နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာ

လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံ့အကျိုးသယ်ပိုး

 

ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှု များပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်း မွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များ ဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁) နှစ်တာကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှု များကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

 

ပို့ဆောင်ရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် လုပ်ငန်း တစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းဖြင့် ထိုနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လူမှုဘဝများအတွက် များစွာအထောက် အကူဖြစ်စေသည်။

 

မြန်မာနိုင်ငံသည် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းနှင့် လေကြောင်း ဆက်သွယ်မှုများကို အခြားသော တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံကြီးများနည်းတူ အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် အစိုးရသစ်တာဝန်ယူသည့် အချိန်မှစ၍ အမျိုးသား ပို့ဆောင်ရေး ပင်မစီမံကိန်း အပါအဝင် များပြားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့သည့် ဝန်ကြီးဌာနဖြစ်သည်။

 

▲ ပို့ဆောင်ရေးမူဝါဒ ▲

 

ဒေသတွင်း နိုင်ငံများအကြား နိမ့်ကျလျက်ရှိသည့် ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများကို အလျင်အမြန် အဆင့်မြှင့်တင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ထိရောက်ခေတ်မီပြီး စရိတ်ကျဉ်းသည့် သယ်ယူပို့ဆောင်ရေးစနစ် ထူထောင်ရေးသည် ပို့ဆောင်ရေးမူဝါဒ ဖြစ်ပါသည်။

 

စီးပွားရေးပိုင်းနှင့် စည်းမျဉ်း၊ စည်းကမ်းပိုင်းအရ ညီညွတ်မှုရှိသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကောင်း တစ်ရပ် ဖြစ်လာရေးအတွက် အသုံးပြုသူများက ရွေးချယ်နိုင်သည့် အခြေအနေ၊ အသုံးပြုသူများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးနိုင်ခြင်း အခြေအနေ၊ အစိုးရ၏စွက်ဖက်မှု ကင်းကင်းဖြင့် ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဈေးကွက်အတွင်း သတ်မှတ်ထားသည့်နှုန်းထားနှင် ကိုက်ညီရမည့် အခြေအနေ စသည့်အခြေအနေ ကောင်းများရရှိလာရန် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ သိရှိရသည်။

 

▲ အထူးဝါယမစိုက် ▲

 

ယခုအခါ အစိုးရသစ်၏ လျှောက်လှမ်းမှုမှာ တတိယ (၁) နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ပြည်သူများ အကျိုးအတွက် သင့်တော်ကောင်းမွန်သည့် ဖွဲ့စည်းမှုများဖြင့် ဌာနအလိုက် ကျရာတာဝန်ကို ကျေပွန်အောင် အထူးဝါယမစိုက် ကြိုးပမ်းလျက်ရှိသည်။ ဝန်ကြီးဌာနသည် အခြားသော ဝန်ကြီးဌာနများနည်းတူ နိုင်ငံတော်နှင့် ပြည်သူအတွက် တတ်စွမ်းသမျှ အားဖြည့်ပေးလျက် ရှိသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆိုသည့်အတိုင်း များပြားလှသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ ဦးစီးဌာနများ ပါဝင်ပြီး လုပ်ငန်းဌာနအသီးသီးသည် ပြည်သူကို ကိုယ်စားပြုကာ ပြည်သူအတွက် လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးလျက် ရှိသည်။

 

အစိုးရနှင့်ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအကြား ပိုမိုတိုးတက်မည့် ယှဉ်ပြိုင်နိုင်စွမ်းအားကို လမ်းဖွင့်ပေးရန်အတွက် ကြိုးပမ်းနေပြီး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တောင့်တင်းခိုင်မာစွာ ဖြည့်ဆည်းနိုင်ရေးအတွက် ရရှိသည့်အခွန်အခများကို အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

 

''နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ကော်ပိုရေးရှင်းအသွင် ပြောင်းလဲနိုင်ဖို့အတွက် ရည်ရွယ်ထားသလို တစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့ လုပ်ငန်း၊ လူမှုရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

 

▲ ပြည်သူအတွက် မမ ▲

 

မြန်မာ့မီးရထားသည် ရာစုနှစ်နှင့်ချီ၍ မြန်မာ့မြေပေါ်တွင် ရပ်တည်ဝန်ဆောင်မှုပေးခဲ့သည့် သယ်ယူပို့ဆောင်ရေး ခရီးသွားစနစ်တစ်ခုဖြစ်သည်။

 

ပြည်သူများကို ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးသည် မြန်မာ့မီးရထား ၏ ရည်မှန်းချက်ဖြစ်သည်။ အခြားသော သယ်ယူပို့ဆောင်ရေးကဏ္ဍများကဲ့သို့ ခေတ်ကို အမီလိုက်နိုင်ရန်နှင့် စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မြန်မာ့မီးရထားကဏ္ဍ မြှင့်တင်ခွင့် ရရန် ကြိုးပမ်းနေသည်ကို မြင်တွေ့ရသည်။

 

မြန်မာ့မီးရထားတွင် အမြန်ရထား ၃၉ စင်း၊ စာပို့ရထား ၅၃ စင်း၊ လူစီးကုန်တင်ရထား ၄၇ စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၂၂၁ စင်းတို့ဖြင့် လက်ရှိတွင် ပြေးဆွဲပေးနေပြီး လိုအပ်သည့် စက်ခေါင်းများနှင့် တွဲအသစ်များကို ဝယ်ယူဖြည့်တင်းလျက်ရှိကာ ပြည်သူများ ခရီးသွားလာရန်အတွက် အရေးပါသည့် ရထားလမ်းပိုင်းများကို ပြန်လည် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။ ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းနှင့် ရန်ကုန် - မန္တလေး ရထားလမ်း၊ ပဲခူး - မော်လမြိုင် ရထားလမ်း၊ မန္တလေး - မြစ်ကြီးနား ရထားလမ်းတို့အပြင် ရန်ကုန် - ပြည်ရထားလမ်း ပိုင်းတို့ကို ဦးစားပေးကဏ္ဍများအဖြစ် ဆောင်ရွက်လျက်ရှိသည်။

 

▲ ရန်ကုန်မြို့ပတ်ရထားလမ်းများ ပြုပြင်ပြောင်းလဲ ▲

 

''မြို့ပတ်ရထားလမ်းတစ်လျှောက် ရေမြောင်းတွေတူးတယ်။ ဘူတာပလက်ဖောင်းတွေနဲ့ သံလမ်းတွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ မြို့ပတ်ရထားလမ်း PC Girder လဲလှယ် ထားသော တံတားတွေရဲ့ အောက်ခြေအပိုင်း အဆင့်မြှင့်တင်တာ၊ သံလမ်းတိုင်နဲ့ သံဆန်ခါ ခြံစည်းရိုးကာရံတာ၊ လမ်းခင်းကျောက် ဖြည့်တင်းတာ၊ သံမဏိသံပေါင် နေရာမှာ PC Concrete အမေရိကန်ဒေါ်လာ ၂၀၇ သန်းနဲ့ ပြည်ထောင်စု ဘတ်ဂျက်ငွေကျပ် ၅၄ ဘီလီယံတို့နဲ့ ဆောင်ရွက်ပါတယ်။ ချေးငွေနဲ့ အချက်ပြစနစ်တွေ၊ DEMU တွဲတွေ ဝယ်ယူ ဖြည့်တင်းပြီး မြို့ပြလုပ်ငန်းတွေကို ဘတ်ဂျက်နဲ့ ဆောင်ရွက်နေပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန လုပ်ဆောင်ချက်များကို ရှင်းလင်း ပြောကြားသည်။

