နေပြည်တော် နိုဝင်ဘာ ၉
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (မန္တလေး-နေပြည်တော်အပိုင်း) မိုင်တိုင် (၃၅၈/၁)တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဒုဋ္ဌဝတီတံတားအသစ် ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာက မန္တလေးငလျင်ကြီးကြောင့် မူလဒုဋ္ဌဝတီတံတားပျက်စီးမှု၊ တံတားသစ်တည်ဆောက်ရန် မြေနေရာရွေးချယ်မှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာအချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ လမ်းဦးစီးဌာနနှင့်တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရန်ကုန်-မန္တလေးအမြန်လမ်း (မန္တလေး-နေပြည်တော်အပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်းအပိုင်းများ ပြန်လည်ပြုပြင်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော လမ်း၊ တံတားများ အပိုင်းလိုက်ပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန်၊ အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်းဖြင့် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ရန် မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မိုင်တိုင်(၃၆၀/၀)ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော မြစ်ဆွတ်ချောင်းတံတား ပြုပြင်နေသည့်လုပ်ငန်းခွင်၌ ပင်မတံတားနှင့် ချဉ်းကပ်လမ်းများ ပြုပြင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေးအမြန်လမ်း (မန္တလေး-နေပြည်တော်အပိုင်း) မိုင်တိုင်(၃၆၆/ ၃မှ ၃၆၁/၃ အထိ) ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးနေမှု၊ မိုင်တိုင်(၃၆၁/၄)တွင် ကတ္တရာကွန်ကရစ် ခင်းခြင်းဆောင်ရွက်နေမှု၊ လမ်းမြေသား အမာခံရရှိရေး စက်ယန္တရားများဖြင့် ခင်းကြိတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အရည်အသွေး ပြည့်မီရေး၊ လမ်းမြေသားအမာခံရရှိရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ရန်ကုန်-မန္တလေး (လမ်းဟောင်း) (နေပြည်တော်-မန္တလေးလမ်းပိုင်း) မိုင်တိုင် (၃၅၅/၀)ရှိ ယုဇနတံတားသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ရန်ကုန်မှ မန္တလေးသို့သွားသည့် အသွားလမ်းဘက်ခြမ်းရှိ တံတားတိုင်များ ပြိုကျပျက်စီး၍ ကြမ်းခင်းနှင့် ရက်မများ နိမ့်ကျပျက်စီးမှုအား ပြန်လည်တည်ဆောက်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
