အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေး သစ်ပင်သစ်တောများစိုက်ပျိုးပြုစုထိန်းသိမ်းပေး
သစ်တောမောင်
အပူပိုင်းဒေသ အဓိကပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ
ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာအာဟာရ လျော့နည်းလာခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ မြေအဆင့်အတန်းလျော့ကျခြင်း၊ ရေခန်းခြောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းလာခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံရင်ဆိုင်ရလျက် ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင်လည်း အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ကြရလျက်ရှိပါသည်။
အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်းမှသည် အသက်သေဆုံးသည်အထိ အန္တရာယ် ကြီးပါသည်။ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ လေထုနှင့်မြေထု အပူချိန်မြင့်မား မှုဒဏ်ကြာရှည်စွာခံစားရခြင်း၊ အပူချိန်အတက် အကျလွန်ကဲခြင်း၊ မြေဆီလွှာရေငွေ့ပျံမှုနှုန်း မြင့်မားခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊ မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်းနိမ့်ကျခြင်း၊ ရေနှင့် လေတိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာ တိုက်စားခြင်း စသည်တို့သည် အဓိကရင်ဆိုင်နေ ရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြစ်သည်။
မြေယာအတန်းအစား ကျဆင်းခြင်း
မြေယာအတန်းအစား ကျဆင်းခြင်းဆိုသည်မှာ မြေသြဇာကောင်းမွန်သော မြေများမှ စိုက်ပျိုးရေးသီးနှံထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်ရန် မဖြစ်ထွန်းနိုင်သော ခြောက်သွေ့သောမြေများ၊ သစ်ပင်များပေါက်ရောက်နိုင်ရန် စိုက်ပျိုးနိုင်ရန်ခက်ခဲသောမြေများ၊ အောက်ခံကျောက်သားများသာ တွေ့မြင်ရနိုင်သည့် ကျောက်တောင်၊ ကျောက်ကုန်းများအဖြစ် ပြောင်းလဲသွားသည့်ဖြစ်စဉ်ကို ဆိုလိုပါသည်။ မြေယာအတန်းအစား ကျဆင်းပျက်စီးခြင်း၊ တစ်မုဟုတ်ချင်း ပြောင်းလဲသွားခြင်းမဟုတ်ဘဲ သစ်ပင်သစ်တောများ ပျက်စီးပြုန်းတီးမှု၊ ဂေဟစနစ်များ ပျက်စီးမှုများမှတစ်ဆင့် အပင်များပေါက်ရောက်နိုင်မှုမရှိဘဲ တစ်စတစ်စလျော့နည်းပျောက်ကွယ်သွားသည့် ဖြစ်စဉ်ဖြစ်ပါသည်။ နောက်ဆုံးတွင် သဲကန္တာရ ဖြစ်ပေါ်လာသည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်များသည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နှောင့်နှေး စေနိုင်သည့်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါသည်။
သစ်တောသယံဇာတများကို စနစ်တကျ စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်း၊ သစ်တောပြုန်းတီးသော တောနိမ့်၊ တောပျက်များတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ မြေအသုံးချမှုစနစ်တကျ ထိရောက်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့် စိုက်ပျိုးရေးနည်းစနစ်များအသုံးပြုခြင်း (Climate Smart Agriculture-CSA)စသည့် နည်းလမ်းများသည် အဆိုပါပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်သည့် သဘာဝအခြေခံသော နည်းလမ်းများ (Nature-based solutions) ဖြစ်ပါသည်။
မြေဆီလွှာထိန်းသိမ်းရေး
