မျိုးအတွက် ကွန်ချက်
ငပို
“မျိုး”လို့ ပြောလိုက်တာနဲ့ “မျိုးကောင်းမျိုးသန့် မျိုးစေ့”ကို ဆိုလိုတယ်လို့ တောင်သူလယ်သမား တွေရော၊ မျိုးစေ့ထုတ်လုပ်သူတွေရော၊ မျိုးစေ့ ဖြန့်ဖြူးရောင်းချသူတွေရော သိကြပါတယ်။
ဒါဆို “မျိုးကောင်း”ဆိုတာဘာလဲ။ မျိုးကောင်းဆိုတာ သူ့ရဲ့မူလဗီဇကိုက အထွက်ကောင်းမယ်၊ ဒါမှမဟုတ် အရည်အသွေးကောင်းမယ်၊ ပိုးမွှား ရောဂါဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်မယ်၊ ဓာတ် မြေဩဇာကို တုံ့ပြန်မှုကောင်းမယ်၊ ဒါမှမဟုတ် ယိုင်လဲမှုဒဏ်ခံနိုင်မယ်။ အဲဒီအချက်တွေတစ်ခု ထက်မကပါမယ်စတဲ့ သီးနှံတစ်ခုအတွက် ကောင်းတဲ့ လက္ခဏာတွေ ပါဝင်နေတဲ့ မျိုးတစ်မျိုးကို မျိုးကောင်းလို့ ခေါ်ရပါမယ်။
“မျိုးသန့်”ဆိုတာကရော။ မျိုးတစ်မျိုးရဲ့ မျိုးစေ့ထဲမှာအခြားမျိုးကွဲတွေ ရောပါနေတာ၊ ဥပမာ- ဧရာမင်းမျိုးထဲမှာ ပေါ်ဆန်းစေ့တွေ ပါနေတာ၊ မနောသုခစေ့တွေ ပါနေတာ၊ ပေါင်းမြက်စေ့တွေ ပါနေတာ၊ အဖျင်းအမှော် ၊ ဖုန်ခဲသဲတွေ ရောပါနေ တာမရှိဘဲ သန့်တဲ့မျိုးစေ့ကို မျိုးသန့်လို့ပြောတာပါ။
မျိုးစေ့နဲ့ဆိုင်တဲ့ ပညာရပ်ပိုင်းလိုအပ်
မျိုးကောင်းမျိုးသန့် တစ်မျိုးရဖို့ဆိုရင် မျိုးကောင်းရဖို့အတွက်ကတော့မျိုးစေ့နဲ့ဆိုင်တဲ့ ပညာရပ်ပိုင်း လိုအပ်ပါတယ်။ မျိုးတစ်မျိုးရဲ့ မူလဗီဇမှာကိုက အထွက်ကောင်းတဲ့၊ အရည်အသွေးကောင်းတဲ့၊ ပိုးဒဏ် ရာသီဒဏ် ခံနိုင်တဲ့ လက္ခဏာတွေပါတဲ့ မျိုးတစ်မျိုးရဖို့ မျိုးစပ်တာ၊ မျိုးထွန်းအောင်ဖန်တီးတာ၊ ဇီဝနည်းတွေနဲ့ ပြုပြင်တာတွေ လုပ်ဖို့လိုအပ်တာဖြစ်တဲ့အတွက် မျိုးစေ့ပညာရှင် တွေကပဲ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။
ဒါဆို ရှင်းပြီလေ။ ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့မျိုး၊ ကောင်းနေတဲ့မျိုးကို သန့်အောင်လုပ်ဖို့ အတွက်တော့တစ်နည်းအားဖြင့် မျိုးသန့်ရဖို့ကတော့ တောင်သူလယ်သမားတွေ၊ မျိုးစေ့ထုတ်လုပ် သူတွေ၊ မျိုးစေ့ဖြန့်ဖြူးရောင်းချသူတွေ ဘယ်သူမဆိုဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့လက်ထဲမှာ ရှိပြီးသား မျိုးကောင်းတစ်မျိုးကို မျိုးသန့်ဖြစ်ဖို့ စိုက်ခင်းမှာကတည်းက ဆောင်ရွက်ဖို့တော့လိုပါတယ်။
