖြင့် မြန်မာ့တပ်မတော်သည် အမြဲတစေရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ပြီး နိုင်ငံတော်ကိုမပြိုကွဲစေလိုသည့် ဆန္ဒရှိသူများနှင့်ပူးပေါင်းလျက် ပြည်တွင်းသောင်းကျန်းမှု အစုစုကို စုပေါင်းတွန်းလှန်ချေမှုန်းခဲ့ရသည်။ ဥပမာအားဖြင့် ပြည်တွင်းသောင်းကျန်းသူဖြစ်သည့် ကေအင်ဒီအိုကြောင့် တစ်နိုင်ငံလုံးလိုလို သိမ်းပိုက်ခံထားရသဖြင့် ရန်ကုန်အစိုးရဟု ပြက်ရယ်ပြုခေါ်ဆိုခံရချိန်တွင် တပ်မတော်သားများအပြင် တက္ကသိုလ်ကျောင်းသားများ၊ ပြည်သူများကပါ ပူးပေါင်းပါဝင် တွန်းလှန်တိုက်ခိုက်ခဲ့ပေသည်။

ထို့ပြင် ၁၉၄၉ ခုနှစ်ကုန်ပိုင်းမှစ၍ မြန်မာ့ပိုင်နက်နယ်မြေကို ကျူးကျော်ဝင်ရောက်ခဲ့သော ကူမင်တန်တရုတ်ဖြူတပ်များကို မြန်မာ့တပ်မတော်သည် ပင်လုံစစ်ဆင်ရေး၊ ယုဇနစစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေးတို့ဖြင့် စစ်ဆင်ရေးများ အကြိမ်ကြိမ်ဆင်နွှဲကာ တိုက်ထုတ်ခဲ့ရလေသည်။ ပြည်ပကျူးကျော်မှုများအပြင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် လွတ်လပ်ရေးနှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးလာနိုင်ခြင်းမရှိစေရန်လည်း တပ်မတော်သည် တိုက်ပွဲကြီးများ အကြိမ်ကြိမ်ဆင်နွှဲကာ ချေမှုန်းတိုက်ခိုက်ခဲ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့၏ အန္တရာယ်ရန်စွယ်ကို ရွှေလင်းယုန်စစ်ဆင်ရေး၊ မိုးဟိန်းစစ်ဆင်ရေး၊ အောင်စိုးမိုးစစ်ဆင်ရေး၊ လေးမာရ်အောင်စစ်ဆင်ရေးအစရှိသည့် စစ်ဆင်ရေးကြီးများဖြင့် တိုက်ပွဲကြီးပေါင်းများစွာကိုဆင်နွှဲကာ ချေမှုန်းခဲ့ရလေသည်။

ပြည်တွင်းသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်အောင်မြင်ခဲ့သော တိုက်ပွဲကြီးများတွင် ကွမ်လုံရက်လေးဆယ်တိုက်ပွဲ၊ စီစီဝမ်တာပန်၊ ပန်ဆိုင်း-ကြူကုတ်၊ ခြူးရွှေပန်ကောက်၊ မိုင်းယန်းအစရှိသော တိုက်ပွဲကြီးများ၊ နားဖော့ပါဂျို၊ မဲသဝေါ၊ မဲလ၊ မော်ဖိုးကေ တိုက်ပွဲကြီးများသည် အထူးပင်ထင်ရှားလှပေသည်။ ဤသည်မှာ တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာမဆုံးရှုံးစေရန်၊ နိုင်ငံမပြိုကွဲစေရန်အတွက် စစ်ရေးနည်းဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ခြင်းပင်ဖြစ်ပေသည်။