စိုက်ပျိုးရေးသီးနှံများဖြစ်စေ၊ သစ်တောသစ်ပင်များဖြစ်စေ ရှင်သန်ကြီးထွား ဖြစ်ထွန်းအောင်မြင်ရန် အဓိကအားဖြင့် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြည့်စုံကောင်းမွန်ရန် လိုအပ်ပါသည်။ အဆိုပါလေးမျိုးအနက် မြေဆီလွှာ(Soil)သည် အပင်များအသက်ရှင် ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုသော အပေါ်ယံမြေလွှာဖြစ်ပါသည်။ ကြေကွဲပျက်စီးနေသောသတ္တုများ (Minerals)၊ ဆွေးမြေ့နေသည့် အော်ဂဲနစ်ပစ္စည်းများ၊ အလွှာအမျိုးမျိုးပါသော သဘာဝမြေသားကို မြေဆီလွှာဟု ခေါ်ဆိုကြသည်။ ပြိုကွဲကျေပျက်ပြီးသော တွင်းထွက်သတ္တုများနှင့် ဆွေးမြေ့သက်ရှိပစ္စည်းများ ရောနှောပါဝင်ဖွဲ့စည်းထားသော အရင်းအမြစ်လည်းဖြစ်ပါသည်။ မြေဆီလွှာသည် အစားထိုးမရသော သဘာဝသယံဇာတဖြစ်ပြီး အပင်များကြီးထွားရန်အတွက် အထောက်အကူပြုသည့် ကမ္ဘာ့အပေါ်ယံရှိ အလွှာပါးဖြစ်ပါသည်။ မြေဆီလွှာသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် နေထိုင်စရာတို့ကို ထောက်ပံ့ပေးနေသည့် သဘာဝသယံဇာတ ဖြစ်ပါသည်။
မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာပျက်စီးခြင်းကြောင့် ဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ် နိုင်ပါသည်။ မြေဆီလွှာပျက်စီးခြင်း၏ လက္ခဏာများမှာများပြားသည်။ ရုပ်ဂုဏ်သတ္တိများပျက်စီးခြင်း (ဥပမာ-မြေဆီလွှာအားရေနှင့် လေတိုက်စားခြင်းကြောင့် မြေစိုင်မြေခဲများ ကြေမွပျက်စီးခြင်း၊ မြေသားဖွဲ့စည်းတည်ဆောက်မှုကို ပျက်စီးခြင်း)၊ ဓာတ်ဂုဏ်သတ္တိများ ပျက်စီးခြင်း (ဥပမာ-မြေသည် ဆိုးဆိုးရွားရွား မြေချဉ်ခြင်း၊ ငန်ခြင်း၊ အက်စစ်ဖြစ်ပေါ်ခြင်း၊ ဆားပေါက်ခြင်း၊ Micro-nutrientနှင့် Macro-nutrient စသည့် အာဟာရဓာတ်များချို့တဲ့ခြင်း)၊ ဇီဝဂုဏ်သတ္တိများပျက်စီးခြင်း (ဥပမာ- မြေဆီလွှာတွင်ပါဝင်သည့် အဏုဇီဝပိုးမွှားများ Micro- organism နှင့် Macro-organism များ လျော့နည်းသွားခြင်း) ဟူ၍လည်း ခွဲခြားနိုင်ပါသည်။
မြေဆီလွှာ၊ ရေသယံဇာတနှင့် သစ်ပင်သစ်တောများသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသဖြင့် မြေ၊ရေနှင့် သစ်ပင်သစ်တောများကို ဘက်စုံကဏ္ဍစုံနည်းလမ်းအမျိုးမျိုးဖြင့် ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ ကွန်တိုကန်သင်းတည်ဆောက်ခြင်း၊ နုန်းတားဆည်/ ကန်သင်း တည်ဆောက်ခြင်း၊ ရေကျော် ကျောက်တန်းတည်ဆောက်ခြင်း၊ ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း၊ စိုက်ကျင်းများဖြင့် သစ်ပင်စိုက်ပျိုးခြင်းကဲ့သို့ ရုပ်ဝတ္တုများအသုံးပြု ထိန်းသိမ်းခြင်း (Physical Measures)၊ တောင်စောင်းများတွင် ကွန်တိုလိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း၊ မြေဆီလွှာဖုံးရန် အပင်ငယ်များ စိုက်ပျိုးခြင်း၊ လေကာပင်များစိုက်ပျိုးခြင်း စသည့်သက်ရှိများ အသုံးပြုထိန်းသိမ်းခြင်း (Biological Measures)နှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း၊ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနည်းလမ်းကောင်းများ ကျင့်သုံးစိုက်ပျိုးခြင်း (Good Agriculture Practices) အစရှိသည့် စိုက်ပျိုးရေးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း (Agronomic Measures) အဓိက အသုံးပြုဆောင် ရွက်နိုင်ပါသည်။
