Skip to main content

သင့်သမိုင်းကို သင်ပဲရေးရမှာ

ဂျာနယ်လစ်တစ်ဦး

ပညာဆိုတာဟာအကျယ်ကြီး၊ အနက်ကြီးပဲ။ ငါသိပြီ၊ ငါတတ်တယ်ဆိုပြီး ပညာရှာမှီးတာကိုရပ်လိုက်ရင် အဲဒီလူဟာ နိမ့်ဆင်းလျှောကျသွားတော့တာပဲ။ အဆက်မပြတ်၊ အမြဲမပြတ်သိစရာ၊ တတ်စရာတွေက အရှိန်အဟုန်နဲ့ တိုးပွားများပြားနေတာဖြစ်ပါတယ်။ တစ်ရက်၊ တစ်လနဲ့မသိသာသေးပါ

နှစ်ပေါင်း ၃၀၀၀ လောက်သာရှိ

တကယ်တော့လူသားတွေရဲ့သမိုင်းတစ်လျှောက်မှာ အတွေးအခေါ်အားဖြင့်အဆင့်မြင့်မြင့် ကြံစည်တွေးခေါ်မြော်မြင်နိုင်တာ နှစ်ပေါင်း ၃၀၀၀ လောက်သာရှိပါသေးတယ်။ တောရိုင်းသတ္တဝါတွေလိုပဲ လှည့်လည်သွားလာနေခဲ့ကြရာမှ ငါးဖမ်း၊ အမဲလိုက်၊ အသက်ရှင် ရပ်တည်နိုင်အောင်ကြိုးပမ်းကြရတာ နှစ်ပေါင်းသန်းနဲ့ချီပြီး ဖြတ်သန်းခဲ့ကြရတယ်။ ဂူတွေထဲမှာနေရင်း မီးကို(ကျောက်ချင်းပွတ်ပြီး မီးပွားမှ မီးရအောင်) တွေ့ရှိလာကြပြီးတဲ့နောက် အသားငါးတွေ အစိမ်းစားနေရာမှ ကင်စား၊ ဖုတ်စား၊ ချက်ပြုတ်စားတာ ပိုပြီးအရသာရှိတယ်၊ ကောင်းမွန်တယ်ဆိုတာ သိမြင်လာကြတယ်။

ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ စိုက်ပျိုးထွန်ယက်စားတတ်လာတဲ့ သမိုင်းဦးဘုံမြေခေတ်ကနေ ယနေ့အခြေအနေ အဆင့်မြင့်နည်းပညာခေတ်၊ အေအိုင်ခေတ်ရောက်လာအောင် ဘိုးဘွားဘီဘင်လူသားတွေဟာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်မွေးမြူပျိုးထောင်လာခဲ့ကြတယ်။ အုပ်စုမှသည် မြို့ရွာ၊ နိုင်ငံထူထောင်အုပ်ချုပ်စီမံတတ်လာကြတယ်။ စိုက်ပျိုးရေးကို ပိုကောင်းအောင်လုပ်ဆောင်နိုင်လာတယ်။ ကြက်၊ ဝက်၊ ဆိတ်၊ နွားအပြင် ဆင်ကိုတောင် မွေးမြူအသုံးချနိုင်စွမ်းရှိလာတယ်။

လျင်မြန်တဲ့မြင်းတပ်တွေနဲ့ အင်ပါယာတွေချဲ့ထွင်ခဲ့ကြတယ်။ အင်အားကြီးတဲ့ ဆင်တပ်များတဲ့ဘုရင်က ဘုန်းတန်ခိုးပိုကြီးကြတယ်။ ဘုရင်ဖြစ်သူ အရည်အချင်းမြင့်မားရင်သူ့ရဲ့ ဩဇာအာဏာပိုကြီးပြီး နယ်နိမိတ်ကျယ်တာပဲ။ ညံ့ဖျင်းတဲ့မင်းတွေလက်ထက်မှာ နိုင်ငံမအေးချမ်းဘူး၊ မဖွံ့ဖြိုးဘူး၊ လူတွေဆင်းရဲမွဲတေကြရတယ်။

