မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်းမှု၏ စွမ်းဆောင်ရည်များ ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမည်
မောင်သင်းပျံ့
(ယမန်နေ့မှအဆက်)
ဘိန်း၊ မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံများဖမ်းဆီးရရှိမှု
တရားမဝင်မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အဓိကကျသောပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် အိမ်နီးချင်းနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း အမှုပေါင်း ၆၉၉၀၊ တရားခံပေါင်း ၁၀၀၆၃ ဦးတို့ကို ဘိန်းမှု ၁၆၀ (၂၆၃၂ ကီလိုကျော်)၊ ဘိန်းဖြူ ၁၃၀၁ မှု (၂၅၂၆ ဒသမ ၁၀ ကီလိုကျော်)၊ စိတ်ကြွဆေးပြား ၄၆၈၉ မှု (၁၉၈ သန်းကျော်)၊ အိုက်စ် ၁၂၆ မှု (၁၄ တန်ခန့်)၊ ဆေးခြောက် ၃၃၃ မှု (ကီလို ၅၀၀ ကျော်)၊ ဘိန်းဆီခဲ ၂၉ မှု (၁၂၉ ကီလိုကျော်)၊ ဘိန်းစာမှုန့် ၈၀ မှု (တစ်တန်ကျော်)၊ အက်တက်စီဆေးပြားခြောက်မှု (၁၄၆၄၁၄ ပြား)၊ ထရာမဒေါလ်ဆေးတောင့်သုံးမှု (၆၀၅၅ တောင့်)၊ ကက်တမင်းရှစ်မှု (၇၆၂ ကီလို ကျော်)၊ ကဖင်းနှစ်မှု (ကိုးတန်ကျော်)၊ ဆာလဖျူရစ်အက်ဆစ်နှစ်မှု (လီတာ ၁၈၃၄၀)၊ အက်ဆီတုန်းလီတာ ၃၀၀၀၊ တော်လူအင်းငါးမှု (လီတာ ၅၀၄၀၀)၊ ဆိုဒီယမ်ဆိုင်ရာနိုက် ငါးမှု (၄၈ တန် ကျော်)နှင့် အခြားဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ အိမ်စီးယာဉ် ၄၅၃ စီး၊ ကုန်တင်ယာဉ် ၁၀၇ စီး၊ ခရီးသည်တင် ယာဉ် ၁၈ စီး၊ အငှားယာဉ် ၂၂ စီး၊ စက်လှေ အစင်း ၂၀၊ သစ်သားလှေ နှစ်စင်း၊ ကရိန်းယာဉ်တစ်စီး၊ ကွန်တိန်နာနှစ်စီး၊ ထော်လာဂျီ(အီတန်) နှစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ ဆီဘောက်ဆာယာဉ်သုံးစီး၊ ဘက်ထရီစက်ဘီးတစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများနှင့် အလွှာအသီးသီးမှ တရားခံများကို ဖမ်းဆီးခဲ့သည်။
ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်မှု
ဘိန်းဖြူအများဆုံးထွက်ရှိရာ ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်သန်း၍ ကချင်ပြည်နယ်သို့လည်းကောင်း၊ အိန္ဒိယနိုင်ငံနယ်စပ်သို့လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ထိုင်းနိုင်ငံနယ်စပ်နှင့် လာအိုနိုင်ငံနယ်စပ်သို့လည်းကောင်း၊ ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံနယ်စပ်သို့လည်းကောင်း လျှို့ဝှက်သယ်ဆောင်၍ ရောင်းဝယ်လေ့ရှိသည်။
စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရောင်းဝယ်မှု
၂၀၂၁ ခုနှစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများကို မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ်မှ အများဆုံးထုတ်လုပ်လျက် ရှိပြီး နည်းလမ်းပုံစံမျိုးစုံဖြင့် ပြည်တွင်းပြည်ပနိုင်ငံများသို့ သယ်ဆောင်လျက်ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီ လိတ်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့မှတစ်ဆင့် ထိုင်းနိုင်ငံနယ်စပ်သို့ သယ်ဆောင်သည့်အပြင် ပြည်တွင်းကိုဖြတ်သန်း၍ ကရင်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံနယ်စပ်သို့ လမ်းကြောင်းပြောင်းလဲသယ်ဆောင်လေ့ရှိသည်။ ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများကို မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်သို့လည်းကောင်း သယ်ဆောင်ရောင်းဝယ်ခဲ့ကြသည်။
အိုက်စ် သယ်ဆောင်ရာ လမ်းကြောင်းနှင့် အများဆုံးဖမ်းဆီးရရှိသောဒေသများ
၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်မှထွက်ရှိသော အိုက်စ်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်များသို့ လည်းကောင်း၊ ပြည်တွင်းကိုဖြတ်သန်း၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံနယ်စပ်သို့ လည်းကောင်း၊ ပင်လယ်ရေကြောင်းဖြင့် မလေးရှားနိုင်ငံ ရေပိုင်နက်သို့လည်းကောင်း တရားမဝင်သယ်ဆောင်လျက်ရှိသည်။
ထိုနှစ်အတွင်း နိုင်ငံတစ်ဝန်းဖမ်းဆီးရရှိမှု၏ ၅၃ ဒသမ ၇၄ ရာခိုင်နှုန်းက ရှမ်းပြည်နယ်တွင်လည်းကောင်း၊ ၂၅ ဒသမ ၉၁ ရာခိုင်နှုန်းကို မွန်ပြည်နယ်တွင်လည်းကောင်း၊ ၁၀ ဒသမ ၉ ရာခိုင်နှုန်းကို တနင်္သာရီတိုင်းဒေသကြီးတွင်လည်းကောင်း၊ ၉ ဒသမ ၃ ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီးတွင်လည်း ကောင်း၊ ၀ ဒသမ ၁၁ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီးတွင်လည်းကောင်း ဖမ်းမိခဲ့သည်။
အက်ဖီဒရင်း
ယခင်က စိတ်ကြွဆေးပြားများ ထုတ်လုပ်ရာတွင် အဓိကပါဝင်သော ဓာတုပစ္စည်းဖြစ်သည့် အက်ဖီဒရင်းနှင့် ဆူဒိုအက်ဖီဒရင်းများကို ၂၀၂၀ ပြည့်နှစ်တွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၅ သိန်း၊ ဆူဒိုအက်ဖီဒရင်းအမှုန့်အမှုနှစ်မှု (၂ ဒသမ ၇ ကီလို) ဖမ်းဆီးရမိပြီး ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရရှိမှုမရှိသောကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သူတို့သည် အက်ဖီဒရင်းများအစား အခြားဓာတုပစ္စည်းများ ကိုပြောင်းလဲအစားထိုး၍ မူးယစ်ဆေးဝါးများ ထုတ်လုပ်လာကြောင်း ဖမ်းဆီးရမိမှုဖြစ်စဉ်များက ပြသလျက်ရှိသည်။
ကဖင်းဖမ်းဆီးရရှိမှု
၂၀၂၀ ပြည့်နှစ်တွင် ကဖင်း ၁၁ တန်ကျော် ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကဖင်း ၉ တန်ကျော် ဖမ်းဆီးရမိခဲ့ပါ သည်။ ကဖင်းအများစုမှာ မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ သိရှိရပါသည်။
ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရရှိမှု
မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ဓာတ်ပြုပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများကို မြန်မာနိုင်ငံတွင် ယခင်က ၂၈ မျိုးကို ထိန်းချုပ်ထားခဲ့သော်လည်း မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်သူများသည် အဆိုပါထိန်းချုပ်ဓာတုပစ္စည်းများအစား ထိန်းချုပ်ထားခြင်းမရှိသေးသောဓာတုပစ္စည်းများကို တရားမဝင်သယ်ဆောင်ကာ ပြုပြင်ပြောင်းလဲထုတ်လုပ်နေကြောင်း ဖမ်းဆီးရရှိမှုဖြစ်စဉ်များအရ သိရသောကြောင့် (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေး (CND)မှ ထိန်းချုပ်သည့် ဓာတုပစ္စည်းများနှင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်အရဓာတုပစ္စည်း စုစုပေါင်း ၁၁ မျိုးကို ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်မှစ၍ ထပ်မံထိန်းချုပ်ခဲ့ရာ စုစုပေါင်းဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ၃၂ မှု (စုစုပေါင်း တန်ဖိုးငွေကျပ် ၉၈၈၈ သန်းကျော်)ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ၅၇ မှု (စုစုပေါင်း တန်ဖိုး ငွေကျပ် ၆၅၃၈ သန်းကျော်) ဖမ်းဆီးနိုင်ခဲ့ပါသည်။