စိုက်ခင်းထဲမှာ မညီမညာဖြစ်နေတဲ့အပင်တွေ၊ ပုံသဏ္ဌာန်ကွဲပြားနေတဲ့အပင်တွေ၊ အရောင်ကွဲပြား နေတဲ့အပင်တွေ၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန် မတူညီတဲ့ အပင်တွေကို နုတ်ပစ် (ဒါမှမဟုတ်) အဲဒီအပင်တွေကို မရွေးဘဲ ညီညာမှုရှိတဲ့၊ ပုံသဏ္ဌာန်တူတဲ့၊ အပင်အရပ်၊ အရွယ်တူတဲ့၊ ပန်းပွင့်ချိန်တူတဲ့၊ ရင့်မှည့်ချိန် တူတဲ့အပင်တွေ၊ အရုံတွေထဲက အနှံ၊ အသီးတွေကို ရွေးပြီး မျိုးအဖြစ် သီးသန့်ရိတ်သိမ်းရမှာ ဖြစ်ပါ တယ်။ ရိတ်သိမ်းပြီးရင်လည်း ပေါင်းမြက်တွေ၊ အဖျင်းအမှော်၊ ဖုန်ခဲသဲတွေ ပြောင်စင်အောင်ပြာတီး သန့်စင်ရမှာ ပေါ့။ ဒါဆို မျိုးကောင်းမျိုးသန့်မျိုးစေ့ တွေကို ဈေးကြီးကြီးပေးပြီး ဝယ်စရာမလို၊ အချိန် ကုန်၊ လူပန်း၊ ငွေကုန်ခံပြီး လိုက်ရှာနေစရာမလိုဘဲ ကိုယ့်လယ်မှာပဲ ထုတ်လုပ်နိုင်ပြီပေါ့။
တောင်သူကြီးတွေအနေနဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဆိုပြီးအထင်ကြီး နေစရာမဟုတ်ပါ၊ သူတို့လည်း ဒီနည်းကိုပဲ အသုံးပြုပြီး ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ သူတို့ ကတော့ ဧရိယာ ကျယ်ကျယ်ပြန့်ပြန့်ထုတ်တဲ့ အတွက် အခြောက်ခံစက်တွေ၊ မျိုးစေ့သန့်စင် စက်တွေသုံးကြတာနဲ့ တောင်သူများကတော့ နေလှန်းတယ်၊ ဆန်ကောဆန်ကာတွေနဲ့ ပြာတီးသန့်စင်တယ်၊ ဒါပဲကွာခြားတာဖြစ်ပါတယ်။
မျိုးရဲ့အရင်းအမြစ် မှန်ဖို့လို
တစ်ခုပဲရှိတယ်။ ကိုယ့်မှာရှိနေတဲ့မျိုးက မျိုးရဲ့ အရင်းအမြစ် မှန်ဖို့တော့လိုတာပေါ့။ ဒီမျိုးကို ကိုယ် ဘယ်ကရသလဲ၊ စိုက်ပျိုးရေးသုတေသနခြံတွေကလား၊ စိုက်ပျိုးရေး မျိုးစေ့ခြံတွေကလား၊ ဒီလိုခြံ တွေမှာတော့ မျိုးစေ့ပညာရှင်တွေလည်းရှိတော့ မျိုးကောင်းဖို့အတွက် စိတ်ချရမှာပေါ့၊ အဲဒီလို မျိုးတစ်မျိုးရပြီးရင် ကိုယ့်လယ်မှာပဲ သုံးနှစ်လောက် မျိုးသန့်အောင်ထိန်းပြီး ပြန်လည်အသုံးပြု စိုက်ပျိုး နိုင်တဲ့အတွက် မျိုးစေ့ဖိုး အပိုငွေမသုံးရဘဲ မျိုးက လည်း ကိုယ်ကိုယ်တိုင်လုပ်ထားတဲ့အတွက် စိတ်ချ ရတဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုစဉ်းစားကြည့်ကြပါစို့။ လယ်ငါးဧကရှိတဲ့ တောင်သူတစ်ယောက်က စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့တွေကို ဒသမ ၁၀ (၀ ဒသမ ၁၀)ဧကစာပဲ ဝယ်ယူစိုက်ပျိုးပြီး အဲဒီ ၀ ဒသမ ၁၀ ဧကကို မျိုးသန့် အောင်ထိန်း၊ နောက်ရာသီမှာ ကိုယ့်လယ်ငါးဧက အတွက် အသုံးပြုလိုက်၊ နောက်နှစ်ရာသီ၊ သုံးရာသီ လောက် မျိုးသန့်အောင်လုပ်ပြီး ဆက်သုံးနိုင်မယ်ဆိုရင် မျိုးစေ့ဖိုးအတွက် ကုန်ကျစရိတ်များစွာ သက်သာသွားမှာဖြစ်သလို မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အသုံးပြုစိုက်ပျိုးရတဲ့အတွက် အထွက်ကောင်း၊ အရည်အသွေးကောင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ပြီး ဈေးကောင်းလည်းရမယ့် ထွက်ကုန်တွေကို ထုတ်လုပ်နိုင်မှာဖြစ်ပါကြောင်း မျိုးကောင်းမျိုးသန့် မျိုးစေ့သုံးစွဲနိုင်မယ့် ကွန်ချက်လေးအဖြစ်တင်ပြ လိုက်ပါတယ်။ အပေါ်မှာ ပြောပြထားတာတွေထက် ထပ်ပြီး အသေးစိတ် သိချင်သေးရင်တော့ ပြောပြ ပေးပါမယ်၊ ထပ်ရှင်းပြမှ ပိုရှုပ်သွားမှာလည်း စိုးပါတယ်။
မျိုးကောင်းအသစ်တစ်မျိုး ရဖို့ဆိုရင် သီးနှံပေါ် မူတည်ပြီး ၁၀ နှစ်ကြာမလား၊ ၁၅ နှစ် ကြာမလား မပြောနိုင်ပါဘူး။ သားဆက်တစ်ခုရဖို့အတွက် အရင်ဦးဆုံး မိဘတွေလိုတာပေါ့၊ မိဘပင်တွေမှာ ကျွန်တော်တို့လိုချင်တဲ့ လက္ခဏာတွေ ဥပမာ-အထွက်ကောင်းတာ၊ အရည်အသွေးကောင်းတာ၊ ပိုးမွှားရောဂါဒဏ်ခံနိုင်တာ၊ ရာသီဥတုဒဏ်ခံနိုင်တာ၊ ရေငတ်ခံနိုင်တာ၊ ဆားငန်ဒဏ်ခံနိုင်တာ၊ အရပ်ပု တာ၊ အရပ်ရှည်တာစသည်ဖြင့်ပါအောင် အရင်ဆုံးစုဆောင်းလို့ ရသမျှ မျိုးတွေကို စိုက်ကြည့်ရတာက စရပါမယ်။ ပြီးမှ ကိုယ်လိုချင်တဲ့ လက္ခဏာပါတဲ့ မျိုးလိုင်းတွေကို ရွေးချယ်ရမယ်။ ပြီးမှ မျိုးစပ်ရမယ်။ မျိုးစပ်ပြီး ရလာတဲ့ မျိုးလိုင်းအသစ်တွေကို ပြန် စမ်းသပ်စိုက်ကြည့်ရမယ်။ ကိုယ်လိုချင်တဲ့လက္ခဏာ တွေ မပါရင် အစကပြန်လုပ်ရမယ်။ တစ်ခါလုပ်ရင် အနည်းဆုံး သီးနှံတစ်ရာသီဆိုတော့ စဉ်းစားသာ ကြည့်ဗျို့၊ ဘယ်လောက်ကြာမလဲဆိုတာ။ ဒါကြောင့် များသောအားဖြင့် မျိုးစပ်ပညာရှင်တွေဟာ မျိုး နှစ်မျိုး၊ သုံးမျိုး ရဖို့အတွက် သူတို့တစ်ဘဝလုံးရဲ့ အချိန်အများစုကို စတေးရတာပေါ့။ မျိုးကောင်း တစ်မျိုးရဲ့တန်ဖိုးကို သိစေချင်လို့ တင်ပြတာပါ။
ပြီးတော့ အားလုံးသိကြတဲ့အတိုင်း မျိုးစေ့မှာ စပ်မျိုးနဲ့ သဘာဝဝတ်မှုန်ကူးမျိုးဆိုပြီး ယေဘုယျ အားဖြင့် နှစ်မျိုးရှိပါတယ်။ သဘာဝဝတ်မှုန်ကူးမျိုး ဆိုတာကတော့ အကြမ်းအားဖြင့် ကိုယ့်မျိုးကိုယ် ပြန်ထားလို့ ရတဲ့ မျိုးတွေကို ဆိုလိုတာပါ၊ ကျွန်တော် တို့နိုင်ငံက စပါးမျိုးအများစုဟာ အဲဒီလိုမျိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်အပေါ်မှာတင်ပြခဲ့တဲ့ ကိုယ့်လယ်မှာ ကိုယ့်မျိုးသန့်ထိန်းတာက ဒီလို သဘာဝ ဝတ်မှုန်ကူးမျိုး တွေကိုပဲ လုပ်လို့ရမှာဖြစ်ပါ တယ်။ စပ်မျိုးတွေမှာတော့ ကိုယ့်မျိုးကိုယ်ထား၊ ကိုယ့်လယ်မှာ ကိုယ့်မျိုးသန့်ထိန်းလို့မရဘူးဆိုတာ ကိုတော့ သေချာသိထားဖို့လိုပါတယ်။
ဒုတိယသားဆက်တွေကို စိုက်ပျိုးရင် ကြီးမားတဲ့ဆုံးရှုံးမှုတွေ ကြုံတွေ့ရမှာဖြစ်
