Skip to main content

ဒီမိုကရေစီယဉ်ကျေးမှုထွန်းကား မုဒိတာပွားနိုင်ကြစေ...

ကိုရေချမ်း

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ဘယ်နိုင်ငံမှာမဆိုအလွန်အရေးပါတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ နိုင်ငံရဲ့အရွေ့တစ်ခုကိုဖြစ်စေနိုင်သလို အနှောင့်အယှက်တွေ၊ အဟန့်အတားတွေ၊ အတိုက်အခိုက်တွေရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ နိုင်ငံရဲ့အရွေ့တစ်ခုဖြစ်တာမို့လို့ ရွေးကောက်ပွဲအောင်မြင်စေဖို့ လူထုလူတန်းစားအလွှာမရွေး နိုင်ငံသူနိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်မှာတစ်ကြိမ်၊ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်နဲ့ ၂၀၂၀ ပြည့်နှစ်မှာတစ်ကြိမ် သုံးကြိမ်ကျင်းပခဲ့ပြီးနောက် ယခု ၂၀၂၅ ခုနှစ်ဟာ စတုတ္ထအကြိမ် ကျင်းပတာဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်မှာ အနှောင့်အယှက်အဟန့်အတားတွေ အနည်းနဲ့အများဆိုသလိုရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာတော့ အနှောင့်အယှက်တွေပိုများလာမှာကို အားလုံးခန့်မှန်းထားပြီးသားဖြစ်ပါတယ်။ “ရွေးကောက်ပွဲ မဖြစ်မြောက်စေရေး ပြည်တွင်း၊ ပြည်ပကအဖျက်အမှောင့်တွေ၊ လုပ်ဆောင်မယ့်သူတွေ၊ အဖွဲ့အစည်းတွေ ရှိနိုင်မှာဖြစ်ကြောင်း၊ ၎င်းတို့ကနည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံတွေအနေနဲ့ ထောက်ခံအားပေးတဲ့၊ အပြုသဘောဆောင်တဲ့ နိုင်ငံတွေရှိသလို ရွေးကောက်ပွဲအပေါ် စောဒကတက်တဲ့နိုင်ငံတွေလည်းရှိနိုင်ကြောင်း” နိုင်ငံတော်အကြီးအကဲက ​စောစောကတည်းက ပြောထားပါတယ်။

ပညာပေးဇာတ်လမ်း

ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ ယခုကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်တဲ့သူတွေကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်ပေါ်တွေမှာ နှောင့်ယှက်တဲ့သူတွေကို “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူ​နေရတာတွေကို တွေ့ရပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ရွေးကောက်ပွဲပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ကျူးလွန်တဲ့အမှု ၄၀ ကျော်ကို ဖော်ထုတ်အရေးယူခဲ့တာကိုတွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲအသိပညာပေးလှုံ့ဆော်မှုအနေနဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုတစ်ပုဒ်ကို အများပြည်သူအသိပညာရစေဖို့ လွှင့်ထုတ်ပေးခဲ့တာကို တွေ့ရပါတယ်။

အဲဒီရွေးကောက်ပွဲ အသိပညာပေးဇာတ်လမ်းနဲ့ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကို ပြည်ပကိုထွက်ပြေးသွားခဲ့ကြတဲ့ အကြမ်းဖက်အဖွဲ့အားပေးထောက်ခံသူတွေနဲ့ တရားခံပြေးတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကတစ်ဆင့် မဟုတ်မမှန်ဝေဖန်ပြောဆို ရေးသားတိုက်ခိုက်လာကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီလို ဝေဖန်ရေးသားနှောင့်ယှက်လာကြတာတွေကို ပြည်တွင်းကပြည်သူအချို့နဲ့ အနုပညာရှင်အချို့က အားပေးထောက်ခံခဲ့ကြတာကို သက်ဆိုင်ရာကစိစစ်တွေ့ရှိရလို့ ၎င်းတို့ကိုလည်း အလားတူ အရေးယူခဲ့တာတွေ့ရမှာဖြစ်ပါတယ်။

အခုလိုရွေးကောက်ပွဲကို နှောင့်ယှက်ခဲ့ကြတဲ့အနုပညာရှင်တချို့ဟာ တည်ဆဲအစိုးရရဲ့ နိုင်ငံတော် တာဝန်ထမ်းဆောင်နေတာကို မလိုလားမနှစ်သက်တဲ့အပြင် မကြာမီကျင်းပမယ့်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အသိပညာပေးဇာတ်လမ်းမှာ တာဝန်သိသိပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေလိုလည်း မပါဝင်ဘဲရှောင်ဖယ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ပြည်သူကိုဖျော်ဖြေပေးခဲ့

