လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။