၁၈ ရာစုလောက်ရောက်တော့ စက်မှုတော်လှန်ရေးနဲ့ စက်ရုံအလုပ်ရုံတွေ ထူထောင်နိုင်ကြတဲ့ ဥရောပတိုက်သားတွေဟာ ရေတပ်ကြီးတွေဖွဲ့စည်းပြီး ပင်လယ်ဓားပြအဖြစ်မှ နယ်ချဲ့ကျူးကျော်တိုက်ခိုက်တဲ့ အရင်းရှင်ကိုလိုနီနိုင်ငံတွေ ဖြစ်လာကာလက်အောက်ခံနိုင်ငံနဲ့ လူမျိုးတွေကို ကျွန်လိုဖိနှိပ်ပြီး ကုပ်သွေးစုပ်အမြတ်ထုတ်ကြတော့တာပဲ။

ပါးစပ်က “ဒီမိုကရေစီ” နားထောင်ကောင်းအောင် လျှာအရိုးမရှိတိုင်းပြောချင်သလောက်ပြော။ နယ်ချဲ့အရင်းရှင်စနစ်နဲ့ ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ မျက်နှာဖြူတွေရဲ့မတရားမှု၊ မသမာမှုတွေဟာ ၁၉ ရာစု၊ ၂၀ ရာစုအထိ နှစ်ပေါင်း ၃၀၀ ကြာခဲ့ပါပြီ။ ဟန်ဆောင်စကားပြောနေသူများ။

၂၁ ရာစုကတော့ ထူးခြားပြောင်းလဲမယ့် သမိုင်းတစ်ခတ်တစ်ဆက်ရောက်လာပါတော့တယ်။ ဒီမိုကရေစီဗန်းပြ “လူ့အခွင့်အရေး” အသံကျယ်ကျယ် အော်ဟစ်ရင်းမသိနားမလည်တဲ့ နိုင်ငံငယ်နိုင်ငံသားတွေကို အချင်းချင်းဗိုလ်လု တိုက်ခိုက်အောင်မြှောက်ပင့်ပေး။ နှစ်ဖက်လုံးကို လက်နက်ရောင်းချ၊ လက်နက်ခဲယမ်းစက်ရုံတွေက အမြတ်အစွန်းမတန်တဆရပြီး ချမ်းသာသည်ထက်ပိုပြီးချမ်းသာ။ အချင်းချင်း ဆော်လေလေသူပျော်လေလေ။

အတွေးကတိမ်လှ

နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုနဲ့ လူ့သမိုင်းကို ဘာမှမသိ၊ ပထဝီနိုင်ငံရေးကိုလည်းနားမလည်။ အဆိုးဆုံးက မိမိမှာဘာတွေကောင်းမွန်တဲ့ အားသာချက်တွေရှိမှန်းမသိ။ သူများဆီကမှီခိုလက်ဝေခံပြီး အချင်းချင်းလုယက်သတ်ဖြတ်ရလို့ အရိုးအရင်းကိုက်ရရင်ပဲအဟုတ်ကြီးမှတ်။ အတွေးကတိမ်လှတယ်။

နိုင်ငံရေးကိုနားမလည်တဲ့အမြော်အမြင်ကင်းမဲ့သူ အချောင်သမားနိုင်ငံရေးသမားအမည်ခံပုဂ္ဂိုလ်အချို့ကြောင့် ကမ္ဘာ့နိုင်ငံများစွာဟာ ဆင်းရဲတွင်းထဲမှာပဲ ဝဲလည်နေခဲ့ကြတာ နှစ်ပေါင်းရာချီ။ လိမ်တဲ့လူကလည်း လိမ်လို့ကောင်းတုန်း။