အထူးသဖြင့် အပူပိုင်းဒေသများတွင် အပူချိန်လျှော့ချနိုင်ရန်နှင့် အရိပ်အာဝါသများရရှိစေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို အထောက် အကူပြုစေရန်၊ မြေဆီလွှာအာဟာရဓာတ်များ တိုးတက်ကောင်းမွန်စေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ် မှုမြင့်မားလာစေရန်၊ အပူပိုင်းမိုးခေါင်ရေရှားဒေသများတွင် မိုးရေအားစုဆောင်းရန်နှင့် ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန် “ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD)” က အောက်ပါလုပ်ငန်းများ ဆောင်ရွက်ရန်တိုက်တွန်းထားပါသည် -
- သစ်တောများပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ ဓမ္မတာ မျိုးဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- ရေများကိုချွေတာသုံးစွဲခြင်း၊ သန့်စင်ပြီး ပြန်လည်သုံးစွဲခြင်း၊ မိုးရေကို စနစ်တကျစုဆောင်း အသုံးပြုခြင်းများအပါအဝင် ရေသယံဇာတများ ထိန်းသိမ်းခြင်းနှင့် စနစ်တကျစီမံခန့်ခွဲခြင်း၊
- လေတိုက်စားမှု၊ ရေတိုက်စားမှုများ ကာကွယ်ရန်အတွက် မြေဆီလွှာအကာအကွယ် အဖြစ်ရှင်သန်နိုင်မည့် ဒေသမျိုးရင်းအပင်များ၊ ကြီးမြန်သစ်ပင်များ၊ အပူဒဏ်ခံနိုင်သော အပင်များစိုက်ပျိုးခြင်း၊
- လယ်၊ ယာအစပ်များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း Home Garden ကဲ့သို့ သစ်ပင်မျိုးစုံတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊
- သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့် ကိုင်းချိုင်ခြင်းမှရရှိလာသောသစ်ရွက်၊ သစ်ကိုင်းများကို အပင်ခြေတွင်စုပုံပြီး မြေဆီလွှာအား အကာအကွယ်ပေးခြင်း။
မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ နည်းလမ်းများစွာရှိရာ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းသည် အခြေခံအကျအဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ ရိုးရှင်းလွယ်ကူဆုံး၊ လူတိုင်းလူတိုင်း နေရာဒေသမရွေး ဆောင်ရွက်နိုင်ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
သစ်ပင်စိုက်ပျိုး၍ မြေယာပြုပြင်ထိန်းသိမ်းခြင်း
အပူပိုင်းဒေသသည် ပူပြင်းခြောက်သွေ့ပြီး မိုးရေချိန်နည်းပါးကာ မြေတိုက်စားမှုများကြောင့် အပေါ်ယံမြေဆီလွှာနည်းပါးသဖြင့် အပင်များသဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှသလို ရှင်သန် အောင်မြင်စေရန် စိုက်ပျိုးရန်လည်း ခက်ခဲပါသည်။ အထူးသဖြင့်အပူပိုင်းဒေသ၏ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့် အပင်မျိုးစိတ်များရှင်သန် ဖြစ်ထွန်းအောင်မြင်ရန် အလွန်ခက်ခဲပါသည်။ သစ်ပင်စိုက်ပျိုးသည့် နေရာဒေသ၏ ရာသီဥတု၊ မိုး ရေချိန်၊ မိုးရွာသွန်းမှုပုံစံ၊ မြေဆီလွှာအခြေအနေနှင့် စိုက်ပျိုးမည့် သစ်မျိုးတို့အပေါ်မူတည်ပြီး ကြံ့ခိုင်သန်စွမ်းသော ပျိုးပင်၊ မှန်ကန်သင့်တော်သည့် စိုက်ပျိုးနည်းစနစ်၊ လုံလောက်သော သွင်းအားစု၊ စဉ်ဆက်မပြတ် ပြုစုထိန်းသိမ်းမှုတို့ဖြင့် စိုက်ပျိုးဆောင်ရွက်ကြမှသာ အောင်မြင်နိုင်သည်။
