မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့၌ နေရပ်ပြန်ပြည်သူများထားရှိမည့် ကန့်သတ်သွားလာရေးစခန်းနေရာသို့ ကြည့်ရှုစစ်ဆေး

မုဒုံ      မေ     ၂၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ မိုးကုတ်ဝိပဿနာ တရားစခန်း၌ နေရပ်ပြန်ပြည်သူများ ထားရှိမည့် ကန့်သတ် သွား လာရေးစခန်းနေရာသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိသည်။

ဝန်ကြီးချုပ်နှင့်အတူ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ်ကျန်းမာ ရေးမှူး ဒေါက်တာမြင့်သိန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က အဆိုပါနေရာသို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး မုဒုံမြို့နယ်တွင် အဆိုပါနေရာသည် ဒုတိယအကြိမ် ကန့်သတ်သွား လာရေးစခန်းအဖြစ် ထားရှိမည်ဖြစ်သည်။ ထို့နောက် ၎င်းနေရာတွင် နေရပ်ပြန်ပြည်သူ(၂၀၀)ဦး ထားရှိမည်ဖြစ်ကြောင်း၊ ထိုနေရပ် ပြန်ပြည်သူ (၂၀၀)ဦးတို့သည် ပထမအကြိမ် ကျန်းမာရေးစစ်ဆေးထားပြီး နောက် (၁၀) ရက်အကြာတွင် ဒုတိယအကြိမ် ကျန်းမာရေး ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်သူများကို(၂၁)ရက်ကြာနေထိုင်ပြီး ကျန်(၇)ရက်ကို Home Quarantine နေရမည်ဖြစ်သည်။

အဆိုပါနေရာ၌ အသုံးပြုနိုင်ရန် အဝတ်နှာခေါင်းစည်း အခုရေ(၄၀၀)၊ လက်သန့် ဆေးရည် Hand Rub (၂၀၀) ဘူး တို့ကို   မေတ္တာစံအိမ် (Day Care Family)အသင်းမှ    ပေးအပ် လှူဒါန်း၍ ဝန်ကြီးချုပ်က လက်ခံကာ ဆက်လက်၍ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)