ဆက်ပြီးညာတဲ့လူကလည်း ညာတုန်းလှိမ့်တုန်း။ ကြောင်ကိုရေချိုး၊ မရောင်ရာဆီလူးပြီး ဟုတ်ယောင်ထင်အောင် ဖြီးတုန်းဖြန်းတုန်း။

နာကန်းတစ်လုံးမှ ဗဟုသုတမရှိကြတဲ့ လူတွေကဘာမသိညာမသိ လက်နက်ကိုင်ဆူပူပုန်ကန်တာကိုပဲ နွေဦးတော်လှန်ရေးတံဆိပ်ကပ်ပြီး လူသတ်၊ ဗုံးခွဲ၊ မီးရှို့၊ မိုင်းထောင်လုပ်နေဆဲပဲ။ လူသတ်တာက ပြည်သူတွေကို၊ ဗုံးခွဲတာကလျှပ်စစ်တာဝါတိုင်။ မီးရှို့တာကပညာရေးစာသင်ကျောင်း။ မိုင်းထောင်ဖောက်ခွဲတာက လမ်းတွေနဲ့တံတားတွေ။ တိုင်းပြည်ဖျက်တာသက်သက်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစအချိန်မှစပြီး ပြည်တွင်း၊ ပြည်ပမဟုတ်မမှန် လုပ်ကြံဝါဒဖြန့်တာတွေ အဟုတ်မှတ်ပြီးလုပ်ခဲ့ကြတာယနေ့အထိ။ နှစ်ပေါင်း ၇၅ နှစ်တောင်ရှိပေတော့မယ်။ မျိုးဆက် သုံးဆက်လောက် ခေတ်နောက်ကျ။

စာဖတ်မှသိနိုင်တယ်

ခေတ်အမြင်ခေတ်အတွေးတွေ ခေတ်မီအောင်အသိအမြင်ရှိဖို့ရာက အဓိကစာဖတ်မှသိနိုင်တယ်။ နေ့စဉ်သတင်းစာလေးတောင် ဖတ်ရကောင်းမှန်းမသိကြတဲ့ နလပိန်းတုံးလူသားတွေများလှတဲ့ အဖွဲ့အစည်းမှာ ဘယ်သူကဘယ်ဝါကိုမဲပေးပြီး ပြည်သူ့ ကိုယ်စားလှယ်ရွေးရမှန်းမသိရင်တော့ ကြာလေခက်လေကိုသာခက်တွေဖြစ်ပေတော့မယ်။ ကြာလေဆိုးလေ မောင်သာဆိုးတွေဖြစ်နေတော့မယ်။

ပညာရှိကို ခေါင်းဆောင်ရွေးရမှာကိုယ့်လူရ။ ပညာမရှိတဲ့မောင်တွေကို ခေါင်းဆောင်တင်မိရင် ကိုယ့်ကိုကုပ်ခွစီးပြီး ကျွဲလိုနွားလိုခိုင်းမှာပဲ။ ဘယ်သူဘယ်ဝါပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိခဲ့ပါဘူး။ ဘယ်ပါတီကိုမဲပေးပါ၊ ဘယ်ပါတီတော့ မဲမပေးနဲ့လို့လည်းမတိုက်တွန်းပါဘူး၊ မတားမြစ်ပါဘူး။ ကိုယ်ကြိုက်ရာကိုယ်ရွေး။ လွတ်လပ်စွာစဉ်းစားပြီး ကိုယ်ကြိုက်တာကိုပေး။ ကိုယ်ကျေနပ်ရင်ပြီးတာပဲ။

အဲ...ကျေနပ်နေရုံနဲ့တော့ မပြီးသေးဘူးနော်။ ကိုယ်တင်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးဆိုးကျိုးကို ငါးနှစ်လောက်ကြာအောင်တော့ စံစားခံစားရမယ်။ ဒုက္ခတွေ တွေ့ကြုံရရင်လည်း ခါးစည်းခံခဲ့ဖူးပြီ။