 

အကြီးစားပြုပြင်ရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါများခေါ်ယူခဲ့ပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခု လက်ရှိကာလအတွင်း သံလမ်းဂဟေ ဆက်ခြင်း ၅၉ မိုင် ဆောင်ရွက် ထားပြီး ဘူတာစင်္ကြံပြုပြင်ခြင်း ၁၄ ခုရှိပြီး ဆောင်ရွက်ဆဲ လုပ်ငန်း ၁၀ ခုခန့်ရှိကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။ လူကူး ခုံးကျော်တံတား တည်ဆောက်ခဲ့သည့် လုပ်ငန်းစဉ်များအတွင်း ပြီးစီးမှုမှာ လုပ်ငန်း ကိုးခုရှိပြီး တည်ဆောက်ဆဲလုပ်ငန်းနှစ်ခုနှင့် တည်ဆောက်ရန် ၃၀ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ကားလမ်းကူး အဆင့်မြှင့်တင်ခြင်းများတွင် ဆောင်ရွက်ပြီးစီးမှုမှာ လုပ်ငန်းနှစ်ခုခန့်ရှိပြီး ဆောင်ရွက်ဆဲ လုပ်ငန်း ၁၅ ခုနှင့် ဆောင်ရွက်ရန် ကျန်ရှိနေသည့်လုပ်ငန်း ရှစ်ခုရှိကြောင်း ဝန်ကြီးဌာနမှ သိရှိရသည်။

 

▲ အကြီးစားပြင်ဆင် ▲

 

ပဲခူး - မော်လမြိုင်ရထားလမ်း အကြီးစား ပြင်ဆင်ခြင်း ၁၂၉ မိုင် ပြုလုပ်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကိုးချောင်းဆက် သံလမ်းဂဟေဆက်ခြင်း လုပ်ငန်းများတွင် ရထားလမ်းမိုင် ၁၂၉ မိုင်ခန့် ဆောင်ရွက်ပြီးစီး၍ လမ်းခင်းကျောက်ဖြည့် ပက်ကင်ရိုက်ခြင်းလုပ်ငန်းတွင် မိုင် ၈၀ ခန့် ပြီးစီးကာ လုပ်ဆောင်ရန် ၄၉ မိုင်ခန့်ကျန်ရှိနေကြောင်း သိရှိရသည်။

 

ရန်ကုန် - မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် စုစုပေါင်းမိုင် ၃၈၅ မိုင်ခန့်ရှိသည်။ ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီ အမေရိကန် ဒေါ်လာ ၂၁၁၅ သန်းနှင့် နိုင်ငံတော်ကျခံငွေ အမေ ရိကန်ဒေါ်လာ ၄၆၈ ဒသမ ၉၅၂ သန်း အကုန်အကျ ခံပြီး အဆင့်နှစ်ဆင့်ခွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ပထမအဆင့်မှာ ရန်ကုန်-တောင်ငူ ၁၆၆ မိုင်ဖြစ်ပြီး ဒုတိယအဆင့်မှာ တောင်ငူ - မန္တလေး ၂၁၉ မိုင်တို့ ဖြစ်သည်။

 

▲ ရန်ကုန်-မန္တလေး ရထားလမ်း ▲

 

''ဒီစီမံကိန်းမှာ မြန်မာဘက်ခြမ်းကနေ ဆောင်ရွက်ရမယ့် လမ်းခင်းကျောက် စုဆောင်းရမယ့်အပိုင်းမှာ ကျင်းပေါင်း ၁၄၁၁၇၉ ကျင်း၊ ကွန်ကရစ်ဇလီဖား ၁၆၆၅၄၈ တုံး ထုတ်လုပ်ခြင်းတွေနဲ့ အုတ်ခြံစည်းရိုး ကာရံခြင်း ပေ ၁၄၅၅၀ ဆောင်ရွက်ပြီးစီးနေပါပြီ။ ဂျပန်နိုင်ငံဘက်က ရန်ကုန် - တောင်ငူလမ်းပိုင်း အတွက် တင်ဒါရှစ်ခု ခေါ်ယူရန်ရှိတဲ့အနက် တင်ဒါအမှတ် (CP – 102၊ 103၊ 104၊ 107၊ 108) ငါးခုကို စာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ငန်း စတင်နေပါပြီ။ CP-101 ကို စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆောင်ရွက်နေသလို CP- 105 အတွက် PQ ခေါ်ယူထားပြီး CP - 106 ကို ရထားလမ်းတည်ဆောက်ရေးနဲ့ မြို့ပြလုပ်ငန်းတွေ ပြီးစီးသွားတဲ့အခါ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောကြားသည်။

 

စီမံကိန်းအဆင့် (၂) အဖြစ် တောင်ငူ- မန္တလေး လမ်းပိုင်း အဆင့်မြှင့်တင်ရန်အတွက် တိုင်းတာ ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေလတွင် စတင်ခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

 

Detail Design များအတွက် ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာ့မီးရထားနှင့် JICA တို့ လက်မှတ်ရေးထိုး ခဲ့ပြီး စီမံကိန်းအတိုင်ပင်ခံ ခန့်အပ်နိုင်ရေးအတွက် တင်ဒါအောင်မြင်သည့် OCG- JV နှင့် လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

▲ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင် ▲

 

မန္တလေး - မြစ်ကြီးနားရထားလမ်း မိုင် ၃၄၀ အကြီးစားပြင်ဆင်ခြင်းစီမံကိန်းတွင် ရထား ခုတ်မောင်းရာ၌ လမ်းခုန်ခြင်း၊ ဆောင့်ခြင်းနှင့် လူးခြင်းများ မဖြစ်ပေါ်ရေးအတွက် စက်ခေါင်းနှင့် တွဲများ ချွတ်ယွင်းမှု လျော့နည်းရန် ရည်ရွယ်ကာ ကိုးချောင်းဆက် သံလမ်းဂဟေဆက်လုပ်ငန်းနှင့် စက်ကြီးဖြင့် ပက်ကင်ရိုက်ခြင်း လုပ်ငန်းများကို မန္တလေး - မြစ်ကြီးနားလမ်းပိုင်း ၈၅ မိုင်၌ ဆောင်ရွက်ပြီး ဖြစ်သည်။

 

ရထားလမ်းပိုင်းများ၏ မတ်စောက်သည် ဆင်ခြေလျှောများနှင့် ကွေ့များကို လျှော့ချနိုင်ရေး အတွက် အဓိကလမ်းပိုင်းများ ဖြစ်ကြသည့် ဂျိုးထောင် - မဲဇာ ၂၄ မိုင်နှင့် မော်ဟန် - ကာဒူ ၁၀ မိုင်တို့ကို အဆင့်မြှင့်တင်နိုင်ရန် ကိုရီးယားနိုင်ငံ၏ အကူအညီကိုရယူပြီး ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အပြီးသတ်အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရလတွင် ပေးပို့လာခြင်းကြောင့် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၀၀ ရယူနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက် ပြောကြားသည်။

