Skip to main content

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် နိုဝင်ဘာ ၉

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ သီရိပျံချီ စိုင်းအိုက်ပေါင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိုင်ဆုန်ခ- မင်္ဂလာပါ၊

ပြည်ထောင်စုသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ကျွန်တော်ကတော့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ ဥက္ကဋ္ဌ သီရိပျံချီ စိုင်းအိုက်ပေါင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ဟာ (၂၃-၆-၂၀၂၃) ရက်နေ့မှာ ပါတီမှတ်ပုံတင်အမှတ် (၂၈/၂၀၂၃)နဲ့ ပါတီတည်ထောင်ခွင့်ရရှိခဲ့ပါတယ်။ ဒီပါတီသစ်ကို တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ဦးစွာပထမ တင်ပြလိုပါတယ်။

(၂၀၁၀)ခုနှစ်မှာ ရှမ်းအမျိုးသားရေးအတွက်ဦးတည်ပြီး တည်ထောင်ခဲ့တဲ့ ကျားဖြူပါတီဟောင်းရဲ့အမည်က ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဖြစ်ပြီး (၂၀၁၀) ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် (၅၈)ဦး အနိုင်ရရှိခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး (၅)ဦးနဲ့ ပြည်ထောင်စု ဒုဝန်ကြီး (၁)ဦး ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံကို တိုးတက်ပြောင်းလဲနိုင်တဲ့အထိ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ နိုင်ငံကို တိုးတက်ပြောင်းလဲနိုင်ဖို့အတွက်ဆိုရင် ခိုင်မာတောင့်တင်းတဲ့ပါတီတစ်ရပ်ကို မဖြစ်မနေ ထူထောင်နိုင်ရမှာဖြစ်ပါတယ်။ သို့မှသာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသား (၁၃၅) မျိုးအပြင် နိုင်ငံသားတိုင်းကို ကိုယ်စားပြုတဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကို တည်ထောင်ရခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား။

လက်ရှိ နိုင်ငံတော်ရဲ့ ပကတိအခြေအနေဟာ တိုင်းရင်းသားလက်နက်ကိုင်မျိုးစုံနဲ့ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းတွေရဲ့ တော်လှန်ပုန်ကန်မှုတွေရှိနေတာကြောင့် ကျွန်တော်တို့ပါတီက ပထမဦးစွာ ငြိမ်းချမ်းရေးကို ရရှိအောင် ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား။

နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခအပြင် သဘာဝဘေးနှင့် စီးပွားရေးကပ်ဘေးဒုက္ခကို ခါးသီးစွာ ရင်ဆိုင်နေကြရတဲ့ကြားက ပြည်ပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု (Sanction) ဒဏ်ရာဒဏ်ချက်တွေကိုပါ ကြုံတွေ့ခံစားနေရပါတယ်။ ဒီလိုအခက်အခဲမျိုးစုံကနေ ကျော်လွှားနိုင်ဖို့ဆိုရင် နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေး ဆောင်ရွက်ရမယ့်အပြင် နိုင်ငံတကာပိတ်ဆို့မှု(Sanction)တွေကို ရုပ်သိမ်းနိုင်အောင်လည်း ကျွန်တော်တို့ပါတီက ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့မှသာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်လာမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ လူမှုရေး၊ စီးပွားရေးစတဲ့ ဘက်စုံကဏ္ဍတွေ ပြန်လည်ဦးမော့လာနိုင်မှာဖြစ်ပါတယ်။