စပ်မျိုးတွေကို စိုက်ပျိုးပြီး ရရှိလာတဲ့ မျိုးစေ့ (ဒုတိယသားဆက်) တွေကို ပြန်လည်စိုက်ပျိုးမယ် ဆိုရင် အပင်များညီညာမှုမရှိခြင်း၊ အသီးအရွယ် များ မညီညာခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်စွမ်း နည်းပါးလာခြင်းနဲ့ နောက်ဆုံးအထွက်နှုန်းရော အရည်အသွေးပါ လျော့နည်းကျဆင်းခြင်းတို့ကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ဒီလိုဒုတိယသားဆက်တွေကို စိုက်ပျိုးမယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရမှာဖြစ်ကြောင်း လေးလေးနက်နက် အသိပေးချင်ပါတယ်။
ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက သဘာဝ ဝတ်မှုန်ကူးမျိုးတွေကို ကိုယ့်မျိုးကိုယ် မျိုးသန့်အဖြစ် ထိန်းသိမ်းမယ်ဆိုရင်လည်း သတိထားသင့်တဲ့ အချက်လေးတွေရှိပါသေးတယ်။ ဥပမာ - စပါးမျိုး နှစ်မျိုး စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအနေနဲ့ အခြောက်လှန်းချိန်မှာ မိုးကာ တစ်ချပ်တည်းကို သုံးမယ်ဆိုရင် တစ်မျိုးလှန်းပြီး နောက်တစ်မျိုး လှန်းချိန်မှာ မိုးကာကို သေသေချာချာ သန့်ရှင်းပြီးမှ အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ ဆန်ကောဆန်ကာ တွေကိုလည်း တစ်မျိုးပြီးရင် နောက်တစ်မျိုးမသုံးခင် သေချာစွာ သန့်ရှင်းဖို့လိုပါတယ်။ မျိုးရောနိုင်ပြီး မျိုးသန့်စင်ဖို့အတွက် အန္တရာယ်အကြီးဆုံး လုပ်ငန်း အဆင့်တွေဖြစ်ပါတယ်။ ရိတ်သိမ်းချိန်မှာလည်း ရိတ်သိမ်းခြွေလှေ့ စက်တစ်စီးပဲ သုံးမယ်ဆိုရင် သေချာပြောင်စင်အောင် သန့်ရှင်းဖို့ လိုမှာဖြစ်ပါ တယ်။
စီးပွားဖြစ် မျိုးစေ့ထုတ်လုပ်နေကြတဲ့ တောင်သူ ကြီးတွေ၊ မျိုးစေ့ထုတ်သမအသင်းတွေ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းတွေအနေနဲ့ကတော့ မျိုးသန့် ထုတ်လုပ်တဲ့ စိုက်ခင်းတွေမှာ မျိုးရောတွေကို ပယ်နိုင်ဖို့ အဓိက အရေးကြီးပါတယ်။ ဒီလိုမျိုး စီးပွားဖြစ်မျိုးစေ့ ထုတ်လုပ်နေကြတဲ့သူတွေရော၊ ကိုယ့်မျိုးကိုယ် မျိုးသန့်ထိန်းသိမ်းတဲ့သူတွေရော ကျန်တဲ့လုပ်ငန်းတွေမှာ လွယ်ကူနိုင်ပေမယ့်စိုက်ခင်းအတွင်း မျိုးရောပယ်တဲ့ လုပ်ငန်းကိုဆောင်ရွက်ဖို့ အခက်အခဲရှိခဲ့ရင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနလက်အောက်ရှိ နီးစပ်ရာဌာနပိုင် မျိုးသန့်ခြံများ၊ မျိုးစေ့ရုံးများနဲ့လည်းကောင်း၊ စိုက်ခင်းမှ ထွက်ရှိလာတဲ့မျိုးစေ့များ စံချိန်စံညွှန်း ပြည့်မီမှုရှိ/မရှိ စစ်ဆေးဖို့အတွက် မျိုးစေ့စစ်ဆေးရေးဓာတ်ခွဲခန်း များနဲ့လည်းကောင်း ဆက်သွယ်ပေါင်းစပ်ဆောင်ရွက်နိုင်ပါကြောင်းကိုလည်း ဌာနမှတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုအရ သိရှိရ ပါတယ်။