ဘယ်လိုလူကပညာရှိတုန်း။ ဘယ်လိုများခွဲခြားပြီးသိနိုင်ပါမလဲ။ ဘယ်သူကပိုပညာရှိလဲ။ လွယ်လွယ်လေးပါပဲ။

ခြင်းရာလက္ခဏာသုံးရပ်

ထိုကိုယ်စားလှယ်လောင်းပုဂ္ဂိုလ်ရဲ့ ခြင်းရာလက္ခဏာသုံးရပ်ကို အကဲခတ်ကြည့်လိုက်ပါ။

၁။ ကောင်းသော အကြံအစည်ကိုသာ စဉ်းစားတတ်ခြင်း၊ တွေးခေါ်စိတ်ကူးခြင်း။ သုစိန္တိတ စိန္တီ။

၂။ ကောင်းသောစကားကိုသာပြောဆိုခြင်း။ သုဘာသိတဘာသီ။

၃။ သုကတ ကမ္မကာရီဆိုတဲ့ အပြစ်မရှိ ကောင်းသောအလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်းတဲ့။

ဒီလူဘယ်လိုအကြောင်းတွေ တွေးခေါ်စဉ်းစားနေသလဲ။ (သိချင်ရင်သူ့ကို မျက်နှာချင်းဆိုင်တဲ့မေးလို့ ရပါတယ်။ “တိုင်းပြည်ကောင်းအောင် ခင်ဗျားစိတ်ကူးထားတဲ့ အကြံအစည်တွေကဘာတွေလဲဗျာ။” “ဘာတွေလဲရှင်”) သူ့အကြံအစည်က သုစိန္တိတစိန္တီ ဖြစ်ပါရဲ့လား။ ချင့်ချိန်လို့ရပါတယ်။ မမှားနိုင်ပါဘူး။

ထိုလူ ထိုပုဂ္ဂိုလ်ဘာတွေပြောသလဲ။ ဘယ်လိုစကားမျိုးတွေ ပြောနေသလဲ။ ဒီမိုကရေစီခေတ်ပါ။

ပြည်သူလူထုဟာ အချို့လူတွေထင်သလောက်မအကြပါဘူး။ ပါးစပ်ဟလိုက်တာနဲ့ ဒီလူမှာအူဘယ်နှခွေရှိသလဲဆိုတာ ထွင်းဖောက်သိမြင်ပါတယ်။ (အွန်လိုင်းကနေ သတင်းသမားအမည်ခံပြီး ပြောဆိုနေကြသူတွေတွေ့ရတယ်။ ပရိသတ်က ဘာဝေဖန်ထောက်ပြ နေကြသလဲသိလား။ ဟေ့ကို... ဘယ်သူရေ။ ကျားသေကို အသက်သွင်းဖို့တော့ ကြံစည်ပြောဆိုမနေနဲ့။ ပါးစပ်ဟတာနဲ့ ခင်ဗျားစကားတွေ ဘယ်ရောက်နေပြီလဲ သိနေတယ်တဲ့) ကဲ.. မသိဘူးမထင်လေနဲ့။ သိနေတယ်နော်။

ကျွန်တော်တို့ ခင်ဗျားတို့အားလုံးရဲ့ကိုယ်စားဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင် ရေးအာဏာတွေစီမံခန့်ခွဲ၊ ရေးဆွဲ၊ ရွေးချယ်၊ ဆုံးဖြတ်မယ့် ပုဂ္ဂိုလ်လောင်း၊ ခေါင်းဆောင်ကို မဲပေးရွေးချယ်ရာမှာတော့ သေသေချာချာချင့်ချင့်ချိန်ချိန်သုံးသပ်ပြီးမှ ဆုံးဖြတ်သင့်ပေတယ်မဟုတ်လား။ နောက်နှစ်အတွက် ယခုနှစ်ကတည်းက လေ့လာထားကြပေတော့နော်။ ။