ပြည်ထောင်စုသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား။

လူငယ်တွေဟာ မိမိတို့ပညာရေးအတွက်၊ မိသားစုအတွက် ပြည်ပနိုင်ငံများသို့သွားပြီး အလုပ်လုပ်ကြဖို့ မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေး ပြန်လည်ဦးမော့လာမှာဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒီအခါမှာ လူငယ်တွေရဲ့ ဘဝတက်လမ်း၊ အလုပ်အကိုင်တွေနဲ့ ယုံကြည်မှုတွေကို အာမခံချက်ပေးနိုင်ပြီဖြစ်လို့ လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးခြင်း၊ ယိုစီးခြင်းတွေရှိတော့မှာ မဟုတ်ပါဘူး။ လူငယ်တွေဟာ အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပကို တရားမဝင်တဲ့လမ်းကနေ ထွက်ခွာနေရတာကြောင့် ကုန်ကျစရိတ်တွေများပြားပြီး အန္တရာယ်ပေါင်းစုံနဲ့လည်း ကြုံတွေ့နေကြရပါတယ်။ ဒီလို နစ်နာမှုတွေ မဖြစ်စေဖို့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး Agency တွေ ဖွဲ့စည်းပြီး တရားဝင် နိုင်ငံခြားပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံတော်လည်း တရားဝင်အခွန်ငွေတွေရ၊ လုပ်ငန်းခွင်အနိုင်ကျင့်ခြင်းကလည်း လွတ်ကင်းပြီး လူငယ်တွေ စိုးရိမ်ကြောင့်ကြမှုကင်းစွာနဲ့ စီးပွားရှာဖွေနိုင်မှာဖြစ်ပါတယ်။

ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား။

စားဝတ်နေရေးအခက်အခဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို စနစ်တကျ လျှော့ချနိုင်မှသာ ပြည်သူတွေရဲ့ စားဝတ်နေရေးအဆင်ပြေမှာ ဖြစ်ပါတယ်။ လစာနည်းတဲ့ စက်မှုဇုန်နဲ့ ကုမ္ပဏီကဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာတဲ့ လူငယ်တွေ၊ မိသားစုဝင်တွေရဲ့ နေရေးထိုင်ရေးအတွက် တန်ဖိုးနည်း အဆောင်လိုမျိုး၊ အငှားအိမ်ရာစနစ်တွေ ဖော်ဆောင်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့ အထူးအတိုးနှုန်းချေးငွေတွေအပြင် ကုန်ကြမ်းပစ္စည်းတွေကိုလည်း သက်သာတဲ့ဈေးနှုန်းနဲ့ ပံ့ပိုးပေးဖို့ ကျွန်တော်တို့ပါတီက ရည်မှန်းထားပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိတာတွေကို ဈေးနှုန်းအချိုသာဆုံးနဲ့ အလွယ်တကူရရှိရန် ဆောင်ရွက်ပေးသွားမှသာ ပြည်သူတွေ စားသောက်ရေး အဆင်ပြေမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား။

တိုင်းပြည်စီးပွားရေးနဲ့ ပြည်သူတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ဖော်ဆောင်နိုင်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးကလည်း အလွန်အရေးကြီးတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အသစ်တစ်ခုကို ကြိုးစားဖော်ဆောင်သွားနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီလိုကုန်သွယ်ရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် ရှမ်းပြည်နယ်အတွက်သာမကပဲ တစ်နိုင်ငံလုံးအတွက်ပါ ကုန်ဈေးနှုန်းတွေ တည်ငြိမ်လာမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မြောက်မြားစွာ ပေါ်ထွန်းလာမှာဖြစ်လို့ တိုင်းပြည်စီးပွားရေးကို များစွာ အထောက်အကူပြုလာနိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား။

စိုက်ပျိုးရေးကဏ္ဍမှာ မိမိဒေသအတွက် လိုအပ်နေတဲ့ စက်ယန္တရားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရင် အချိန်နဲ့ဝင်ငွေတိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် လူအင်အားသုံးပြီးလုပ်ကိုင်တဲ့ လက်မှုလယ်ယာကနေ ခေတ်မီနည်းစနစ်နဲ့ လူအင်အားသိပ်မလိုအပ်တဲ့ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲနိုင်ရပါမယ်။ ဒါဟာလည်း ကျွန်တော်တို့ပါတီက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား။