နိုင်ငံရေးနည်းလမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း

နိုင်ငံတော်တွင်အရေးကြုံတိုင်း နိုင်ငံ့အန္တရာယ် ရန်စွယ်မှန်သမျှ မဆိုင်းမတွကာကွယ်ရသည်မှာ တပ်မတော်ပင်ဖြစ်လေသည်။ ၁၉၅၈ ခုနှစ်တွင် ထိုစဉ်က အုပ်ချုပ်ခဲ့သောအစိုးရအတွင်း စိတ်သဘောထားကွဲလွဲမှုများ၊ မညီညွတ်မှုများကြောင့် တပ်မတော်သည် တာဝန်အရ အိမ်စောင့်အစိုးရအဖြစ် ဆောင်ရွက်ပေးခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင်လည်း နိုင်ငံတော်၏ အခြေအနေအရပ်ရပ် ယိုယွင်းလာသည့်အပြင် တိုင်းပြည်ပြိုကွဲမည့် အရိပ်အငွေ့များဖြစ်ပေါ်လာသဖြင့် တပ်မတော်က အချိန်မီနိုင်ငံတော်အာဏာသိမ်းကာ တိုင်းပြည်ကို ကယ်တင်ခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် မြေပေါ်မြေအောက် အဖျက်သမားများနှင့်  ပြည်တွင်း ပြည်ပမှ တိုင်းပြည်ပြိုကွဲပျက်စီးစေလိုသူများ၏ သွေးထိုးလှုံ့ဆော်မှု၊ လုပ်ကြံဝါဒဖြန့်မှုများကြောင့် မင်းမဲ့စရိုက်များလွှမ်းမိုးလာကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာစေသဖြင့် တပ်မတော် ကပင် နိုင်ငံတော်အာဏာကိုသိမ်းယူကာ တိုင်းပြည်ကိုကယ်တင်ခဲ့ရပြန်သည်။

ထိုမှတစ်ဖန် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ကိန်းဂဏန်းကြီးမားစွာ မှားယွင်းမှုများကြောင့် အငြင်းပွားမှုများ၊ မကျေနပ်မှုများ ပေါ်ပေါက်နေချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်သော ဆောင်ရွက်မှုများကြောင့် တပ်မတော်ကပင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းပြည်ကို ခေတ္တထိန်းသိမ်းစောင့်ရှောက်ခဲ့ ရလေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ဦးတည်ချက် (၉)ရပ် ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုရရှိအောင် ကြိုးပမ်းလုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ ရည်မှန်းချက်အောင်မြင်စေရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ခြင်းသည် လွန်စွာအရေးကြီးလှပေသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို  တည်ဆောက် နိုင်ပေလိမ့်မည်။ ထို့ပြင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်နိုင်ပေလိမ့်မည်။

ထိုသို့ ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းကို စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က “ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အသင့်လျော်ဆုံး နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်ခဲ့ပါတယ်။ ဒီနိုင်ငံရေး ရည်မှန်းချက် ၂ ရပ်က စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ခိုင်မာစွာအာမခံအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်” ဟူ၍ မိန့်ကြားခဲ့ပေသည်။

လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်

လွတ်လပ်ရေးဆိုသည်မှာရှိနေစဉ် မသိသာလှသော်လည်း လွတ်လပ်ရေးမရှိသည့်အခါ အလွန်ပင်သိသာလှပေသည်။ ကိုယ့်ခြံ၊ ကိုယ့်အရိပ်၊ ကိုယ့်အိမ်တွင် ကိုယ်မနားရခြင်း၊ ကိုယ့်ဆန်ကိုယ့်ထမင်း၊ ကိုယ့်ဟင်းကိုပင်ကိုယ်မစားရခြင်း၊ သူတစ်ပါးပြုသမျှ နုရလေခြင်းဟူသော အဖြစ်အပျက်များပေါ်ပေါက်လာပေလိမ့်မည်။ လွတ်လပ်ရေးဟူသည် ဆုံးရှုံးဖို့လွယ်ကူသလောက် ပြန်လည်ရရှိဖို့ ခက်ခဲလှပေသည်။ မြန်မာနိုင်ငံသည်ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးရရှိဖို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှစ်ပေါင်းများစွာ တိုက်ပွဲဝင်တော်လှန်ခဲ့ရသည်။ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရသည်။ ထို့ကြောင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို မြန်မာ ပြည်သူတိုင်းအလေးဂရုပြုကာ အမြတ်တနိုးရှိနေပါမှတော်ကာ တန်ကာကျပေလိမ့်မည်။