 

▲ ရန်ကုန်-ပြည်ရထားလမ်းပိုင်း အကြီးစားပြုပြင် ▲

 

ရန်ကုန်-ပြည်ရထားလမ်း ၁၆၆ မိုင် အကြီးစား ပြင်ဆင်ခြင်းစီမံကိန်းအတွင်း တံတားပေါင်း ၄၄၇ စင်းကို တိုင်းတာစစ်ဆေးပြီး ကီလိုမီတာ ၁၂၀ နှုန်းဖြင့် ပြေးဆွဲနိုင်ရေးအတွက် တန် ၂၀ Axle Load ရရှိရေး လေ့လာတွက်ချက်ထားပြီး ချေးငွေများ ရရှိရေးအတွက် ADB နှင့် အကြိုညှိနှိုင်းမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

 

▲ ခေတ်မီရထားစနစ်ဖော်ဆောင် ▲

 

Urban Transport Development Plan in Greater Yangon (2016- 2035) နှစ်ရှည်စီမံကိန်းကို ဂျပန်နိုင်ငံ၏ အကူအညီနှင့် ရေးဆွဲထားပြီး ခေတ်မီရထားပို့ဆောင်ရေး စနစ် (Yangon Urban Mass Rapid Transit - YUMRT) တောင်မြောက်လမ်းပိုင်း (ဒလ - မင်္ဂလာဒုံ ၂၇ ကီလိုမီတာ) နှင့် အရှေ့အနောက်လမ်းပိုင်း (လှိုင်သာယာ - တိုးကြောင်ကလေး ၂၅ ကီလိုမီတာ) လမ်းပိုင်းများ တည်ဆောက်ရေးကို တိုက်တွန်းထားခြင်းကြောင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ အကူအညီကိုရယူကာ အသေးစိတ်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အသေးစိတ်လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးနိုင်ကြောင်း ခန့်မှန်းထားပြီး ရန်ကုန်မြို့တော်၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရေးနှင့် ရထားဖြင့် ခရီးသည် အများကြီး ပို့ဆောင်ပေးနိုင် ခြင်းအပေါ် များစွာမူတည်နေခြင်းကြောင့် စီမံကိန်းကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

▲ စက်ခေါင်းသစ်များတပ်ဆင် ▲

 

ခရီးသည်နှင့် ကုန်စည်များ လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် စက်ခေါင်းသစ်နှင့် လူစီးတွဲသစ်များ တည်ဆောက်ဖြည့်တင်းနိုင်ရန် ရည်ရွယ်၍ မြစ်ငယ်လူစီးတွဲတည်ဆောက်ရေးစက်ရုံနဲ့ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှ ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်၍ ၂၀၁၉ ခုနှစ် မတ်လအထိ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းသစ် ၁၀ စင်းကို တည်ဆောက်နိုင်ခဲ့ပြီး ဒီဇယ်စက်ခေါင်းငါးခုကို အင်ဂျင်အသစ်လဲလှယ်ခြင်း ဆောင်ရွက်ခဲ့ သည့်အပြင် စက်ခေါင်းများ အချိန်ကျ မွမ်းမံပြင်ဆင်ခြင်းအဖြစ် အကြီးစားမွမ်းမံမှု ၁၀၀၊ အလတ်စားမွမ်းမံမှု ၇၉ခု နှင့် လိုအပ်ချက်အရ ပြင်ဆင်မှု ၄၃၂ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

မြစ်ငယ်လူစီးတွဲတည်ဆောက်ရေးစက်ရုံမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ချေးငွေရယူပြီး လေအိတ်ဘိုကီပါ လူစီးတွဲသစ် ၂၁ တွဲကို တည်ဆောက်နိုင် ခဲ့သည့်အပြင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လေအိတ် မပါ ပုံမှန်လူစီးတွဲသစ် ၃၅ တွဲတည်ဆောက်ခဲ့ပြီး ပြန်လည်မွမ်းမံတည်ဆောက်မှုအတွဲ ၄၀ တည်ဆောက်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

 

▲ လူစီးတွဲသစ်များ စတင်ပြေးဆွဲ ▲

 

''စက်ခေါင်းအသစ်နဲ့ လေအိတ်ပါဘိုကီ တပ်ဆင်ထားတဲ့ လူစီးတွဲသစ်တွေကို မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲ အသုံးပြုခဲ့ပါတယ်။ ကိုရီးယား သမ္မတနိုင်ငံ EDCF ချေးငွေနဲ့ လူစီးတွဲသစ် ၁၀၀ ဝယ်ယူခြင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ၄၅ သန်းနဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ Design Meeting တွေကို မြစ်ငယ်တွဲပြင်စက်ရုံမှာ ပြုလုပ်နေပါတယ်။ တွဲသစ်တွေကို ၂၀၂၀ ခုနှစ်မှာ အပြီးရောက်ရှိ တပ်ဆင်တည်ဆောက်သွားဖို့ ရှိပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

 

တရုတ်နိုင်ငံ၏ အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ကိုအသုံးပြု၍ လူစီးတွဲ ၂၈ တွဲ ဝယ်ယူခြင်း စီမံကိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်က လွှတ်တော်၏ အတည်ပြုချက်ဖြင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ စီမံကိန်းစတင်ပြီး နှစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

▲ မတော်တဆဖြစ်ပွားမှု ကျဆင်း ▲

 

ရထားပို့ဆောင်ရေးကဏ္ဍတွင် မတော်တဆမှုများ မဖြစ်ပွားရေးနှင့် ဖြစ်ပွားမှုနှုန်းများ လျော့ နည်းကျဆင်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ကျန်ရှိနေသေးကြောင်း၊ မတော်တဆမှု မဖြစ်ပွားရေး သတိပေးချက်များနှင့် ပညာပေးအစီအစဉ်များကို ဆက်တိုက်ပြုလုပ်နေကြောင်း မြန်မာ့ မီးရထားမှ သိရှိရသည်။ မတော်တဆ ဖြစ်ပွားမှုများတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၂၇၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် မတော်တဆ ဖြစ်ပွားမှု ၃၆၃ ကြိမ်ရှိ၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် အကြိမ်ရေ ၃၅၀ ခန့်ဖြစ်ပွားခဲ့ရာ တဖြည်းဖြည်း လျော့နည်းကျဆင်း လာကြောင်း သိရသည်။

 

▲ ကုန်းတွင်းဆိပ်မှ တန်ချိန်ငါးသောင်းကျော်ပို့ဆောင် ▲

 

ကုန်းတွင်းဆိပ်စီမံကိန်း အကောင်အထည်ဖော်မှုကို တတိယ (၁) နှစ်တာအတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ တင်ဒါအောင်မြင်သော Kerry Logistics ကုမ္ပဏီလီမိတက်နှင့် Re-source Group Logistics ကုမ္ပဏီလီမိတက် တို့က BOT စနစ်ဖြင့် ရွာသာကြီးကုန်းတွင်းဆိပ် ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၈ ရက်၌ စတင်ဆောင်ရွက်နိုင်ခဲ့သည်ကို မြင်တွေ့ရသည်။