အပူပိုင်းဒေသများရှိ မြေဆီဩဇာအာဟာရ နည်းပါးနေသောမြေများ၊ ထုတ်လုပ်နိုင်မှုစွမ်းအား ကျဆင်းနေသောမြေများ၊ မြေဆီလွှာအတန်းအစား ကျဆင်းနေသောမြေများကို ပြန်လည်ကောင်းမွန် လာစေရေးအတွက် သစ်တောသစ်ပင်များ၊ နှစ်ရှည် စားပင်သီးပင်များကို မှန်ကန်စွာရွေးချယ်စိုက်ပျိုးမှသာ အပင်များရေရှည်ရှင်သန်အောင်မြင်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် ယခုအခါ အပူပိုင်းဒေသတွင် ရှင်သန်အောင်မြင်နိုင်သည့် ဒေသမျိုးရင်း သစ်မျိုးများဖြစ်သော တမာ၊ ထနောင်း၊ မန်ကျည်း၊ မြန်မာ ကုက္ကို၊ မြန်မာရှား၊ ဒဟတ်၊ သခွပ်၊ မဲဇလီ၊ ပန်းမဲဇလီ၊ မယ်ဇယ်၊ စန္ဒကူး၊ ဖျောက်ဆိပ်၊ စံကားဝါ၊ သစ်ဆိမ့်စသည့် ဒေသမျိုးရင်းသစ်မျိုးများကို ပျိုးထောင် စိုက်ပျိုးလာလျက်ရှိပါသည်။ အဆိုပါဒေသမျိုးရင်း သစ်မျိုးများသည် နွေအပူဒဏ်ခံနိုင်၍ အရိပ်အာဝါသ ပေးစွမ်းနိုင်ရုံသာမက အသီး၊ အပွင့်၊ အညွန့်၊ အရွက်၊ အခေါက်တို့ကိုလည်း ချက်ပြုတ်စားသုံးနိုင်သကဲ့သို့ ဆေးဖက်ဝင်အဖြစ်လည်း အသုံးပြုနိုင်သည့် အကျိုးကျေးဇူးများ ပံ့ပိုးပေးပါသည်။ အပူပိုင်းဒေသ ဇီဝမျိုးစုံမျိုးကွဲများလည်း တိုးပွားစေပါသည်။
ထို့အပြင် မြေညံ့များကို ထုတ်လုပ်မှုစွမ်းအား ပြန်လည်ကောင်းမွန်လာစေရေးအတွက် မြေပေါ်ဇီဝဒြပ်ထုထုတ်လုပ်မှုအားကောင်းသော အပင်များ၊ နိုက်ထရိုဂျင်ဓာတ် ထုတ်နိုင်စွမ်းမြင့်မားသောအပင်များ (Nitrogen fixing trees)၊ ရေသောက်မြစ် ရှည်သော၊ အမြစ်မွှားများသောအပင်များ၊ ပင်ကြွေဆွေးမြေ့မှုမြန်သောအပင်များ၊ ခြောက်သွေ့မှု ဒဏ်ခံနိုင်သောအပင်များ စသည်ဖြင့် ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။ ဥပမာ- ဘောစကိုင်း၊ သင်္ဘော၊ ပန်းတမာ၊ ပဲချယ်ရီ၊ ယမနေ၊ မြန်မာကုက္ကို၊ ပိတောက်၊ ပေါက်ပန်းဖြူ၊ မဲဇလီ၊ ပန်းမဲဇလီ၊ ဆီး၊ အော်ရီရှား၊ မန်ဂျန်ရှား၊ ဖျောက်ဆိပ်၊ ဒဟတ်၊ ကန္တာစိမ်းစသည့် အပင်မျိုးများကိုလည်း နေရာဒေသအလိုက် သင့်တော်သလို ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။
လမ်းဘေးဝဲယာများတွင် စိုက်ပျိုးခြင်း
လမ်းဘေးဝဲယာတွင် စိုက်ပျိုးရန်အတွက် နေရာဒေသ၊ ရေ၊ မြေ၊ ရာသီဥတုအခြေအနေနှင့် ကိုက်ညီသော အပင်မျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်သကဲ့သို့ အမြဲစိမ်းအပင်များ၊ အရွက်သေး သော၊ ရွက်အုပ်ကောင်းသော၊ အပွင့်လှပသော၊ အမြစ်နက်ရှိုင်းစွာရှိပြီး အကြမ်းခံသော အပင်စရိုက် လက္ခဏာများရှိသည့် သစ်မျိုးများ၊ ကြီးမြန်သစ်မျိုးများကိုလည်း ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ဥပမာ- မြန်မာကုက္ကို၊ ထနောင်း၊ တမာ၊ စိန်ပန်း၊ မဲဇလီ၊ ပန်းမဲဇလီ၊ ခရေ၊ ပိတောက်၊ ငုစပ်၊ ငုရွှေ၊ ပဲချယ်ရီ၊ စွယ်တော်၊ ညောင်၊ မန်ကျည်း၊ ပျဉ်းမ၊ ရေတမာ (သင်္ဘောတည်)၊ မန်ဂျန်ရှား၊ အကေးရှား၊ ယူကလစ်၊ ပြည်လုံးချမ်းသာ၊ သင်္ဘောကုက္ကို၊ ခါတော်မီ၊ ဆီသပြေ၊ မယ်ဇယ် စသည်တို့ကို စိုက်ပျိုးနိုင်ပါသည်။
အပူပိုင်းဒေသတွင် အရိပ်ကောင်းသော မန်ကျည်း၊ လက်ပံ၊ ညောင်၊ ညောင်ထောက်၊ ပေါက် စသည်တို့ကိုလည်း စိုက်ပျိုးကြပါသည်။ သစ်ပင် သစ်တောများ ပြန်လည် စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမျှတကောင်းမွန်လာစေပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလာခြင်း၊ ထုတ်လုပ်မှု ကောင်းမွန်သောမြေယာများ ပြန်လည်ဖြစ်လာစေခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုများ၊ မိုးခေါင်ရေရှားမှု ပြဿနာများနှင့် ပူပြင်းခြောက်သွေ့မှုများကို တားဆီးကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိ နိုင်မည်ဖြစ်ပါသည်။
သစ်တောနယ်မြေပြင်ပတွင်စိုက်ပျိုးခြင်း
