Skip to main content

အလှတရား၊ သဟဇာတနှင့် ငြိမ်းချမ်းမှုကို မျှဝေခံစား၍ လူသားအားလုံးကို ချစ်ကြည်ရင်းနှီး ပေါင်းစည်းပေးပါမည်

မိုးကေနိုင်

မြန်မာပြည်သူတို့အတွက် နိုဗိုစီဗစ်ဟူသော အမည်နာမက ယခုအခါမစိမ်းတော့ပါ။ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် နိုဗိုစီဗစ်ဒေသတို့အကြား၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုက များစွာကွာဝေးခြင်းလည်း မရှိတော့ပါ။ မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့အကြား လေကြောင်းအကွာအဝေး ၃၈၆၃ ကီလိုမီတာရှိပြီး နေပြည်တော်နှင့် နိုဗိုစီဗစ်မြို့တို့အကြား လေကြောင်းအကွာအဝေး ခန့်မှန်းခြေကီလိုမီတာ ၄၁၀၀ ခန့်ရှိသော်လည်း မြန်မာပြည်သူများနှင့် နိုဗိုစီဗစ်မြို့ ဆိုက်ဘေးရီးယားပြည်သူများအကြား နှလုံးသားချင်း၊ ရင်ဘတ်ချင်းက ယခုထက်ပို၍ နီးစပ်မှုရှိလာနေကြောင်း ပုံရိပ်များထင်ရှားလျက်ရှိနေပါပြီ။

ဆက်ဆံရေးသမိုင်းကြောင်းအရ

မှတ်မှတ်ရရ မြန်မာနှင့်နိုဗိုစီဗစ်ဆက်ဆံရေးသည် မြန်မာနိုင်ငံနှင့် ဆိုဗီယက်ယူနီယံတို့၏ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၄၈ ခုနှစ် ကတည်းကပင် နှစ်ပြည်ထောင်ချစ်ကြည်ရင်းနှီးမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ နှစ်နိုင်ငံသမိုင်းကြောင်းတွင် ကောင်းမွန်သည့် ရေရှည်ဆက်ဆံရေးနှင့်အတူ ခိုင်မာသည့်ချစ်ကြည် ရင်းနှီး မှုများရှိပြီးဖြစ်သည်မှာ အထူးဖော်ပြစရာမလိုပါ။

ယခုနှစ်မတ်လအတွင်း နိုဗိုစီဗစ်မြို့သို့ နိုင်ငံတော်အကြီးအကဲ သွားရောက်လည်ပတ်ခဲ့မှု၊ အစိုးရများအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဆက်ဆံရေးကောင်းများပို၍ ထင်ရှား လာကြောင်းလည်း တွေ့ရသည်။ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုမှ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့၏ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေကြောင်းပြေးဆွဲမှုနှင့် ခရီးသွားကဏ္ဍများ မြှင့်တင်နိုင်ရေးအထိ ထိရောက်မှုရှိခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် ကျန်းမာရေးနှင့် ပညာရေး၊ စက်မှုနှင့်ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အား ညီအစ်မမြို့များအဖြစ် သတ်မှတ်ရန်ကဏ္ဍများလည်း ပါဝင်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ ဆွေးနွေးမှုများက နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသ အတွက်ပါ ရည်ရွယ်ခဲ့ကြောင်းလည်း တွေ့ရှိရသည်။

လက်ရှိဆောင်ရွက်မှု ပြယုဂ်ကောင်းများ

ထို့ကြောင့်လည်း နှစ်နိုင်ငံအကြား၊ နိုင်ငံနှင့်ဒေသတာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်ရန် ယခုအခါ လိုအပ်လာပြီဖြစ်သည်။ သို့မှသာနှစ်နိုင်ငံခရီးသွားများ အပြန်အလှန် လည်ပတ်သွားလာနိုင်ကြမည်ဖြစ်သည်။ ထို့အတွက် ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲများ ပြုလုပ်ကြတော့မည်။ ခရီးသွားလုပ်ငန်းနှင့်အတူ နှစ်နိုင်ငံအစားအသောက်နှင့် အချက်အပြုတ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာသည်။ တစ်ဆက်တည်း ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြရ တော့မည်ဖြစ်သည်။

ပြန်ကြားရေးကဏ္ဍ၌လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သလို အမျိုးသားစာကြည့်တိုက် များကဏ္ဍကိုလည်း ယခုအခါ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု သိရသည်။ ပူးပေါင်းဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာပါအချက်များ အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားကြမည်ဟု သိရှိရသည်။ သုံးသပ်ရလျှင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော ကဏ္ဍများဖြစ်နေကြောင်း တွေ့ရခြင်းပင်ဖြစ်သည်။