ထို့ကြောင့်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို သမိုင်းဝင်၊ သမိုင်းတွင်လောက်အောင် ခမ်းနားကြီးကျယ်စွာ ကျင်းပပေးခဲ့ခြင်းဖြစ်လေသည်။ အခမ်းအနားစတင်သည်နှင့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ချိုးဖြူငှက် ၇၅၀ လွှတ်တင်သည်။ ဤအခမ်းအနားကြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို စစ်ရေးပြမှူးကြီး ဦးဆောင်သည့် နိုင်ငံတော်အလံအဖွဲ့၊ တပ်မတော်(ကြည်း) အလံတော်အဖွဲ့၊ တပ်မတော်(ကြည်း) ကိုယ်စားပြုတပ်ခွဲ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း(၁)အဖြစ်အပါအဝင် တပ်ရင်း (၉) ရင်းက ချီတက်အလေးပြုကြသည်။

ထိုသို့အလေးပြုနေစဉ် တပ်မတော်ရဟတ်ယာဉ်များနှင့် အမျိုးအစားစုံလင်လှသော တိုက်ခိုက်ရေးလေယာဉ်၊ ဂျက်လေယာဉ်များက အုပ်စုဖွဲ့ပျံသန်းကာ အလေးပြုကြသည်။ ထိုသို့ အလေးပြုပြီးသည့် နောက်လေထီးအရာရှိ စစ်သည်၊ စစ်သမီးနှင့်အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီးစုစုပေါင်း ၇၅ ဦးတို့က ဝေဟင်အမြင့်ပေ ၇၅၀၀ မှ အလွတ်ခုန်၍ တပ်မတော်အလံ၊ ကြည်း၊ ရေ၊ လေအလံများ၊ ဝန်ကြီးဌာနကိုယ်စားပြုအလံများ၊ ကာကွယ်ရေးအလံနှင့် ရောင်စုံအလံများ ချိတ်ဆွဲသယ်ဆောင်ကာ ဝေဟင်ထက်မှ မြေပြင်သို့ဆင်းသက်၍ ချီတက်အလေးပြုကြသည်။ ထို့နောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်ဖြင့်လည်းကောင်း၊ ဘုရင်၊ အိမ်ရှေ့စံ၊ မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ ရံရွေတော်များ၊ ဝန်ကြီးများ၊ ပညာရှိအမတ်များ၊ စစ်သူကြီးများ၊ သူဌေးသူကြွယ်များ၊ ဆွေမျိုးတော်များ၊ ဆင်မြင်းဗိုလ်ပါ မှူးမတ်များနှင့် ရဲမက်တော်များပါဝင်သည့် ရာဇာဝင်းခင်း၍လည်းကောင်း ချီတက်အလေးပြုကြသည်။

ထို့နောက် တစ်ဖန်တပ်မတော်၏ ခေတ်အဆက်ဆက်ကို ဖော်ညွှန်းသည့် တပ်ခွဲများဖြစ်သော BIA, BDA, BNA, PBF, BA ၊ ဘယ်ရီတပ်ခွဲ၊ ပွိုင့် ၃၀၃ တပ်ခွဲ၊ ၅၂ စတင်း တပ်ခွဲတို့နှင့်အတူ တပ်မတော် ကြည်း၊ ရေ၊ လေ ဂုဏ်ပြုယာဉ်များက အသီးသီးချီတက် အလေးပြုကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိထင်ရှားသည့် အထိမ်းအမှတ်များ၊ လူနေမှုစရိုက်လက္ခဏာများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ထုတ်ကုန်များကို သရုပ်ဖော်ပြသထားသည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများမှ ဂုဏ်ပြုယာဉ် များကလည်း ထူးခြားလှပဆန်းကြယ်သော သရုပ်ဖော်မှုများဖြင့် ချီတက် သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ကြည့်ရှုရသူတိုင်း အံ့ဩဘနန်း ဝမ်းမြောက်ပီတိဖြစ်မိကြလေသည်။

