နေပြည်တော် နိုဝင်ဘာ ၁၀
ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက်စစ် ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့သည် မြန်မာနိုင်ငံသို့ တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီး၍ အရာရှိ၊ စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