နှစ်နိုင်ငံအကြား ဆက်ဆံရေးသမိုင်းကြောင်းတွင် နောက်ထပ်တိုးတက်မှုက နိုဗိုစီဗစ်မြို့၌ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးကို ယခုနှစ်မတ်လ ၉ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ရလဒ်အနေဖြင့် နိုဗိုစီဗစ်မြို့တွင် နေထိုင်ကြသည့် ရုရှားနိုင်ငံသားများနှင့် မြန်မာနိုင်ငံအကြား ချိတ်ဆက်ပေါင်းကူးမှု ပိုမိုလွယ်ကူသွားခြင်းပင် ဖြစ်သည်။ နားလည်မှုကို ပိုမိုမြှင့်တင်နိုင်ကြတော့ မည်ဖြစ်သည်။ နိုဗိုစီဗစ်ဝန်းကျင်ရှိ မြန်မာအသိုင်းအဝိုင်းကိုလည်း ကူညီစောင့်ရှောက်မှုများပေးနိုင်တော့မည်ဖြစ်သည်။ ထိုအချက်များက ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်ကောင်းများပင်ဖြစ်ပါသည်။

ထို့အတွက် မြန်မာနိုင်ငံအနေဖြင့် ယခုလိုအလေးထားပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည့် နိုဗိုစီဗစ်ဒေသ၊ နိုဗိုစီဗစ်မြို့အကြောင်းကို မိမိတို့ပြည်သူများက သိရှိထားသင့်သည်၊ နားလည်ထားသင့်သည်ဟု ယူဆပါသည်။ ယင်းမြို့၌ ယခင်ကတည်းကပင် မြန်မာနိုင်ငံမှ သွားရောက်ပညာ သင်ကြားနေသည့် သင်တန်းသားများရှိကြသည်။ အမှန်တကယ် ထိုဒေသတွင် စက်မှုနှင့်သိပ္ပံနည်းပညာများ အလွန်ထွန်းကားတိုးတက်ပါသည်။ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ ဗဟိုချက်မအဖြစ်လည်း ထင်ရှားသည်။

ထိုဒေသ၊ ထိုမြို့၌ ယခုနှစ်ဇူလိုင်လအတွင်းက ကျင်းပသည့် အစားအစာနှင့် ခရီးသွားပြပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ညီနောင်အသင်းများက မြန်မာနိုင်ငံကိုယ်စားပြုပြီး ခရီးသွားမြှင့်တင်ရေးပြခန်းတစ်ခု ပြသခဲ့ဖူးသည်။ ထိုပြပွဲ၌ မြန်မာ့ရိုးရာအစားအသောက်များ ဖြစ်သည့် မုန့်ဟင်းခါး၊ လက်ဖက်၊ မြန်မာဝိုင်စသည်တို့ကို ပြသနိုင်ခဲ့သည်။ အစားအသောက်ပြင်ဆင်ချက်ပြုတ်ပုံနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှနှင့်ဝတ်စုံများကို ပြသဖျော်ဖြေနိုင်ခဲ့ပါသည်။

မြို့၏ သမိုင်းကြောင်း

ထိုမျှ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့ အလေးထားသော နိုဗိုစီဗစ်မြို့အကြောင်းကိုဆက်ရလျှင်.... ယင်းမြို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ဆိုက်ဘေးရီးယား ဖက်ဒရယ်ပြည်နယ်၏ အနောက်တောင်ဘက်ရှိ အချက်အချာ မြို့တစ်မြို့ဖြစ်ပြီး အော့ဘ်မြစ်ညာဘက်ကို မေးတင်ထားသည်။

မြို့ကို ၁၈၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရှေးဟောင်းအမွေအနှစ်လက်ရာ အဆောက်အအုံများ တည်ရှိရာ၊ ခေတ်မီစက်မှုလက်မှုနှင့် သိပ္ပံနှင့်နည်းပညာရပ်များထွန်းကားရာ မြို့တစ်မြို့အဖြစ်ထင်ရှားသည်။

ရုရှားနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁၆ သိန်းခန့်ရှိသည့် တတိယမြောက် လူဦးရေ အထူထပ်ဆုံးမြို့လည်းဖြစ်သည်။ မြို့ကို စတင်တည်ထောင်ကတည်းက အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ စက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုအချက်အချာ ကျရာဒေသလည်းဖြစ်ခဲ့သည်။ ရုရှားခေါင်းဆောင် ဂျိုးဇက်စတာလင် လက်ထက်၌ ဆိုက်ဘေးရီးယားဒေသ၏ စက်မှု ထွန်းကားရာ မြို့ကြီးအဖြစ် ပီပီပြင်ပြင် ဖြစ်လာခဲ့သည်။ ၁၉၁၇-၁၉၂၃ ရုရှားပြည်တွင်းစစ်အတွင်း တိုက်ဖွိုက်အူရောင်ငန်းဖျားနှင့် ကာလဝမ်းရောဂါ ကပ်ဘေးကြီးဖြစ်ခဲ့ရပြီး လူထောင်ပေါင်းများစွာ ကပ်ဘေးသင့်ခဲ့ရသည်ဟုလည်း မှတ်သားဖူးပါသည်။ နိုဗိုစီဗစ်မြို့တွင် ရုရှားလူမျိုးအများဆုံးနေထိုင်ပြီး တာဂျစ်၊ တာတာ၊ ဥဇဘက်၊ ယူကရိန်းနီးယန်းနှင့် ကာဂျစ်လူမျိုးများသည်လည်း ရေခဲမှတ်အောက် အလွန်အေးသော ရာသီဥတုအောက် ဆီးနှင်းထူထူတွင် အတူယှဉ်တွဲနေထိုင်လျက်ရှိကြသည်။

သယ်ယူပို့ဆောင်ရေးနှင့် စက်မှုထွန်းကားရာ

ဆိုက်ဘေးရီးယား၏ သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍတွင် နိုဗိုစီဗစ်လေဆိပ်နှင့် ရထားဘူတာရုံများက အလွန်တရာ ထင်ရှားကျော်ကြားလှပါသည်။ ပြည်တွင်း ပြည်ပမှ ဆိုက်ဘေးရီးယားဒေသကိုဖြတ်၍ အရှေ့၊ အနောက်၊ တောင်ဘက် ရထားလမ်းများအားလုံး၏ ဆုံချက်နှင့် အဆုံးသတ် တည်ရာမြို့လည်းဖြစ်သည်။ လေကြောင်းစနစ်၊ ရထားစနစ်များနည်းတူ ဘတ်စ်ကားနှင့် ထရော်လီ ဘတ်စနစ်များ၊ ဘတ်စ်ကားဂိတ်များ၊ တက္ကစီစနစ်မှအစ ရေကြောင်းခရီးသည်တင် waterbus စနစ်အထိ အလွန်ခေတ်မီပြီး စနစ်ကျသည်ဟု မှတ်သားရပါသည်။

နိုဗိုစီဗစ်မြို့တွင် စက်မှုလုပ်ငန်းများ မည်မျှထွန်းကားသလဲဆိုလျှင် အကြီးစားနှင့် အလတ်စားစက်မှုလုပ်ငန်းပေါင်း ၂၁၄ ခုအထိရှိသည်ဟု သိရှိရသည်။ အထူးသဖြင့် လေကြောင်းအာကာသ၊ ဒုံးပျံနည်းပညာ၊ နျူကလီးယားလောင်စာ၊ တာဘိုင်နှင့် ရေအားလျှပ်စစ်ဂျင်နရေတာများ၊ ချည်မျှင်နှင့်အထည်၊ စိုက်ပျိုးရေးထုတ်ကုန်၊ အီလက်ထရွန်နစ် စက်ပစ္စည်းများ၊ ဆီမီးကွန်ဒက်တာများ၊ သံနှင့်သံမဏိလုပ်ငန်း၊ သတ္တုသန့်စင်လုပ်ငန်း၊ သံဖြူလုပ်ငန်း၊ မြေရှားသတ္တုလုပ်ငန်းများကြောင့် ယင်းမြို့သည် ရုရှားနိုင်ငံ၏ တတိယမြောက် စက်မှု ထွန်းကားရာ မြို့တစ်မြို့အဖြစ် ထင်ဟပ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း ရုရှားစီးပွားရေး နာမည်ကြီး ကုမ္ပဏီကြီးများစွာ၏ ဌာနချုပ်များသည် ထိုမြို့၌ လာရောက်အခြေစိုက်ရသည်အထိ ဆွဲဆောင်မှုရှိနေသည်ကိုတွေ့ရခြင်း ဖြစ်သည်။

အားကစား၊ ဂီတနှင့် ပညာရေး

ထိုကဲ့သို့ နိုဗိုစီဗစ်မြို့သည် စက်မှု၊ ပို့ဆောင်ရေးလုပ်ငန်းများနှင့်သာ ထင်ရှားနေခြင်းမဟုတ်ပါ။ ပရော်ဖက်ရှင်နယ်ကျပြီး တက်ကြွသော အားကစားကလပ်များစွာကြောင့်လည်း ထင်ရှားပါသည်။ ဘောလုံး၊ ရေခဲပြင်ဟော်ကီ၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဖူဆယ်ကလပ်အသီးသီးက နိုင်ငံအလိုက် လိဂ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယအဆင့်များအထိ ချိတ်နိုင်ကြပြီး ကမ္ဘာ့အဆင့် လက်ရွေးစင်များစွာကိုလည်း မွေးထုတ်ပေးလျက်ရှိသည်ကို တွေ့ရသည်။