ထို့ပြင် ယန္တရားစစ်ကြောင်းမှူးဦးဆောင်၍ တပ်ခွဲပေါင်းစုံတို့၏ ချီတက်အလေးပြုခြင်းသည်လည်း စိတ်ခွန်အားတက်ကြွဖွယ်ကောင်းလွန်းလှပေသည်။ အခမ်းအနားသို့ တက်ရောက်သူအားလုံး ရင်ခုန် စိတ်လှုပ်ရှားရသည်ကတော့ တပ်မတော်လေ၏ ဂျက်တိုက်လေယာဉ်များက အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် Smoke Trail များထုတ်လွှတ်၍ ပျံသန်းခြင်းနှင့် SU-30 ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်နှစ်စင်းနှင့် MIG 29 ဘက်စုံသုံးတိုက်လေယာဉ်နှစ်စင်းတို့က Composite Box Formation ဖြင့် အုပ်စုဖွဲ့ ပျံသန်းခြင်း၊ SU-30 ဘက်စုံသုံးတိုက်လေယာဉ်တစ်စင်းက တိုက်လေယာဉ်များ၏ အဆင့်မြင့်လှုပ်ရှား စစ်ကစားမှု (High Performance Maneuver) များကို စွမ်းရည်ပြသခြင်းများပင် ဖြစ်ပေသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကား ခံ့ညားထည်ဝါလွန်းလှသည်။ အဘက်ဘက်မှ ပြည့်စုံလွန်းလှသည်။ အကြားအလပ်မရှိအောင်၊ ဒေါင့်စေ့အောင်ကြိုတင်ပြင်ဆင်မှု၊ အထပ်ထပ်အခါ စိစစ်ညွှန်ကြားမှုပြုခဲ့သဖြင့်လည်း ဤမျှထူးခြားတင့်တယ်ခံ့ညားလှသော အခမ်းအနားတစ်ရပ်အဖြစ် သမိုင်းဝင် ကျန်ရစ်ခဲ့ခြင်းဖြစ်ပေသည်။

ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်

ဤစိန်ရတုလွတ်လပ်ရေးနေ့၏ ထူးခြားချက်ကား မြန်မာ့လွတ်လပ်ရေးစတင်ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ခဲ့ကြသူများအား နိုင်ငံတော်က ဘွဲ့ထူးဂုဏ်ထူးများကို ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးခဲ့ခြင်းပင် ဖြစ်လေသည်။ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ခဲ့ကြသူများ ဟုဆိုရာတွင် တပ်မတော်သားများ၊ နိုင်ငံ့ဝန်ထမ်းများကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ဘက်စုံကဏ္ဍစုံတွင် တာဝန်ကျေပွန်ခဲ့ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အစရှိသည့် အနုပညာရှင် များ၊ ရပ်ကွက်ကျေးရွာအဆင့်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကိုပါ ချီးမြှင့်ခဲ့ခြင်းဖြစ်ပေသည်။

ထိုသို့ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှောက်ရာတွင် ယခင်ခေတ်ကာလ အဆက်ဆက်နှင့်မတူညီသော ချီးမြှောက်မှုများကို တွေ့ရှိရပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိန်ရတုလွတ်လပ်ရေးနေ့ ကာလအထိ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ခဲ့သူများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာဝပြောရေးအတွက် နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ရာတွင် မိမိတို့အစိုးရကာလအတွင်း ဆောင်ရွက်သူများကိုသာမကဘဲ ယခင်ခေတ်အဆက်ဆက်က ဆောင်ရွက်ခဲ့သူများကိုပါ တလေးတစားတန်ဖိုးထားကာ ချီးမြှောက်ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။ ပို၍ထူးခြားသည်ကား ယနေ့ကာလတွင် အသက်ခန္ဓာရှင်သန်ခြင်းမရှိတော့သည့် ပုဂ္ဂိုလ်များကိုပါ မေ့လျော့ချန်ထားခြင်းမရှိဘဲ စွမ်းဆောင်ရည်ရှိလျှင် ရှိသလို ချီးမြှင့်ဂုဏ်ပြုခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ကွယ်လွန်သွားခဲ့ပြီးသူတို့၏ မျိုးဆက်များမှာ မိမိတို့ မိခင်ဖခင်အတွက်၊ မိမိတို့ အဘိုးအဘွားအတွက် ဂုဏ်ယူဝမ်းသာ ပီတိဖြာခဲ့ကြရပေတော့သည်။

စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားပွဲသဘင်ကြီးကား အောင်မြင်ပြီးမြောက်ခဲ့ပေပြီ။ ထိုအခမ်းအနား ပွဲသဘင်ကြီးသို့ တက်ရောက်ခွင့်ရရှိခဲ့သူများ၊ တက်ရောက်ခွင့်မရသော်လည်း တီဗွီရုပ်မြင်ဖန်သားပြင်မှ ကြည့်ရှုလိုက်ရသူများအားလုံးကတော့ ထိုအခမ်းအနားကြီးအကြောင်းကို တသသပြောဆိုကြ၊ အံ့ဩချီးမွမ်းကြပင်ရှိနေပါသေးသည်။ အခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသည့် သက်ရွယ်ကြီးရင့်သူများ၊ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခံရသော်လည်း သက်ရှိထင်ရှားမရှိတော့သော ပုဂ္ဂိုလ်တို့၏ ဇနီး၊ ခင်ပွန်းများ၊ သားသမီးမြေးများ အစရှိသည့် အမွေဆက်ခံသူများထံသို့ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တာဝန်ရှိသူအကြီးအကဲများက အိမ်တိုင်ရာရောက်သွားရောက်ကာ ဘွဲ့တံဆိပ်များပေးအပ်နေပုံ၊ လက်ခံယူသူတို့၏ ဝမ်းသာပီတိဖြစ်ကြရပုံများကိုလည်း ယနေ့တိုင် တီဗွီရုပ်မြင်ဖန်သားပြင်တွင် ကြည့်ရှု နေသည်မှာ အလွန်တရာမင်္ဂလာရှိလှပေသည်။

ရှေ့ဆက်ညီညွတ် အောင်ပန်းဆွတ်စို့

နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ ကျေးဇူးဂုဏ်ကို ပြည်သူအများလေးနက်စွာ ခံစားရှုမြင်နိုင်စေရေးအတွက် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ပွဲကြီးကို ဝှဲချီးဆင်ယင်သဘင်ထွတ်မြတ် ခေါ်ဆိုအပ်သည်အထိ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပေသည်။ ပြည်သူများအနေဖြင့် နိုင်ငံတော်၏လွတ်လပ်ရေးကို မြတ်နိုးစွာထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မျိုးဆက်သစ်များသို့ ငြိမ်းချမ်းရေးအမွေပေးအပ်နိုင်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုငဲ့ကွက်ပြီး သက်ဆိုင်သူအားလုံးက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုးဆက်သစ်များကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါစို့” ဟု တိုက်တွန်းပြောကြားခဲ့ပေသည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်က “(၇၅) နှစ်မှသည် နှစ်ရာ၊ ထောင်မကကမ္ဘာတည်သရွေ့ နိုင်ငံတော်ကြီး ဝင့်ကြွားစွာထာဝရတည်တံ့နေဖို့ ကျွန်တော်တို့အားလုံး နိုင်ငံချစ်စိတ်၊ မြန်မာစိတ်နဲ့ကြိုးစားလုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ “ကမ္ဘာတည်သရွေ့၊ မြန်မာတည်ရှိရပါမယ်” ဟု မိန့်ကြားခဲ့သည့်အတိုင်း ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးကလည်း နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်စေရန်၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ကမ္ဘာအရှည် တည်သရွေ့လွတ်လပ်သော  မြန်မာပြည်ဟေ့…ဟု ဂုဏ်ယူစွာ ကြွေးကြော်နိုင်ရန်အတွက် စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်မှုပန်း ဆွတ်လှမ်းနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။