နိုင်ငံတော်ရဲ့အရေးကိစ္စမှာ ကိုယ်တိုင်ကလည်းမပါဝင်ဘဲ ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တွေကို ပြည်ပမှအကြမ်းဖက်အဖွဲ့ ထောက်ခံသူတွေနဲ့ တရားခံပြေးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် နှောင့်ယှက်နေကြတာတွေအပေါ်မှာ ထောက်ခံရေးသားအားပေးခဲ့ကြလို့ ဥပဒေအရအရေးယူခြင်းခံရတာဖြစ်ပါတယ်။ အနုပညာရှင်တွေဆိုတာဟာ နိုင်ငံတော်နဲ့ပြည်သူကို တတ်တဲ့ပညာတွေနဲ့အလုပ်အကျွေးပြုကြတဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ အနုပညာစွမ်းပကားနဲ့ နိုင်ငံတော်နဲ့ပြည်သူကို ကောင်းမွန်တဲ့ အသိပညာတွေ၊ ခံစားမှုရသတွေပေးဝေနိုင်ခဲ့တာဟာ ယနေ့ထိတိုင် အမှတ်တရရှိနေဆဲဖြစ်ပါတယ်။ အချစ်၊ အလွမ်း၊ အကြမ်း၊ ဘဝသရုပ်ဖော်စတဲ့ ဇာတ်လမ်းမျိုးစုံနဲ့ ပြည်သူကို ဖျော်ဖြေခဲ့ကြတာဟာထိမိလှပါတယ်။

အတိတ်ခေတ်ကာလ ပြည်တွင်းသောင်းကျန်းမှု ဖြစ်ပေါ်နေဆဲအချိန်မှာပဲ ပုလဲမျက်ရည်၊ ဆောင်း၊ ငါးပွင့်တစ်ခိုင်၊ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ နောက်ဆုံး ကျည်ဆန်၊ နှောင်းတမြေ့မြေ့စတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်သားတွေရဲ့ဘဝတွေကို ထင်ဟပ်ပေါ်လွင်စေခဲ့ပါတယ်။ ကြည့်ရှုခံစားရတဲ့ ပရိသတ်တွေအဖို့ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ နိုင်ငံကိုကာကွယ်လိုစိတ်တွေ မြင့်မားစေပါတယ်။ ဒါ့အပြင် ကန္တာရဝတီထိပ်ထား၊ မြေပြန့်သားဗမာအစ်ကိုရယ်၊ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ စတဲ့တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးရုပ်ရှင်ဇာတ်ကားတွေဟာလည်း ပြည်ထောင်စုစိတ်ဓာတ်ကို ထက်သန်မြင့်မားစေပါတယ်။ တိုင်းရင်းသားပြည်သူတွေအားလုံးကို အသိပညာပေးတဲ့အနေနဲ့ ဘယ်သူပြိုင်လို့ လှပါတော့နိုင်လို စာမတတ်သူပပျောက်ရေးဇာတ်ကား၊ သမန်းကျားရုပ်ရှင်ဇာတ်ကားလို လူငယ်စာရိတ္တ ပြုပြင်ရေးဇာတ်ကားတွေအပြင် နိုင်ငံတော်ရဲ့အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ ကြုံဆုံတဲ့အခါတိုင်း အနုပညာရှင်တွေအားလုံးဟာ ကျရာအခန်းကဏ္ဍကနေ အနုပညာစွမ်းပကားနဲ့ တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