 

မြစ်ငယ်ကုန်းတွင်းဆိပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင်အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ပြီး Dry Port ဖွင့်လှစ်ပြီးသည့်အချိန်မှစ၍ ကုန်သေတ္တာတင်ရထားခရီးစဉ်များကို ရန်ကုန်နှင့် မန္တလေးမြို့တို့အကြား တစ်ပတ်လျှင် ခရီးစဉ်ပျမ်းမျှ အစုန်၊ အဆန် နှစ်ခေါက်စီ ပြေးဆွဲပေးနိုင်ခဲ့သည်ကို မြင်တွေ့ရခြင်းကြောင့် ယနေ့အချိန်ထိ အစုန်၊ အဆန် ၆၉ ခေါက်စီ ပြေးဆွဲခဲ့ပြီး ကုန်သေတ္တာ ၃၀၁၇ လုံးနှင့် တန်ချိန် ၅၃၇၈၆ တန်ကို ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ဝန်ကြီးဌာနမှ သိရှိရသည်။

 

▲ ယာဉ်စီးရေ ခုနစ်သန်းကျော် မှတ်ပုံတင် ▲

 

ကုန်းလမ်းပို့ဆောင်ရေး ကဏ္ဍအတွင်း မော်တော်ယာဉ်များကို စစ်ဆေးမှတ်ပုံတင်ပေးခြင်း၊ အငှားယာဉ် များကို လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းနှင့် ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

၂၀၁၆ ခုနှစ် မတ်လ၌ ယာဉ်စီးရေ ၅ ဒသမ ၅ သန်းရှိခဲ့ရာမှ လျင်မြန်လွယ်ကူသည့် စနစ်များ ကို ကျင့်သုံးခဲ့ပြီး ပိုမိုလွတ်လပ်စွာ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တွင် ၇ ဒသမ ၂ သန်းအထိ ယာဉ်စီးရေ တိုးတက် မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

ယာဉ်မတော်တဆမှုများ မဖြစ်ပွားရေးနှင့် လျော့နည်းကျဆင်းရေး တို့အတွက် အမျိုးသား ယာဉ်အန္တရာယ် ကင်းရှင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးရသည့် အခြေအနေများကို လေ့လာကြည့်ပါက ၂၀၁၃ ခုနှစ်တွင် ယာဉ်စီးရေ ၁၀၀၀၀ တွင် သေဆုံးမှုနှုန်း ၉ ဒသမ ၂၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ယာဉ်စီးရေ ၁၀၀၀၀ တွင် သေဆုံးမှုနှုန်း မှာ ၇ ဒသမ ၁၈ ရာခိုင်နှုန်းသို့ လျော့နည်းကျဆင်းလာခဲ့သည်ကို တွေ့ရသည်။

 

▲ လေဆိပ်များ အဆင့်မြှင့်တင် ▲

 

လေကြောင်းကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ စံညွှန်းသတ်မှတ် ချက်များ၊ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းစွာ၊ လုံခြုံစိတ်ချစွာနှင့် စွမ်းအားပြည့် ပျံသန်းနိုင်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်လျက် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

 

ခရီးသည် ဝင်ထွက်မှုများပြားသည့် မြစ်ကြီးနား၊ ပူတာအို၊ လားရှိုး၊ ဟဲဟိုး၊ မိုင်းဆတ်၊ စစ်တွေ၊ သံတွဲ၊ လွိုင်ကော်၊ မာန်အောင်နှင့် ညောင်ဦး လေဆိပ်များ၏ လေဆိပ် အဆောက်အအုံနှင့် ပြေးလမ်းတိုးချဲ့ ခြင်းများအပြင် အခြားလိုအပ်သည့် ပြင်ဆင်မှုများကို အစိုးရသစ်၏ တတိယ (၁) နှစ်တာအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်းလေဆိပ်များကို PPP အစီအစဉ်ဖြင့် အကောင်အထည်ဖော်ရန်အတွက် ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ ရွေးချယ်ပေးခဲ့ပြီး မူဆယ်လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ ထားပြီးဖြစ်ကြောင်း သိရသည်။

 

▲ ချင်းပြည်နယ်လေဆိပ် ၅၀ ရာခိုင်နှုန်းပြီးစီး ▲

 

ဝေးလံခေါင်းပါးပြီး တောင်တန်းထူထပ် ပေါများသည့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့ရေးအတွက် ချင်းပြည်နယ် ဖလမ်းမြို့၌ ATR - 72 လေယာဉ်များ ဆင်းတက်အသုံးပြုနိုင်သည့်လေဆိပ်ကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ၅၀ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီဖြစ်သည်။ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ နှစ်အတွင်း လေယာဉ် ပျံသန်းဆင်းတက် အသုံးပြုနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက တတိယ (၁)နှစ်တာ ဆောင်ရွက်မှုများတွင် ထည့်သွင်း ပြောကြားသည်။

 

▲ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် ▲

 

လေကြောင်းခရီးသွားလာမှုကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရေးအတွက် ကမ္ဘာ့အဆင့်မီ လေဆိပ် တစ်ခုအဖြစ် ရည်ရွယ်ပြီး ဟံသာဝတီအပြည်ပြည် ဆိုင်ရာလေဆိပ်သစ်ကို ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီဖြင့် တည်ဆောက်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည့်အတွက် မကြာမီကာလအတွင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးတစ်ခုကို မြင်တွေ့ ကြရမည်ဖြစ်သည်။

 

▲ လေကြောင်းခရီးသည် ၁၀ သန်းနီးပါး ▲

 

ပြည်တွင်း၊ ပြည်ပခရီးသည် ဝင်ထွက်မှုစာရင်း ဇယားများအရ ၂၀၁၈ ခုနှစ်အတွင်း ခရီးသည် ၉ ဒသမ ၉ သန်းရှိပြီး ၂၀၁၆ ခုနှစ်အတွင်း ခရီးသည် ၉ ဒသမ ၂၆ သန်းနှင့် ၂၀၁၇ ခုနှစ်တွင် ၁၀ ဒသမ ၁၂ သန်း ဝင်ရောက်ခဲ့ကြကြောင်း အစိုးရသက်တမ်း (၃) နှစ်တာ ဖြတ်သန်းမှု ကိန်းဂဏန်းများအရ သိရှိရသည်။

 

မြန်မာအမျိုးသား လေကြောင်းလိုင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ကော်ပိုရေးရှင်းအသွင် ပြောင်းလဲ ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းခရီးစဉ်များကိုသာ ပြေးဆွဲပျံသန်းခြင်းမှသည် နိုင်ငံတကာသို့ လေကြောင်းဖြင့် ထိုးဖောက်နိုင်ရေးအတွက် အသွင်ကူးပြောင်းခြင်း၊ အဆင့်မြှင့်တင်ခြင်းများအပြင် အချိန်တိုအတွင်း ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုများ ရရှိလာခဲ့ကြောင်း သိရှိရသည်။

 

▲ ပြည်ပခရီးစဉ်များ အောင်မြင် ▲

 

မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်း ၂၈ မြို့ကို ပြေးဆွဲပေးနေပြီး ပြည်ပခရီးစဉ် စင်ကာပူ၊ ဗန်ကောက်၊ ချင်းမိုင်၊ ဟောင်ကောင်၊ ချန်ဒူးနှင့် ဂါယာမြို့များသို့ ပုံမှန် ခရီးစဉ်များ ပျံသန်း ပေးလျက်ရှိသည့်အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ရန်ကုန် - ပုသိမ် စင်းလုံးငှားခရီးစဉ်ကို စတင်ပျံသန်းပေးနိုင်ခဲ့သည်။

 

၂၀၁၆ ခုနှစ်တွင် Boeing လေယာဉ် သုံးစင်း၊ Embraer လေယာဉ် နှစ်စင်း၊ ATR လေယာဉ် ငါးစင်း၊ Caravan လေယာဉ် လေးစင်းနှင့် Beech Craft လေယာဉ်နှစ်စင်း စုစုပေါင်းလေယာဉ် ၁၆ စင်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် Boeing လေယာဉ် လေးစင်း၊ Embraer လေယာဉ် နှစ်စင်း၊ ATR လေယာဉ် ကိုးစင်းနှင့် Caravan လေယာဉ်နှစ်စင်း စုစုပေါင်းလေယာဉ် ၁၇ စင်းရှိလာခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက် များအရ သိရှိရသည်။

 

ATR လေယာဉ်အကြီးစား ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံစီမံကိန်းကို ၂၀၁၆ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ကတည်းက European Aviation Safety Agency (EASA) ၏ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီး အစွမ်းကုန်ကြိုးပမ်းခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

 

ပြည်တွင်းရှိ ATR လေယာဉ်များကို ကုန်ကျစရိတ် သက်သာစွာဖြင့် ပြင်ဆင်ပေးနိုင်ပြီ ဖြစ်သည်။ နိုင်ငံခြားဝင်ငွေ ယိုစီးမှုကို လျော့နည်းသက်သာပြီး ပြည်တွင်း စက်မှုကဏ္ဍအတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း သိရှိရသည်။

 

▲ မြန်မာ့လေကြောင်း ဝန်ဆောင်မှု ခရီးသည် ၁ ဒသမ ၇ သန်းကျော်▲

 

'' ယခုလို လေယာဉ်တွေ ထပ်မံဖြည့်တင်းတာ၊ ပြည်ပခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲ တာတွေကြောင့် ခရီးသည် ပို့ဆောင်ပေးရမှုက ယခင်နှစ်ထက် နှစ်ဆခန့် မြင့်တက် လာမယ်လို့ မျှော်မှန်းထားပါတယ်။ ခရီးသည် ပို့ဆောင်ပေးနိုင်မှုမှာ ၂၀၁၆ ခုနှစ် တွင် ပြည်တွင်းပြည်ပ ခရီးသည် ၁၀၄၁၉၈၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၁၄၅၉၈၈၂ ဦးပို့ဆောင်ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် ခရီးသည် ၁၇၀၉၇၁၅ ဦး ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားသည်။

 

နိုင်ငံ၏ အဓိက အသက်သွေးကြောဟု တင်စားခေါ်ဝေါ်ကြသည့် မြစ်ကြီးများဖြစ်ကြသော ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်တို့တွင် ရေကြောင်းသွားလာနိုင်သည့် ရေလမ်းကြောင်း စုစုပေါင်းမှာ ကီလိုမီတာအားဖြင့် ၆၇၃၇ ခန့်ရှိကြောင်းသိရှိရသည်။ ယင်းမြစ်ကြီးများသည် ရေနည်းချိန် များတွင် ရေအနက် လုံလောက်မှုမရှိဘဲ စီးဆင်းနေ ရခြင်းကြောင့် ရေလမ်းကြောင်းများသည် တည်ငြိမ်ခြင်းမရှိဘဲ မကြာခဏပြောင်းလဲ နေကြသည်။

 

မြစ်အတွင်း စီးဆင်းနေသည့် ရေထုစီးဆင်းမှုပမာဏ လျော့နည်းလာခြင်း၊ သဲနုန်းများ အနည်ထိုင်မှု များပြားလာခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရသည်။ ရေနည်းချိန်တွင် ရေလမ်းကြောင်း ပြောင်းလဲမှုများကြောင့် မြစ်ကမ်းပါး တိုက်စားမှုများ ဖြစ်ပေါ်ခဲ့သည်။

 

▲ ကမ်းပြိုကာကွယ်ရေး အစီအမံများချမှတ် ▲

 

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ ရေလမ်းကောင်းမွန်ရေး အတွက် နေရာပေါင်း ၄၀၊ ကမ်းပြိုကာကွယ်ရေးအတွက် နေရာပေါင်း ၆၈၃ နေရာ၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် ပါချန်၊ သောင်းရင်းနှင့် ရွှေလီမြစ်၊ မဲဆိုင်မဲဟောက်၊ နမ့်ဝမ်၊ နမ့်ယမ်နှင့် မုံးကိုးချောင်း တို့တွင် မိမိတို့နိုင်ငံဘက်ခြမ်းရှိ ကမ်းပါးများ မပြိုရေးအတွက် အရေးကြီးသည့် နေရာများကို ရွေးချယ်ကာ ဦးစားပေးအဖြစ် မြေထိန်းနံရံများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရ သည်။ ယခင်နှစ်များက ပေ ၃၉၀၀၀ ကျော်ရှိရာမှ ယခုအခါ အလျား ၆၄၁၃၇ ပေအထိ မြေထိန်းနံရံ တည်ဆောက်ခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည်ကို မြင်တွေ့ရသည်။

 

တစ်နိုင်ငံလုံးတွင် ရေကြီးရေလျှံမှုလျော့ပါးစေရေးအတွက် လာမည့် ၃ နှစ်အတွင်း ရေတို ရေရှည် အစီအမံများ ရေးဆွဲဆောင်ရွက်ရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ငန်းများအတွက် ရေကြီးရေလျှံ လျော့ပါးရေးကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ကြရန် အတွက် ဝန်ကြီးဌာနမှ လမ်းညွှန်အကြံပြုထားကြောင်း သိရှိရသည်။

 

▲ ရေကြီးရေလျှံမှု ကာကွယ်ရေးဖော်ဆောင် ▲

 

မန္တလေး-မြစ်ကြီးနား ရထားလမ်း (ကောလင်းမြို့ ဒေါင်းမြူးချောင်း)၊ ရန်ကုန် - မော်လမြိုင် ရထားလမ်းနှင့် ကားလမ်း (ဘီးလင်းမြို့ ဘီလင်း မြစ်)၊ ရန်ကုန် - မန္တလေး ရထားလမ်းနှင့် ကားလမ်း (ပဲခူးမြို့နယ် ပဲခူးမြစ်)၊ သံလွင်မြစ် ဘားအံမြို့ ရေကြီးရေလျှံမှု ကာကွယ်ရေး၊ စစ်တောင်းမြစ် ရေကြီးရေလျှံမှုနှင့် စစ်တောင်းမြစ်၀ ဒီရေတိုက်စားမှု ကာကွယ်ရေး အပါအဝင် တနင်္သာရီမြစ် ရေကြီးမှုလျော့ပါး သက်သာရေး စသည့်လုပ်ငန်းများ ဖြစ်ကြ သည်။