မျိုးစေ့ဌာနမှ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုအရ စီးပွားဖြစ် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြ တဲ့ ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းများအနေနဲ့ နိုင်ငံတော်က ပြည်တွင်းမျိုးစေ့ထုတ်လုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်ရေးကို အထူးအားပေးဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်။ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအနေနဲ့လည်း မျိုးကောင်းမျိုးသန့် မျိုးစေ့သုံးစွဲခြင်းရဲ့ အကျိုးကျေးဇူးများကို တစ်စ တစ်စ သိရှိလာတာနဲ့အမျှ ပြည်တွင်း မျိုးကောင်း မျိုးသန့်မျိုးစေ့သုံးစွဲလာနိုင်မယ့်အခွင့်အလမ်းနဲ့ ကြီးမားတဲ့ ဈေးကွက်ရှိလာနိုင်တာကြောင့် မျိုးစေ့စီးပွားရေးမှာ အခုထက်ပိုပြီး ရင်းနှီးမြှုပ်နှံကြဖို့ကို လည်း အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ နည်းမှန်လမ်းမှန်နဲ့ စီးပွားဖြစ် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြတဲ့ ပုဂ္ဂလိက၊ အဖွဲ့အစည်းများနဲ့ သုံးစွဲသူတောင်သူများကို ကာကွယ်ပေးနိုင်ဖို့နဲ့ စံချိန်စံညွှန်း မပြည့်မီတဲ့ မျိုးစေ့တွေကို ဖြန့်ဖြူးရောင်းချနေသူတွေ၊ မသမာတဲ့နည်းနဲ့ အတုအပတွေကို ရောင်းချနေသူတွေကို အရေးယူနိုင်ဖို့ကို လည်း မျိုးစေ့ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ စိစစ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရတဲ့အတွက် ပြည်တွင်းမျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်နေကြသူတွေအတွက် ပိုပြီးစိတ်ချလုံခြုံတဲ့ စီးပွားရေးရပ် ဝန်းတစ်ခု ဖြစ် လာဖို့ ရှိနေကြောင်းကိုလည်း အသိပေးလိုပါတယ်။
ဒီဆောင်းပါးလေးမှာတော့ တောင်သူတွေအနေနဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အဓိကလွယ်ကူစွာ ရရှိစေပြီး ကုန်ကျစရိတ်လည်း နည်းပါးစေတဲ့ မျိုးစေ့အတွက် ကွန်ချက်လေးကို မျှဝေပေးချင်တာဖြစ်ပြီး တောင်သူတစ်ဦးတစ်ယောက်အတွက် အကျိုးရှိ သွားမယ်ဆိုရင်ကိုများစွာ ကျေနပ်အားရမိမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