မော်ကွန်းထိုးကျန်ရစ်

ရုပ်ရှင်အနုပညာရှင်တွေသာမက သဘင်၊ ဂီတ၊ အနုသုခုမအတတ်ပညာရှင်တွေအားလုံးဟာ ဘာအရောင်အသွေးမှမပါဘဲ တိုင်းပြည်နဲ့လူမျိုးကို အလုပ်အကျွေးပြုခဲ့ကြလို့ ပြည်သူချစ်တဲ့အနုပညာရှင်တွေလို့ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ဖျော်ဖြေမှုလည်းပါ၊ အနုပညာလည်းမြောက်ပြီး နိုင်ငံနဲ့ပြည်သူကိုလည်း အကျိုးပြုတဲ့ ရုပ်ရှင်ဇာတ်ကားတွေပေါ်ထွန်းရေးမှာ ပါဝင်စွမ်းဆောင်ကြတဲ့ ရုပ်ရှင်အနုပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူအားလုံးကပဲ တန်ဖိုးဖြတ်ပေးကြပါတယ်။ ပရိသတ်တွေကြားမှာ ရှင်သန်မှု၊ ကျော်ကြားမှု၊ ချီးကျူးထောမနာပြုမှုနဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိစမြဲဖြစ်ပေမယ့် အနုပညာရှင်တွေဟာ အနုပညာရှင်တွေအဖြစ်နဲ့ပဲ သက်ဆုံးတိုင်ရှင်သန်ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ လူပင်သေသော်လည်း နာမည်မသေတဲ့အနုပညာရှင်တွေအဖြစ် မော်ကွန်းထိုးကျန်ရစ်ခဲ့ပါတယ်။

အတိတ်တစ်ချိန်က မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ နိုင်ငံနဲ့လူမျိုးအပေါ်မှာ အနုပညာစွမ်းပကားတွေနဲ့ ကဏ္ဍအစုံစုံ၊ နယ်ပယ်မျိုးစုံမရွေး ပညာရပ်အသွယ်သွယ်နဲ့ အလုပ်အကျွေးပြုခဲ့ကြတာတွေဟာ ဂုဏ်ယူလို့မဆုံးနိုင်အောင်ဖြစ်စေပါတယ်။ အနုပညာရှင်တွေဆိုတာဟာ ဘဝကိုပုံအပ်ပြီး အယုတ်အလတ် အမြတ်မရွေးလူတန်းစားအားလုံးကို ဖျော်ဖြေတင်ဆက်ကြရသူတွေဖြစ်တာမို့ မွန်မြတ်တဲ့အသက် မွေးဝမ်းကျောင်းပြုသူတွေလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာ​ပေ စတဲ့အနုပညာသမိုင်းကြောင်းတစ်လျှောက်မှာ နိုင်ငံသမိုင်းကြောင်းနဲ့အတူတစ်သားတည်းလိုက်ပါရင်း အနုပညာ နဲ့တာဝန်ကျေပွန်ခဲ့ကြသူတွေဖြစ်လို့ အစိုးရအဆက်ဆက်၊ ပြည်သူအဆက်ဆက်ရဲ့ အသိအမှတ်ပြုခြင်း ခံကြရသူတွေဖြစ်ပါတယ်။

ဖြူဖြူစင်စင် သယ်ပိုး

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အနုပညာလောကသားတွေအားလုံးတစည်းတလုံးတည်း ရပ်တည်ခဲ့ကြရာမှ မျက်မှောက်ကာလမှာသဘောထားကွဲကြတဲ့အဖြစ်ဟာ ဝမ်းနည်းစရာဖြစ်ပါတယ်။ အနုပညာလောကသားတွေတင်မကပါဘူး။ ဝန်ထမ်းလောက၊ ပြည်သူ​တွေအချင်းချင်းကြားမှာ စိတ်ဝမ်းကွဲပြားအောင် အမုန်းတရားတွေဖန်တီးခဲ့ကြတာ။ “ငါနဲ့မတူ ငါ့ရန်သူ”ဆိုတဲ့ စိတ်ဓာတ်ဟာ အစွန်းရောက် စိတ်ဓာတ်သက်သက်သာဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်တွေကြောင့် တိုင်းပြည်ရဲ့ နယ်ပယ်အသီးသီးမှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတာတွေကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ အစိုးရဆိုတာ အချိန်ကာလ အတိုင်းအတာတစ်ခုသာ နိုင်ငံ့တာဝန်ယူဆောင်ရွက်ရတာဖြစ်ပါတယ်။ နိုင်ငံနဲ့ပြည်သူဟာ ထာဝရဖြစ်လို့ နိုင်ငံနဲ့ပြည်သူအကျိုးကို သူ - ငါ မခွဲခြားဘဲ ဖြူဖြူ စင်စင် သယ်ပိုးကြဖို့လိုပါတယ်။