 

ရေကြီးရေလျှံမှု လျော့ပါးရေးအတွက် သံလွင်၊ ဘီးလင်း၊ ပဲခူး၊ စစ်တောင်း၊ တနင်္သာရီမြစ်နှင့် ဒေါင်းမြူး ချောင်းများတွင် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် လုပ်ငန်းစဉ် ၁၁၅ ခုအနက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၁၁ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

▲ ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ ဖြိုးရေးစီမံကိန်း ▲

 

ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ ဖြိုးတိုးတက်မှု စီမံကိန်းကို ကမ္ဘာ့ဘဏ်အကူအညီ အမေရိကန် ဒေါ်လာသန်း ၁၀၀ ဖြင့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်လျက် ရှိသည်။ ရေအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနှင့် ရေနှင့်စပ်လျဉ်းသည့် သဘာ၀ဘေး အန္တရာယ်များ လျော့ပါးရေး အပါအဝင် ရေအရင်းအမြစ် စီမံခန့်ခွဲသော အဖွဲ့အစည်းများ အားကောင်းလာရေး၊ ရေနှင့်ဆိုင်သော အချက်အလက်များ ကောက်ယူခြင်းများနှင့် ကြိုတင်သတိပေး စနစ်များ အားကောင်းလာရေး၊ ရေကြောင်းမှတစ်ဆင့် စရိတ်သက်သာစွာ သယ်ယူပို့ဆောင် နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

''တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ကိုရီးယားနိုင်ငံကနေ ချေးငွေ အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၃သန်းနဲ့ နိုင်ငံတော်ကျခံငွေ ၇ ဒသမ ၉၄၂ သန်းတို့နဲ့ ဆောင်ရွက်နေပါတယ်။ တွံတေးတူးမြောင်း ကမ်းပါး ထိန်းသိမ်းတာ၊ တွံတေးတူးမြောင်း သုညမိုင်အနီး ရေဝဲအတွင်း ကျောက်ကြီး ဖြည့်တာ၊ တူးမြောင်းတစ်လျှောက် ရေကြီးရေလျှံမှုတွေ ကာကွယ်တာ၊ ရေထိန်းကမ်းပတ်တာ တည်ဆောက်တာတွေ ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက် သွားမှာဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

▲ ရခိုင်ဒေသ ရေလမ်းခရီးစဉ်တိုးချဲ့ ▲

 

ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ အစိုးရ၏ ရခိုင်ဒေသ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ ကစ္ဆပနဒီ (၁) ရေယာဉ်ကို ၂၀၁၇ ခုနှစ် မတ်လ၊ ကစ္ဆပနဒီ (၂) ရေယာဉ်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့် ကစ္ဆပနဒီ (၃) ရေယာဉ်ကို ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်တွင် လက်ခံရရှိခဲ့သဖြင့် ရခိုင်ပြည်နယ်အတွင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေး နိုင်မည်ဖြစ်သည်။

 

မန္တလေးခေတ်မီဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဂျပန်နိုင်ငံ JICA ရဲ့ အထောက်အပံ့ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၄၂ သန်းနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ စတင် ဆောင်ရွက်နေ ပါတယ်။ စီမံကိန်းမှာ ဆိပ်ခံတံတား တည်ဆောက်ခြင်း မီတာ ၁၈၀၊ ကွန်တိန်နာ တည်ဆောက်ခြင်း စတုရန်းမီတာ ၂၉၅၄၀၊ ချဉ်းကပ်လမ်းတည်ဆောက်ခြင်း ၃၀၄ မီတာ၊ ချဉ်းကပ်တံတားနှစ်စင်း တည်ဆောက်ခြင်း ၂၃၈ မီတာနဲ့ ၁၈၃ မီတာတို့ ပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှာ ဧပြီလအတွင်း ဆိပ်ကမ်း တည်ဆောက်ပေးဖို့ တင်ဒါခေါ်ယူမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့လျာထားပြီး ၂၀၂၁ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်'' ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

 

▲ ရန်ကုန်ဆိပ်ကမ်း ▲

 

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအလျား ၁၃၈၅ မိုင်ရှိပြီး ယင်းတစ်လျှောက်တွင် ဆိပ်ကမ်းပေါင်း ၉ ခုခန့်ရှိကာ ဆိပ်ကမ်းများတွင် ရန်ကုန်ဆိပ်ကမ်းသည် အဓိက ဆိပ်ကမ်းကြီးတစ်ခု ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှုပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွက်ကိုင်တွယ်လျက် ရှိသည်။

 

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို လုပ်ဆောင်ရာတွင် ယခင်နှစ် များက ရန်ကုန်ဆိပ်ကမ်းအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၃၃ စင်းရှိပြီး သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီး များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၈ စင်း တည်ဆောက်ပြီးစီးခဲ့သဖြင့် ဆိပ်ခံ တံတား ၄၁ စင်း အထိ ရှိလာကာ ဝန်ဆောင်မှုများ တိုးတက်ပံ့ပိုးပေး နိုင်ခဲ့သည်။

 

ထပ်မံတည်ဆောက်ပြီးဖြစ်သည့် ဆိပ်ခံတံတားများတွင် မီတာ ၂၀၀ ရှည်သည့် Green Asia ဆိပ်ခံတံတား၊ Elite Petro Chemical ဆိပ်ကမ်း၊ Wilmar International ဆိပ်ခံ တံတားနှင့် International Bulk Terminal Thilawa တို့ဖြစ်သည်။

 

Puma Energy Asia Sun ဆိပ်ခံတံတား မှာ ၁၃၅ မီတာရှည်ပြီး သီလဝါမြေကွက် အမှတ် ၂၅ နှင့် ၂၆ တွင် ဂျပန် ODA ချေးငွေဖြင့် တည်ဆောက်ထားသည့် ဆိပ်ခံ တံတားနှစ်စင်းတွင် မီတာ ၄၀၀ ရှည်လျားကြောင်း သိရှိရသည်။ Kyi-myindaing International Port Terminal ဆိပ်ခံတံတားမှာ မီတာ ၈၀ ခန့်ရှိသည်။ အစိုးရ သက်တမ်း ၃ နှစ်တာအတွင်း ကုန်သေတ္တာပေါင်း ၃၀၃၅၁၂၃ လုံးနှင့် ကုန်တန်ချိန် ၇၆၃၂၃၅၈၁ တန် တို့ကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်ဟု ဝန်ကြီးဌာနမှ သိရှိရသည်။

 

▲ ရေကြောင်းပြဝန်ဆောင်မှု အဆောက်အအုံ ▲

 

''ရန်ကုန်ဆိပ်ကမ်းကို ဝင်ထွက်တဲ့ ရေယာဉ်တွေ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် ရေကြောင်းပြ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေပါတယ်။ ရာသီဥတုဆိုးရွားတဲ့အချိန်မှာ Pilot Station ကို ဘေးကင်းတဲ့ နေရာရွှေ့ရတာ၊ ပြုပြင်စရိတ်ကြီးမားတာကြောင့် သံကူ ကွန်ကရစ် ၃ ထပ် ရေကြောင်းပြ အဆောက်အအုံကို တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ လုပ်ငန်းများပြီးစီးခဲ့လို့ မတ်လ ၃၀ ရက်က လွှဲပြောင်း လက်ခံပြီး လုပ်ငန်းတွေ စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ရေကြောင်းပြ အဆောက်အအုံနှင့် ပတ်သက်၍ ရှင်းပြသည်။