ထိန်းချုပ်ဓာတုပစ္စည်းကို ဘက်ပေါင်းစုံမှထိန်းချုပ်ကန့်သတ်ထားသောကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သူတို့သည် ဆိုဒီယမ်ဆိုင်ရာနိုက်များကို မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် P2P နည်းလမ်းဖြင့် ထုတ်လုပ်လာသည်။ ဆိုဒီယမ်ဆိုင်ရာနိုက်များကို မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်တင်သွင်းလျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် ၂၃ တန်ကျော်၊ ၂၀၁၉ ခုနှစ်တွင် လေးတန်ကျော်၊ ၂၀၂၀ ပြည့် နှစ်တွင် ၁၀၇ တန်ကျော်၊ ၂၀၂၁ ခုနှစ်တွင် ၄၈ တန်ကျော် ဖမ်းဆီးရမိခဲ့ပါသည်။
နယ်စပ်ဆက်ဆံရေးရုံးများဖွင့်လှစ်၍ တရားခံများကို လွှဲပြောင်း
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နယ်စပ်ဒေသနှစ်နိုင်ငံအချင်းချင်း သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဆက်ဆံရေးရုံးများကို တရုတ်နယ်စပ်လွယ်ဂျယ်၊ မူဆယ်၊ လောက်ကိုင်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် လေးရုံး၊ လာအိုနယ်စပ်တွင် ဝမ်ပုံနှင့် ဝမ်ကျင်းနှစ်ရုံး၊ ထိုင်းနယ်စပ်ဖြစ်သော တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းတို့တွင် သုံးရုံး၊ အိန္ဒိယနယ်စပ်တွင် ပန်ဆောင်၊ တမူးနှင့်ရိဒ်ခေါဒါရ်တို့တွင် သုံးရုံး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောတွင်တစ်ရုံးဖြင့် စုစုပေါင်း ၁၃ ရုံးကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဆက်ဆံရေးရုံးဖွင့်လှစ်၍ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နယ်စပ်ဒေသများအတွင်း ပြစ်မှုအမျိုးမျိုးဖြင့် တိမ်းရှောင်နေသောတရားခံများကို ဖော်ထုတ်ဖမ်းဆီးပြီးနိုင်ငံချင်း လွှဲပြောင်းပေးနိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမှု ၁၆ ကြိမ် (တရားခံ ၂၀)၊ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အီတလီနိုင်ငံသို့ လွှဲပြောင်းပေးမှုတစ်ကြိမ် (တရားခံ တစ်ဦး)၊ ဂျပန်နိုင်ငံသို့ လွှဲပြောင်းပေးမှုတစ်ကြိမ် (တရားခံ တစ်ဦး) ၂၀၀၅ ခုနှစ်မှ၂၀၁၃ ခုနှစ်အထိ ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ လွှဲပြောင်းပေးမှု သုံးကြိမ်(တရားခံသုံးဦး)၊ ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးမှုတစ်ကြိမ်(တရားခံတစ်ဦး)၊ ၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးမှု ၂၉ ကြိမ် (တရားခံ ၇၃ဦး)၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လွှဲပြောင်းပေးမှု ၁၈ ကြိမ် (တရားခံ ၁၇ ဦး) ဖြစ်သည်။
ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ လူထုပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်မှုဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၌ ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။
သုံးနိုင်ငံ အထူးစစ်ဆင်ရေးများ
ရွှေတြိဂံဒေသအတွင်းသို့ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများ မဝင်ရောက်စေရေးနှင့် ဒေသအတွင်းမှ မူးယစ်ဆေးဝါးများ ဒေသအပြင်သို့မရောက်ရှိစေရေး၊ လာအို-မြန်မာ-ထိုင်းသုံးနိုင်ငံအကြား တစ်ချိန်တည်းတစ်ပြိုင်တည်း မိမိနိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်သည့် ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးစီမံချက်တွင် မြန်မာနိုင်ငံတာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့ပါဝင်ရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ ရှမ်းပြည်နယ်အတွင်း ရှမ်းရိုးမ(၄)အထူးစစ်ဆင်ရေးဖြင့် သုံးနိုင်ငံစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာအမှုပေါင်း ၃၁၉ မှု၊ (တရားခံပေါင်း ၄၁၅ ဦး)တို့အား ဒေသ တန်ဖိုးငွေကျပ် ၄၀ ဒသမ ၉၅ ဘီလီယံ ကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ခေတ်မီရှာဖွေရေးကိရိယာများ တပ်ဆင်အသုံးပြုခြင်း
မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုသည် မြန်မာနိုင်ငံအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှု၊ တရားဝင်တင်သွင်းသော ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိမှု၊ ဓာတုဗေဒကျွမ်းကျင်သူများ တရားမဝင်ဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဝယ်လိုအားမြင့်တက်မှု၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးအရပ်ရပ် ရပ်ဆိုင်းမှုများကြောင့် ကျဆင်းသွားသော စီးပွားရေးလုပ်ငန်းများအစား မူးယစ်ဆေးဝါးများ နိုင်ငံဖြတ်ကျော် သယ်ဆောင်ရောင်းဝယ်သည့် ဂိုဏ်းအဖွဲ့ များ၏ ချိတ်ဆက်မှုမြင့်တက်လာကြောင်း တွေ့ရှိရပါသည်။
ထိုသို့သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင် ရောင်းဝယ်သူများ၏ ပြောင်းလဲ တိုးတက်လာသော နည်းလမ်းနှင့်အမူအကျင့်များကို လိုက်လျော ညီထွေဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ ရန်ပုံငွေဖြင့် X-Ray Station များ Mobile X-Ray ယာဉ်များ ဝယ်ယူတပ်ဆင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ရှာဖွေရန် ခေတ်မီရှာဖွေရေးကိရိယာ X-Ray Station ကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာတွင် ၃၁-၇-၂၀၁၉ ရက်မှစ၍ လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို တားဆီးစစ်ဆေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာတွင် ၃-၂-၂၀၂၂ ရက်နေ့မှစတင်၍လည်းကောင်း တပ်ဆင်၍ ရှာဖွေစစ်ဆေးလျက်ရှိပါသည်။
ရန်ကုန် - မြဝတီလမ်းမှတစ်ဆင့် မူးယစ်ဆေးဝါးများကို ပင်လယ်ရေကြောင်းအသုံးပြု ပြည်ပသို့သယ် ဆောင်ခြင်း၊ မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် ပြည်ပသို့သယ်ဆောင်ခြင်းတို့ကို တားဆီးနိုင်ရန် ပဲခူးတိုင်းဒေသ ကြီး ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ အနီးတွင် X-Ray Station၊ ညောင်ခါးရှည်ကို မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး ပြောင်းလဲလာသော မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းများတွင် Mobile X-Ray ရှာဖွေရေးယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့အပြင် ရှာဖွေစစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်းကို ရှာဖွေဖမ်းဆီးနိုင်ရန် နိုင်ငံတော်ဘတ်ဂျက်ငွေ၊ နိုင်ငံတကာအကူအညီအထောက်အပံ့များဖြင့် ဝယ်ယူထားသည့် Mini Z Portable X-Ray Scanner လက်ကိုင် X-Ray စက်များ၊ ဓာတုပစ္စည်းများကို လွယ်ကူစွာအမျိုးအစား ခွဲခြားစစ်ဆေးနိုင်သည့် ကိရိယာ(Rigaku Chemical Scanner)၊ မူးယစ်ဆေးဝါးအမျိုးအစား စမ်းသပ်သည့်ကိရိယာ (Drug Test Kits)များ အသုံးပြု၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများနှင့် ဓာတုပစ္စည်းထိန်းချုပ်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်လျက် ရှိပါသည်။
ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး
၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် နိုင်ငံအတွင်း တစ်နှစ်တာဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းကို ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကုန်တင်ယာဉ်ရပ်နားကွင်း၌ ငွေကျပ် ၃၂၀ ဒသမ ၁၆၂၃ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၂ မျိုးနှင့် ဓာတုပစ္စည်း သုံးမျိုး၊ မန္တလေးမြို့ အောင်မြေသာဇံ မြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင်အားကစားကွင်း၌ ငွေကျပ် ၁၈၆ ဒသမ ၀၃၇၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၁၆ သန်းကျော်) တန်ဖိုးရှိမူးယစ်ဆေးဝါး ၂၆ မျိုး၊ ဓာတုပစ္စည်း ၁၀ မျိုး၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံ ကွင်း၌ ငွေကျပ် ၅၆၂ ဒသမ ၄၆၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၁ ဒသမ ၅၃၇၈ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၁၃ မျိုးနှင့် ဓာတုပစ္စည်း ၂၂ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုနေ့တွင် ဘိန်း ၃ ဒသမ ၈ တန် ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ၁၄ တန်ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ဘိန်းစာမှုန့်နှစ်တန်ကျော်၊ ကက်တမင်း ၂၈၉ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း စုစုပေါင်း ၆၂ မျိုး၊ ငွေကျပ် ၁၀၆၈ ဒသမ ၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆၇ ဒသမ ၉၁၂၉ သန်းကျော်)ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ဆောင်ရွက်ခြင်း
၂၀၀၄ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၀၄) ဖြင့် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေး ဆိုင်ရာနည်းဥပဒေကို အခန်း(၁၄)ခန်းဖြင့် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။ တရားမဝင်မူးယစ်ဆေးဝါးများ ထုတ်လုပ်သည့်အနေအထားသို့ မရောက်စေရေးအတွက် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအပြင် မြန်မာနိုင်ငံအတွင်းသို့ တရားဝင်လမ်းကြောင်းများမှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန်လျှောက်ထားသော ဓာတုပစ္စည်းများအား လမ်းလွှဲမရောက်ရှိစေရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့တို့က ထိန်းသိမ်းကြပ်မတ်ကွပ်ကဲဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၃၁၄/၂၀၂၁) ဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဗဟိုအဖွဲ့၏ ကွပ်ကဲမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပေးကာ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခဲ့သည်။
ဗဟိုအဖွဲ့မှဖွဲ့စည်းပေးသော လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့တွင်ပါဝင်သည့် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)ကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများ၏ ကိုယ်စားလှယ် ၁၂ ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ထိန်းချုပ်ဓာတုပစ္စည်းများ ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုမှတစ်ခုသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိအသုံးပြုခြင်း၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းတို့ကို တရားမဝင်လမ်းကြောင်းသို့ လမ်းလွှဲရောက်ရှိခြင်းမဖြစ်စေရန် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေအရ ၂၀၀၉ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့များကိုဖွဲ့စည်းပြီး ထိန်းချုပ်ဓာတုပစ္စည်းများ နောက်ဆုံးထုတ်ကုန် (End Pro-duct) အထိ အမှန်တကယ် ရောက်ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
(ဆက်လက်ဖော်ပြပါမည်)