အချုပ်အားဖြင့်ဆိုရင် ကျားဖြူပါတီဟာ နိုင်ငံသားများရဲ့ ရပိုင်ခွင့် ဆောင်ရွက်ပိုင်ခွင့်နဲ့အညီ ကိုယ်စား ပြုပိုင်ခွင့် ရွေးချယ်ပိုင်ခွင့်ကို လေးစားတန်ဖိုးထားပြီး ပြည်သူတို့ရဲ့ ရင်ထဲကပါတီ၊ ပြည်သူ့ထံမှ ပြည်သူ့ထံသို့ ကြိုးပမ်းဆောင်ရွက်မယ့် ပါတီဖြစ်ပါကြောင်း၊ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချပြီး ဗဟိုနဲ့ အောက်ခြေအဆင့်ဆင့်ကြား ကောင်းမွန်သော စီမံအုပ်ချုပ်မှုယန္တရားကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ ...

သမိုင်းတစ်ခေတ် အသစ်ရေးထိုးကြမယ့် ဒီလိုအချိန်အခါမျိုးမှာ ကျားဖြူပါတီနဲ့အတူလက်တွဲပြီး တည်တံ့တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို အတူတကွဝိုင်းဝန်းတည်ဆောက်ကြပါစို့ ...

အနာဂတ်ကောင်းဖို့ ပြည်ထောင်စုကြီးကို ပြန်လည်ဖန်တီးကြပါစို့......

Create Our Great Future again လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ပါတီ၏သီချင်းစာသား

နိုင်ငံတည်ထောင်ချိန်

သံစဉ် လှိုင်ဇော်ဝင်း

တေးရေး - လရောင်+လှိုင်ဇော်ဝင်း

တေးဆို - လရောင်+ညီညီ+ မ

Intro ------ 14 Bar

V1/     နိုင်ငံထူထောင်ချိန်မှာ ………..စုပေါင်းကြစို့လေ (ကျား)….ဆို

          ပြည်သူတွေနိုးကြလို့ …………………….ရင်ချင်းဆက်ကာရယ်

          အသီးပွင့် ပန်းတွေ ………………………ယိမ်းကတော့မယ်

          ကျားဖြူပါတီ ဦးဆောင်ကာရယ် ……….. ရှေ့သို့ချီမယ်

          မျှော်မှန်းချက်တွေ အောင်မြင်ဖို့ ………… ကြိုးစားနေပါတယ်

          တို့တတွေမျှော်လင့် ………………….. တွေးလို့ ရင်ခုန်မယ်

V2/     ရင်မှာ ယုံကြည်စွာရယ် ..…………..... တည်ဆောက်ကြ စို့ကွယ် (မ)... ဆို

          ပျော်ရွှင်စွာ နွေးထွေးလို့ ……………….. ညှိနှိုင်းကြကာရယ်

          အသီးအပွင့် ပန်းတွေ …………………. စိမ်းလန်းတော့မယ်

          ကျားဖြူပါတီ ဝင်ရောက်ကာရယ် ………. တိုင်းကျိုးကာကွယ်

          မြန်မြန်ဆန်ဆန် အောင်မြင်ဖို့ ………………. ဝိုင်းလို့ကူညီကွယ်

          တို့တတွေအောင်ရက်………….. တွေးလို့ပျော်နေမယ် . (ဟေး)Solo …………….အဝင်

V3/     ရောင်နီအရုဏ်မှာ ………………..ဒို့အားသစ်တို့ဝေ(ကျား+မ)

          စိုပြည်စွာ ဖူးပွင့်လို့ ……………………အိုလှပပါတယ်

          အသီးပွင့် ပန်းတွေ ………………….…. ရိတ်သိမ်းကြရမယ်

          ကျားဖြူပါတီ ဦးဆောင်တာကို……………. သွားစို့အတူကွယ်

          ရည်မှန်းချက်တွေ အောင်မြင်ဖို့……………. ပေါင်းစုညီကာရယ်

          တို့တတွေ လက်တွဲ…………………….... စည်းလုံးစွာနေမယ်

          တို့တတွေ မျှော်လင့်…………………….. တွေးလို့ရင်ခုန်တယ်

          တို့တတွေ အောင်ရက် …………. စောင့်လို့မျှော်နေမယ် (ဟေး)

သံပြိုင်သီဆို ကျား + မ ဟေး……Fade..... out 3 ခေါက်