 

ဆိပ်ကမ်းလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို ကွန်ပျူတာ အသုံးချဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုစနစ်အဖြစ် အစားထိုးအဆင့်မြှင့်တင်ရန်အတွက် ဆက်စပ်ဌာနများ၏ လုပ်ငန်းစနစ်များနှင့် ပေါင်းစပ်လုပ်ကိုင် နိုင်ရေးအတွက် Port - EDI စီမံကိန်းကို ဂျပန်နိုင်ငံ Grant Aid ၏ အထောက်အပံ့ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၇ သန်းအသုံးပြု၍ ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် မေလအထိ အကောင်အထည်ဖော် စတင်အသုံးပြုနေပြီး ပိုမိုပြည့်စုံသည့် စနစ်တစ်ခုဖြစ်လာရေးအတွက် အကောင်အထည်ဖော်လျက်ရှိသည်။

 

▲ ဖုန်းသိပ်သည်းဆ ၉၉ ဒသမ ၅၇ ရာခိုင်နှုန်း ▲

 

ဆက်သွယ်ရေးကဏ္ဍသည် ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖွံ့ဖြိုးမှု အားကောင်းလာခဲ့သည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်ခဲ့သည့်အတွက် တစ်ရှိန်ထိုး မြင့်မား လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၅၁ ဒသမ ၄၈၆ သန်း ရှိလာသည့်အခါ တယ်လီဖုန်း သိပ်သည်းဆမှာ ၈၆ ဒသမ ၂၀ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။ ယခုအချိန် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၄ ဒသမ ၀၇၄ သန်းအထိ ခန့်မှန်း တွက်ချက်ထားခြင်းကြောင့် ယခုအချိန်တွင် တယ်လီဖုန်း သိပ်သည်းဆသည် ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို မြင်တွေ့ရ သည်။

 

''အင်တာနက်သုံးစွဲသူအနေနဲ့ ၂၀၁၆ ခုနှစ် မှာ ၅၅ ဒသမ ၄၁ ရာခိုင်နှုန်းကနေ ယခုအချိန် တွင် ၈၂ ဒသမ ၅၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ လူဦးရေအရ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် လွှမ်းခြုံနိုင်တဲ့ အနေအထားမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၉၂ ရာခိုင်နှုန်း ကို လွှမ်းခြုံနိုင်ခဲ့ပါပြီ''ဟု ပြည်ထောင်စုဝန်ကြီးက မိုဘိုင်းကွန်ရက်အကြောင်း ရှင်းလင်းပြောကြားသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ်တွင် မိုဘိုင်းဆက်သွယ်ရေး တာဝါ တိုင်ပေါင်း ၁၀၀၀၀ ရှိခဲ့ပြီး ယခုအချိန်တွင် တာဝါတိုင် ၂၀၉၆၄ တိုင် တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။ Fiber Cable ချခင်းဆောင်ရွက်ခြင်းများတွင် ဖိုင်ဘာ လမ်းကြောင်း ကီလိုမီတာ ၆၈၁၃၀ ခွင့်ပြုခဲ့ပြီး ၄၉၄၅၂ ကီလိုမီတာကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၈၆၇၉ ကီလိုမီတာကို ဆက်လက်ဆောင်ရွက်လျက် ရှိသည်။ အင်တာနက် Bandwidth တိုးချဲ့ချိတ်ဆက်ဆောင်ရွက်မှုများတွင် ယခင်က ၅၅ ဒသမ ၈၂ Gbps ရှိရာမှ ၆၁၄ ဒသမ ၃၀ Gbps အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

▲ e-Government လုပ်ငန်းများ ဖွံ့ ဖြိုးရေး ▲

 

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာကဏ္ဍတွင် e-Government လုပ်ငန်းများ ပိုမိုဖွံ့ ဖြိုးတိုးတက်ရေးအတွက် Myanmar e-Governance Master Plan ကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ရေးဆွဲခဲ့သည်။ Master Plan နှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး e-Government ဖွံ့ ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေကြောင်း သိရှိရသည်။

 

အစိုးရဌာနနှင့် အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ပြည်သူများက တစ်နေရာတည်းတွင် လွယ်လွယ်ကူကူ ရယူအသုံးပြုနိုင်ရေးအတွက် Myanmar National Portal ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အောင်မြင်စွာ စတင်လွှင့်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

▲ မြန်မာဘာသာ စံစနစ် ▲

 

e-Government လုပ်ငန်းများအတွက် နည်းပညာ စံတစ်ခုဖြစ်သည့် မြန်မာ Unicode Font ကို ဝန်ကြီးဌာနများတွင် အသုံးပြုရန်အတွက် ညွှန်ကြားချက်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ထုတ်ပြန်ခဲ့သည်။ International Standard Organization(ISO) 10646 နှင့် ကိုက်ညီသည့် မြန်မာ Unicode ကို ''အမျိုးသား စံချိန် စံညွှန်းကောင်စီ'' မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အတည်ပြု ထုတ်ပြန်ပေးခဲ့သည်မှာ ဝန်ကြီးဌာန၏ အောင်မြင်မှု တစ်ရပ် ဖြစ်သည်။

 

အဆိုပါ စံစနစ်ကို အစိုးရဌာနများတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြောင်းလဲ အသုံးပြုနိုင်ရန်နှင့် Telecom Operator များကို ယခုနှစ် အောက်တိုဘာလ ၁ ရက်မှ စတင် အသုံးပြုနိုင်ရန်နှင့် မြန်မာနိုင်ငံ တစ်ဝန်း ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် အစီအစဉ်များ ရေးဆွဲထားပြီးဖြစ်ကြောင်း သိရှိရသည်။

 

▲ အချက်အလက်သိုမှီးရာ ဒေတာစင်တာကြီးများ ဖော်ဆောင် ▲

 

ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ Server များကို Co-location ထားရှိနိုင်ရန် Tier 2 အဆင့်ရှိသည့် Data Center ကို နေပြည်တော်၌ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။ တည်ဆောက်ထားခဲ့သည့် ဒေတာစင်တာအပြင် နိုင်ငံတကာ အဆင့်မီ Tier 3 အဆင့်ရှိသည့် e-Government Integrated Data Center (eGIDC) ကို ကိုရီးယားသမ္မတနိုင်ငံ ချေးငွေအမေရိကန်ဒေါ်လာ ၉၃ သန်းဖြင့် တည်ဆောက်နိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရရှိထားခဲ့ပြီး ကိုရီးယားနိုင်ငံသို့ Loan Pledge Acceptance Letter ပေးပို့နိုင်ရေး ဆောင်ရွက်နေပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် eGIDC ကို စတင်အသုံးပြုနိုင်မည်ဟု ဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။

 

▲ မြန်မာဂြိုဟ်တုစနစ် ▲

 