သစ်တောနယ်မြေများ (သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ)တွင်သာမက သစ်တော နယ်မြေပြင်ပမှ သစ်ပင်များ (Trees Outside Forests-ToF)၏ အခန်းကဏ္ဍကိုလည်း ပိုမိုမြှင့်တင် စိုက်ပျိုးထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် စိမ်းလန်းစိုပြည်သောကျေးရွာနှင့် မြို့ပြများ ပေါ်ထွက်လာမည် ဖြစ်သည်။ ဥပမာအားဖြင့် မိမိတို့၏အိမ်ခြံဝင်း ပတ်လည်နှင့် လယ်ယာများပတ်လည်တွင် စားပင်၊ သီးပင်၊ နှစ်ရှည်ပင်၊ သစ်တောသစ်ပင် အစရှိသည့် အပင်များစိုက်ခြင်းနှင့် သဘာဝအပင်ကျန်များ ထိန်းသိမ်းခြင်း၊ ကျေးရွာအတွင်းနှင့် ပတ်ဝန်းကျင် တစ်အုပ်တစ်မစိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာ ထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ပျိုးခြင်း၊ မြို့ပြနှင့် မြို့ပြပတ်ဝန်းကျင်အတွင်း အစိမ်းရောင်ဧရိယာများ (Green Space)များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ မြစ်၊ ချောင်းတစ်လျှောက်နှင့် ရေကန်များ၊ အင်း၊ အိုင်များ ပတ်လည်တွင် စိုက်ပျိုးထိန်းသိမ်းခြင်း၊ မီးရထားလမ်း၊ ကားလမ်းဘေးဝဲ၊ ယာများတွင် စိုက်ပျိုးခြင်း၊ တောင်ထိပ်၊ တောင်ကုန်းများတွင် စိုက်ပျိုးထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ သစ်တောနယ်မြေ ပြင်ပနေရာများတွင် စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် စိမ်းလန်းသောကျောင်းများ၊ ကျေးရွာများ၊ မြို့ပြများထွက်ပေါ်လာမည်ဖြစ်သည်။
အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့အနေဖြင့် အပူပိုင်းဒေသအပါအဝင် ဂေဟစနစ်အမျိုးမျိုးရှိ သစ်ပင်သစ်တောကျဲပါးသော နေရာများတွင် သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာစေ ရေး၊ သစ်တောများရေရှည်တည်တံ့စေရေးအတွက် သစ်တောများကိုစနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင် လျက်ရှိပါသည်။ နှစ် ၃၀ အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်း(၂၀၀၁- ၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ် အထိ)၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံသစ်တောများပြန်လည်တည် ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ)များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသများတွင် အပူဒဏ်လျော့ပါးသက်သာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး အထောက်အကူပြုရန်နှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုသာယာကောင်းမွန်လာစေရန် ရည်ရွယ်ပြီးနှစ်တို၊ နှစ်ရှည် စီမံချက်များအရ စိုက်ပျိုးခြင်းအပြင် ၂၀၂၄ ခုနှစ် မိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း တစ်ရွာ နှစ်ဧက စိုက်ခင်း ၁၀၄၉ ဒသမ ၄၁ ဧက (အပင်ပေါင်း ၃၅၈၅၀၃ ပင်)၊ ဘက်စုံသုံးစိုက်ခင်း ၃၃၉ ဒသမ ၇၉ ဧက(အပင်ပေါင်း ၁၀၆၉၂၄ ပင်)၊ ကျေးရွာထင်းစိုက်ခင်း ဧက ၁၈၅၀ (အပင်ပေါင်း ၁၅၅၅၁၀၀ ပင်)၊ ရေဝေရေလဲ စိုက်ခင်း ၉၀၅ ဧက (အပင်ပေါင်း ၂၈၇၅၇၅ ပင်)၊ တောင်တန်းစိုက်ခင်း ၂၇၅ ဧက (အပင်ပေါင်း ၁၁၀၈၂၅ ပင်)၊ အခြားစိုက်ခင်း ဧက ၂၀၀ (အပင် ပေါင်း ၂၄၂၀၀ )၊ အထူး စိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၃၅၉၅၂၉ ပင်၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၂၇ ဒသမ ၈၇ ဧက (အပင်ပေါင်း ၅၅၇၇ ပင်)၊ လမ်းဘေးဝဲ/ယာ စိုက်ပျိုးခြင်းအပင် ၂၉၂၂၀၊ သစ်ပင်စိုက်ပျိုး ပွဲတော်များကျင်းပခြင်း ၂၈၆၈၈ ပင် စုစုပေါင်း ၄၆၄၇ ဒသမ ၀၇ ဧက (အပင်ပေါင်း ၂၈၆၆၁၄၁ ပင်)တို့ကို စိုက်ပျိုးတည်ထောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထို့အပြင် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှ ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်အထိ ၅ နှစ် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် မိုးရာသီတွင် စုစုပေါင်း ၄၂၉၁ ဒသမ ၉၅ ဧက (အပင်ပေါင်း ၁၈၈၇၅၉၀ ) စိုက်ပျိုးဆောင်ရွက် လျက်ရှိပါသည်။ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများတွင် လူတိုင်းပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော်များကို အပူပိုင်းဒေသ (၁၃) ခရိုင် အပါအဝင်နိုင်ငံတစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိပါသည်။
သစ်ပင်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထား ဂုဏ်ယူသောစိတ်ဖြင့် စိုက်ပျိုးထိန်းသိမ်းပါစို့
“သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဟု ဆိုပါသည်။ သစ်ပင်သစ်တောများကို ချစ်ခင်နှစ်သက်စွာ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် အဖိုးတန်ရွှေများကို ပိုင်စိုးရသကဲ့သို့ ချမ်းသာကြွယ်ဝနိုင်ကြောင်း ဖော်ညွှန်းထားခြင်းဖြစ်သည်။ “သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားခို” ဆိုသော်လည်း သစ်ပင်တစ်ပင် ရှင်သန်အောင်မြင်ပါက ကျေးငှက်တိရစ္ဆာန်များစွာ နားခိုနိုင်ရုံသာကမ ဘက်စုံအကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများသည် နိုင်ငံတော်၏ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အလွန်အရေးကြီးပြီး အကျိုးကျေးဇူးကြီးမား စေသည့် သဘာဝရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါသည်။
စိမ်းလန်းစိုပြည်သာယာသည့် ရေမြေတောတောင် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ကောင်း များကို အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းနိုင်ရန်၊ ဂုဏ်ယူတန်ဖိုးထားတတ်ရန်၊ စိမ်းစို သာယာလှပသည့် မိမိတို့နိုင်ငံကို ချစ်ခင်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်နေစေရန်၊ သစ်တောများမှ ပံ့ပိုးသော ဂေဟစနစ်ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ရန် သစ်ပင်များအရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ်စိုက်ပျိုးကြရမည်ဖြစ်ပါသည်။
သစ်တောနယ်မြေနှင့် သစ်တောနယ်မြေပြင်ပ မည်သည့်နေရာမှ သစ်ပင်သစ်တောများကိုမဆို တန်ဖိုးထား ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ တစ်ဦးချင်း တစ်ယောက်ချင်းအနေဖြင့်လည်း ကောင်း၊ အစုအဖွဲ့ဖြင့်လည်းကောင်း အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အကျိုးဆက်စပ်ပတ်သက်သူများ၊ ပုဂ္ဂလိက ကဏ္ဍများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး မိမိတို့၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်များကို သစ်ပင်ပန်းမန်များ၊ သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး ရာသီဥတုမျှတကောင်းမွန်သော ဒေသကြီးများ ဖြစ်လာစေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းကို တန်ဖိုးထားဂုဏ်ယူစွာ စိုက်ပျိုး ထိန်းသိမ်းပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။