တိုင်းပြည်ဖျက်ဆီးသူ

ပြည်သူတွေမျှော်လင့်ချက်ဆန္ဒဖြစ်တဲ့၊ နိုင်ငံအတွက်အပြောင်းအလဲအရွေ့တစ်ခုဖြစ်တဲ့ ပါတီစုံဒီမိုကရေစီအ​ထွေထွေရွေးကောက်ပွဲအောင်မြင်ဖို့အတွက် ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းတစ်ပုဒ် လွှင့်ထုတ်လိုက်တဲ့ အခါမှာ အနုပညာစွမ်းပကားနဲ့ ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို မှိုချိုး မျှစ်ချိုးပြောဆိုဝေဖန်အပုပ်ချတာဟာ အလွန်စက်ဆုပ်စရာကောင်းပါတယ်။ ပြည်သူတွေအထင်အမြင်လွဲမှား အောင်၊ အနုပညာရှင်တွေဂုဏ်သိက္ခာကျအောင်၊ မီဒီယာအမည်ခံအကြမ်းဖက်အားပေး ပြည်ပဩဇာ ခံအဖွဲ့တွေနဲ့ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားအောင် လှုံ့ဆော်ရေးသားထုတ်လွှင့်ကြတဲ့သူတွေနဲ့ ထောက်ခံအားပေးကြတဲ့သူတွေဟာ ဇာတ်တူသားစားတဲ့ တိုင်းပြည်ဖျက်ဆီး တဲ့သူတွေပါပဲ။

အနုပညာရှင်တွေဆိုတာဟာ နိုင်ငံနဲ့ပြည်သူတွေက မွေးဖွားပေးလိုက်တဲ့သူတွေပါပဲ။ လက်ရှိနိုင်ငံ ရေးအခြေအနေအပေါ် ဘက်ပေါင်းစုံက လေ့လာသုံးသပ်ကြည့်ပြီး နိုင်ငံနဲ့ပြည်သူအားလုံးမျှော်လင့်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က အားပေးကူညီဖို့လိုပါတယ်။ နိုင်ငံတော်ကဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးအောင်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်၊ ယိမ်းယိုင်ခဲ့တဲ့ စီးပွားရေးပြန်လည်နာလန်ထူလာအောင် ကြိုးပမ်းနေချိန်မှာ အနုပညာစွမ်းပကားနဲ့ တစ်တပ်တစ်အား ပါဝင်ကြဖို့လိုပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လာရင် လူတိုင်းဟာ အယူအဆ၊ သဘောထားထပ်တူမကျနိုင်တာဟာ သဘာဝပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်၊ ရပ်တည်ချက် ထပ်တူမကျတဲ့အပေါ် နာကြည်းမုန်းတီးမှုတွေ၊ ရန်လိုတိုက်ခိုက်မှုတွေ အထူးသဖြင့်အနုပညာလောက သားအချင်းချင်းအပေါ် မကျေနပ်မှုတွေ၊ ရန်လိုမှုတွေပြုလုပ်တာဟာ သဘောထားကျဉ်းမြောင်းတဲ့ မပြုလုပ်သင့်တဲ့အလုပ်ကို လုပ်ကြတာဖြစ်ပါတယ်။

မုဒိတာစိတ်ထား

ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် ရုပ်ရှင်လောကအနုပညာ သမားတွေသာမက နယ်ပယ်အသီးသီးမှာ များသောအားဖြင့်ဖြစ်နေတာက သူတို့နဲ့အရောင်မတူရင်၊ သူတို့အားထားတဲ့ ပုဂ္ဂိုလ်မဟုတ်ရင် ဘာပဲလုပ်လုပ်လက်မခံဘူး၊ ဆန့်ကျင်မယ်၊ ရပ်တည်လို့မရအောင် တွန်းလှဲမယ်ဆိုတဲ့ အာဃာတစိတ်တွေနဲ့ အလုပ်လုပ်နေကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အများပြည်သူဆန္ဒဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းနေတဲ့အချိန်၊ အာဏာရှင်ကိုမလိုလား၊ ဒီမိုကရေစီကိုလိုလားတယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ မတူကွဲပြားမှုတွေကိုပေါင်းစည်းပြီး အတူတွဲလုပ်ကြတဲ့ ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားလာအောင် ပြုလုပ်ကြဖို့လိုပါတယ်။ အယူအဆ သဘောထားကွဲပြားလို့ ကိုယ်ယုံကြည်ရာလမ်းကို လျှောက်မယ်ဆိုရင်လည်း တိုင်းပြည်နဲ့လူမျိုးအကျိုးကို သယ်ပိုးပေးနေတဲ့သူတွေအပေါ်မှာတော့ မုဒိတာစိတ်ထားထားစေချင်ပါတယ်။   ။