မြန်မာဂြိုဟ်တုစနစ် တည်ထောင်ရေးသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ခုဖြစ်ပြီး ရည်ရွယ်ဆောင်ရွက်မှု များစွာရှိခဲ့သည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဂြိုဟ်တုစနစ်ကို အသုံးချနိုင်ရေးနှင့် နေရာဒေသမရွေး အချိန်တို အတွင်း ဆက်သွယ် ချိတ်ဆက်မှုများ ပိုမိုမြင့်မားရေးအတွက် ပထမအဆင့် Condosat စနစ် ဆောင်ရွက်ရန်၊ ဒုတိယအဆင့် အချိုးကျပိုင်ဆိုင်မှု စနစ်ဆောင်ရွက်ရန်နှင့် တတိယအဆင့် ကိုယ်ပိုင်ဂြိုဟ်တု လွှင့်တင်နိုင်ရန် ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေသည်။

 

▲ ရည်မှန်းဆောင်ရွက် ▲

 

ပထမအဆင့် Condosat စနစ်အတွက် MyanmarSat 1 Condosat ဂြိုဟ်တုကို Intelsat Satellite Operator မှ ဂြိုဟ်တု Channel မဂ္ဂါဟတ်ဇ် ၃၆၀ ကို ၂၀၁၆ ခုနှစ် မေလ ၂၇ ရက်မှ ငါးနှစ် စာချုပ်ချုပ်ဆို ငှားရမ်းဆောင်ရွက် လျက်ရှိသည်။

 

ဒုတိယအဆင့် အချိုးကျပိုင်ဆိုင်မှုစနစ် ဆောင်ရွက်ရန် Intelsat Satellite Operator က ၂၀၁၉ ခုနှစ် ဇွန်လတွင် ဂြိုဟ်တုလွှတ်တင်မည် ဖြစ်သည်။ ယင်းတွင် IRU (Inde feasible Right of Use) ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်လျက်ရှိပြီး MyanmarSat 2 အဖြစ် ဂြိုဟ်တု (Channel) ၈၆၄ မဂ္ဂါဟတ်ဇ် ကို လာမည့် စက်တင်ဘာလမှစတင်၍ ၁၅ နှစ်အကြာ ဂြိုဟ်တု သက်တမ်းကုန်သည့် အချိန်အထိ အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာကိုယ်ပိုင်ဂြိုဟ်တုအဖြစ် ကိုယ်ပိုင်ဂြိုဟ်တု လွှင့်တင်ရေးအတွက် Earth Observa-tion Satellite(EOS) ကို လွှတ်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံဟော်ကိုင်းဒိုးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ ပူးပေါင်းဆွေးနွေးခဲ့ပြီး လာမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

▲ ပြည်သူကိုဗဟိုပြု စာတိုက်ဝန်ဆောင်မှု ▲

 

မြန်မာ့စာတိုက်လုပ်ငန်းကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ပြည်သူ့ဗဟိုပြု စာတိုက် ဝန်ဆောင်မှုအဖြစ် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ရည်ရွယ်ကာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်။ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းကို မှတ်ပုံတင်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ ကိုယ်စားငွေကောက်ခံခြင်း (မိုဘိုင်းဖုန်း ငွေဖြည့်ပေးခြင်း၊ လေယာဉ်၊ ကားလက်မှတ်၊ အမြတ်ခွန်နှင့် အာမခံလုပ်ငန်း)၊Online Shopping လုပ်ငန်းများအတွက် ပေးဝေခြင်းနှင့် ငွေကောက်ခံပေးခြင်း၊ဘဏ်လုပ်ငန်း ကိုယ်စားလှယ် ဆောင်ရွက်ခြင်း၊ Mobile Money လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စာတိုက်လုပ်ငန်းမှ ဝန်ဆောင်မှုပေးနိုင်မည့် မည်သည့် လုပ်ငန်းမဆို ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင် ရန်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ လူစည်ကားရာ ဒေသများတွင် Mobile Post Office ကို စတင်လုပ်ဆောင်ပေးခဲ့သဖြင့် ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာ အရ မြန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် ဖွံ့ဖြိုးမှုအဆင့် ၁၂၆ မှ ၂၀၁၈ ခုနှစ်အကုန်တွင် အဆင့် ၉၁ သို့ တိုးတက်အောင်မြင်ခဲ့သည်။

 

▲ ရေဒါများ တိုးချဲ့တပ်ဆင် ▲

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုကဏ္ဍများတွင် မုန်တိုင်းများ၏ တည်နေရာ၊ ပြင်းအားနှင့် ရွှေ့လျားမှု လမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းပေးနိုင်ရေးနှင့် သတင်းပေးချက်များကို အခါမလပ် ထုတ်ပြန်နိုင်ရေးအတွက် မိုးလေဝသရေဒါသုံးလုံးကို ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ကျောက်ဖြူ၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

 

မုန်တိုင်းဖြစ်ပေါ်မှုများကို ၁၅ မိနစ်လျှင် တစ်ကြိမ်ခန့် ရှာဖွေထောက်လှမ်းနေပြီး မြန်မာ နိုင်ငံတစ်ဝန်း လွှမ်းခြုံနိုင်ရေးအတွက် ထားဝယ်မြို့၌ မိုးလေဝသ ရေဒါတစ်လုံး ထပ်မံတပ်ဆင်နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း အစိုးရ၏ သက်တမ်း သုံးနှစ်ကာလ အတွင်း မိုးလေဝသစခန်းနှစ်ခု၊ ဇလဗေဒစခန်းနှစ်ခုနှင့် မြေငလျင်စခန်း ငါးခုတို့ကို တိုးချဲ့ဖွင့်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။

 

▲ ပြည်သူများအတွက် အစဉ်ရှေးရှု ▲

 

ဝန်ကြီးဌာနသည် ပို့ဆောင်ရေးကဏ္ဍကြီးနှင့် ဆက်သွယ်ရေးကဏ္ဍကြီးများကို ဖော်ဆောင်နိုင်ရန် ဦးစီးဌာနနှင့် လုပ်ငန်းအဖွဲ့အစည်းများစွာဖြင့် ဖွဲ့စည်းထားသည့် ဝန်ကြီးဌာနဖြစ်သည်။ များပြားလှသည့် လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်းဖြင့် ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ရေး၊ ပြည်သူများ၏ အခြေခံလူမှု ဘဝများအတွက် လိုအပ်ချက်များ ပြည့်စုံရေးကို ရည်ရွယ်ဆောင်ရွက်သည့် ကဏ္ဍများစွာအနက်မှ အစိုးရတာဝန်ယူပြီး တတိယ (၁) နှစ်တာအတွင်း လုပ်ဆောင်ချက်များကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ဖြစ်ပြီး ယခုလုပ်ငန်းများအပြင် ကျန်ရှိနေသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများစွာကို ဆက်လက် လုပ်ကိုင်နေခြင်းဖြစ်သည်။

 

ပြည်သူများအတွက် အစဉ်ရှေးရှုသည့် ပြည်သူ့ဝန်ဆောင်မှုများ ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရသည်။ ။

 

သတင်းဆောင်းပါး - ခင်ရတနာ၊ ဓာတ်ပုံ - မေဦးမိုး