မြန်မာ့စွယ်စုံကျမ်းနှင့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်
မြန်မာ့စွယ်စုံကျမ်း
မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ဖွဲ့စည်း တည်ထောင်ရန် ကြံဆခဲ့စဉ်ကပင် ပညာရှင်များက မြန်မာ့စွယ်စုံကျမ်း ထုတ် ဝေရန် စဉ်းစားခဲ့ကြသည်။ ၁၉၅၄ ခုနှစ် တွင် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) ကို ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည်။ ၁၉၇၇ ခုနှစ် တွင် မြန်မာ့ စွယ်စုံကျမ်း အတွဲ (၁၅) ကို ထုတ်ဝေခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲ ထုတ်ဝေပြီးနောက် နှစ်စဉ် အသစ် ထပ်မံ ဖြစ်ပေါ်လျက်ရှိသည့် အကြောင်း ရပ်များကို စုစည်းဖော်ပြသော ဖြည့်စွက် ချက် အဖြည့်ကျမ်းအဖြစ် စွယ်စုံကျမ်း နှစ်ချုပ်ကို ၁၉၇၈ ခုနှစ်မှစ၍ တစ်နှစ်လျှင် တစ်အုပ် ထုတ်ဝေခဲ့သည်။ မြန်မာ့စွယ်စုံ ကျမ်း အတွဲ (၁) မှ အတွဲ (၁၅) အထိ အက္ခရာစဉ်အလိုက် (က) မှ (အ) အထိ အကြောင်းရပ်များကို ဖော်ပြထားသည်။
ယခုအခါ ခေတ်စနစ်နှင့်အညီ ဖော်ပြရန်ရှိသော တည်ပုဒ်များ အကြောင်းရပ်များ၊ ပြုစုဖော်ပြထားသည့် ယခင်အကြောင်းရပ်များအပေါ်တွင် ဖြည့်စွက်ဖော်ပြရန် ရှိနေသည့် အချက်များကြောင့် ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ပြုစု ထုတ်ဝေရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောက်ရွက်လျက် ရှိနေပြီဖြစ်သည်။
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်
၁၉၅၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပြုစုထုတ်ဝေခဲ့သည့် မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲ၏ ဖြည့်စွက်ချက်များ နှစ်အလိုက် အသစ်ပေါ်ထွက်လာသည့် အကြောင်းရပ်များကို မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲ၏ ဖြည့်စွက်မှတ်တမ်းအဖြစ် ဖော်ပြနိုင်ရန် ၁၉၇၈ ခုနှစ်မှ စတင်ကာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ကို တစ်နှစ်တစ်ကြိမ် ပြုစုထုတ်ဝေခဲ့ပါသည်။
မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်အပိုင်း (၁) တွင် ပြက္ခဒိန်နှစ်အတွင်း ဖြစ်ပျက်ခဲ့သော ပြည်တွင်း ပြည်ပ ဖြစ်ရပ်များကိုနေ့ရက် အစီအစဉ်အတိုင်း ဖော်ပြထားသည်။ အပိုင်း (၂) တွင် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း အခြေခံအကြောင်းချက်များနှင့် တကွ သိရှိမှတ်သားသင့်သည့် အကြောင်းအရာများ (ဆေးပညာ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အနုပညာစသည် ---) ကို အထူးဆောင်းပါးကြီးများအဖြစ် ဖော်ပြထားသည်။ အပိုင်း (၃) တွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် ဖြစ်ပျက်ခဲ့သည့် ထူးခြားသော အကြောင်းအရာများကို အက္ခရာစဉ်အလိုက် ဖော်ပြခြင်းနှင့် အဆိုပါ နှစ်အတွင်း ကွယ်လွန်ခဲ့သည့် နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားလျက်ရှိသူများ၏ အတ္ထုပ္ပတ္တိ အကျဉ်းများကို ဖော်ပြထားသည်။ ယခုအခါ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် (၂၀၁၈) စာအုပ်ကို ဖြန့်ချိရောင်းချနေပြီး ရောင်းစျေးမှာ ၄၀၀၀ ကျပ် ဖြစ်သည်။