ဂီတ၊ အနုသုခုမ နယ်ပယ်များတွင်ကော ဘယ်လိုအခြင်းအရာများနှင့် ရှိနေပါသလဲ၊၊ ရိုးရာဂီတတွင် ရုရှားတယောပညာရှင် အမြောက်အမြားကို ထိုဒေသလေးမှ မွေးထုတ်ပေးခဲ့ဖူးပါသည်။ ဂီတစာဆို၊ ကဗျာဆရာများစွာအပြင် စည်းချက်ကြမ်းကြမ်းနှင့် ပန့်လီဂန်း punk legend, punk rocker လူငယ်များစွာကလည်း ခေတ်နှင့်အညီသံပြိုင်ဟစ်နေကြသည်။ နာမည်ကျော်ဂီတအဖွဲ့များ ပါဝင်သည့် သံစုံတီးဝိုင်းကြီးများကို ကမ္ဘာကျော် နိုဗိုစီဗစ်အော်ပရာနှင့် ဘဲလေးအက ဇာတ်ရုံကြီး အပါအဝင် ကဇာတ်ရုံများစွာနှင့် ယှဉ်တွဲမြင်ကြည့် ၍လည်း ခံစားနိုင်ပါသည်။

ပညာရေးတွင်လည်း ထို့အတူပင် ဆိုက်ဘေး ရီးယားနှင့် နိုဗိုစီဗစ်မြို့တွင် နိုင်ငံအဆင့်တက္ကသိုလ် များဖြစ်သည့် နည်းပညာတက္ကသိုလ်၊ စိုက်ပျိုးရေး၊ ဗိသုကာ၊ ဒီဇိုင်း၊ အနုပညာ၊ မြို့ပြအင်ဂျင်နီယာ၊ ဆေးပညာ၊ သင်ကြားရေးအပိုင်း၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ရေကြောင်းထိန်းသိမ်းရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ဘူမိဗေဒ၊ စီးပွားရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘဏ်နှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ တက္ကသိုလ်များစွာရှိကြပြီး ထိုတက္ကသိုလ်များအားလုံးက အသိအတတ်ပညာရှင်များစွာကို မွေးထုတ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုဗိုစီဗစ်တွင် ထင်ရှားကျော်ကြားသော အဆင့်မြင့် အမျိုးသားစာကြည့်တိုက်များစွာလည်း ရှိပါသေးသည်။ ပြည်သူ့ရေးရာ၊ သိပ္ပံနှင့်နည်းပညာ၊ ဒေသဆိုင်ရာ၊ လူငယ်နှင့်ကလေးသူငယ်ဆိုင်ရာ စာကြည့်တိုက်များက အထူးနာမည်ကြီးသည်ဟုဆိုပါသည်။ စာကြည့်တိုက်နှင့်အတူ ပြတိုက်အမျိုးများစွာလည်း ထင်ရှားသည်။ ကမ္ဘာကျော် နိုဗိုစီဗစ်တိရစ္ဆာန်ဥယျာဉ်ဆိုလျှင် ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာ နေရာတစ်ခုအဖြစ်လည်း ထင်ရှားပါသည်။

အချုပ်အားဖြင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E. Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား” အမည်ရ ပဒေသာကပွဲမှတစ်ဆင့် မြန်မာနှင့် ရုရှားနှစ်နိုင်ငံတို့အကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုအခြေခံသော ချစ်ကြည်ရေးကို ခိုင်ခိုင် မာမာညွှန်းဆိုနိုင်ခဲ့ကြပြီဟု ဆိုရပါမည်။

နိုင်ငံတော်အကြီးအကဲနှင့် ဧည့်သည် ခေါင်းဆောင်တို့၏ ပြောကြားချက်များကို ကိုးကား၍လည်း နှစ်နိုင်ငံပြည်သူများအကြား ခိုင်မြဲသည့် ချစ်ကြည်ရင်းနှီးမှုကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ကြပါပြီ။ ဆက်လက်၍ လှပသောအနုပညာကို မျှဝေခံစားပြီး အတားအဆီးအားလုံးကို ကျော်ဖြတ်ကြရန်ဖြစ်ပါသည်။ သို့မှသာငြိမ်းချမ်းမှုကိုရရှိမည်၊ ချစ်ကြည်မှုကိုရရှိမည်ဟု ယုံကြည်ထား၍ ဖြစ်ပါသည်။ ။