ဆောင်ရွက်သည့် လုပ်ငန်းများ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို ပညာရေး ဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ် ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ပြည့်ဝရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက် ၁၉၉၂ ခုနှစ်မှစ၍ အခြေခံပညာ ကျောင်းသုံးစာအုပ်များအား ပညာရေး ဝန်ကြီးဌာန၏ လိုအပ်ချက်များနှင့်အညီ အရည်အသွေးပြည့် အချိန်မီ ပုံနှိပ်ထောက်ပံ့လျက်ရှိပါသည်။ ယခုအခါ အခြေခံပညာအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို နှစ်စဉ် အုပ်ရေ သန်း ၄ဝ ခန့် ပုံနှိပ်ထောက်ပံ့ပေးလျက်ရှိပါသည်။ လုပ်ငန်းလက်အောက်ရှိ ပုံနှိပ်စက်ရုံအားလုံးသည် နှစ်စဉ် ပညာရေးလိုအပ်ချက်အရ ကျောင်းသုံးဖတ်စာအုပ်များကို စက်ရုံအလိုက် လုပ်ငန်းစီမံချက် ရေးဆွဲပြီး စာသင်နှစ်သစ် ကျောင်းဖွင့်မည့်ရက် ဇွန်လမတိုင်မီ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မတ်လ  ၁၅  ရက် အပြီး ပုံနှိပ်ထောက်ပံ့ပေးလျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအနှံ့သို့ ဖြန့်ဝေနိုင်ရေးအတွက် နှစ်စဉ် လိုအပ်ချက်၏ ၄ဝ ရာခိုင်နှုန်းကို ဒီဇင်ဘာလအတွင်း အပြီးပုံနှိပ်၍ လည်းကောင်း၊ ကျန် ၆ဝ ရာခိုင်နှုန်းကို မတ်လ ၁၅ ရက် အပြီး ပုံနှိပ်၍လည်းကောင်း ထောက်ပံ့ပေးလျက်ရှိသဖြင့် နှစ်စဉ် ကျောင်းဖွင့်သည်နှင့် ကျောင်းသုံးဖတ်စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများထံအရောက် ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း ပုံနှိပ်ဖြန့်ချိခြင်း

ပုံနှိပ်ရေးနှင် ထုတ်ဝေရေးဦးစီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းကို တာဝန်ယူ ပုံနှိပ်ဖြန့်ချိလျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု ဝန်ကြီးရုံးများ၊ စစ်ရာထူးခန့်ချုပ်ရုံးတို့မှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ ပြန်တမ်းဝင်အရာရှိများ ခန့်ထားခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်းဆိုင်ရာ  အမိန့်ကြော်ငြာ စာများ၊ နှစ်စဉ်နိုင်ငံတော်မှ ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းခံရသည့် ရဟန်းသံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ၏ စာရင်းများ၊ ကုမ္ပဏီ (မြန်မာ+ နိုင်ငံခြား) ဖျက်သိမ်းသည့် ကြော်ငြာများကို ထည့်သွင်းပုံနှိပ် ဖော်ပြပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် ယခင်က စာမျက်နှာ ၃၂ မျက်နှာ ပါရှိပြီး ပြန်တမ်းတစ်စောင်လျှင် ၁ဝဝ ကျပ်နှုန်းဖြင့် ဖြန့်ချိ ရောင်းချခဲ့ပါသည်။ ယခုအခါ အစိုးရသစ်လက်ထက်တွင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်မှု ပိုမိုများပြားလာပြီး ပြန်တမ်း တစ်စောင်လျှင် စာမျက်နှာ ၅၇ မျက်နှာအထိ ရိုက်နှိပ်လာရသဖြင့် ပြန်တမ်းတစ်စောင်လျှင် ၁၇၅ ကျပ်နှုန်းဖြင့် ဖြန့်ချိ ရောင်းချပါသည်။ နိုင်ငံခြားသံရုံးများသို့ ပြန်တမ်း တစ်စောင်လျှင် ၂ US$ ဖြင့် ဖြန့်ချိရောင်းချပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း လေးပိုင်း ပါရှိ၍ အောက်ပါအတိုင်း ခွဲခြားဖော်ပြလျက်ရှိပါသည်-

                                                                                         အပိုင်း ( )

                                ၁။    နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် အမိန့်၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများ

                                ၂။    ပြည်ထောင်စုအစိုးအဖွဲ့ရုံးမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ၊

၃။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်သည့် ကြေညာချက်များ၊

                                ၄။    ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ရရှိသူများစာရင်း ဖော်ပြပေးရခြင်း၊

၅။    ပြည်ထောင်စုဝန်ကြီး လက်မှတ်ရေးထိုး ထုတ်ပြန်သည့်              အမိန့်ကြော်ငြာစာများ။

                                                                                   အပိုင်း ( )

၁။    ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ ခန့်ထားခြင်း၊    ပြောင်းရွှေ့ခြင်း အမိန့်စာများ၊

၂။    စစ်ရာထူးခန့်ချုပ်ရုံးမှ ထုတ်ပြန်သည့် ပြန်တမ်းဝင်အရာရှိများ  ခန့်အပ်မှုစာရင်း၊

၃။    ဝန်ကြီးဌာနများ၊ လုပ်ငန်း/ ဦးစီးဌာနများမှ ဦးစီးအရာရှိ၊ လ/ထ ညွှန်ကြားရေးမှူး၊  ဒု-ညွှန်ကြားရေးမှူးများ ရာထူးတိုးခြင်း၊ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့်စာများ

                              ၄။    ဝန်ကြီး၊ ဒု - ဝန်ကြီးအဆင့် နုတ်ထွက်စာများ။

                                                                            အပိုင်း ( )

                              ၁။    ပြန်တမ်းဝင်အရာရှိများ ခွင့်ခံစားခွင့်ပြုသည့် အမိန့်စာများ၊

                              ၂။    ပြန်တမ်းဝင်အရာရှိ မဟုတ်သော ဝန်ထမ်းများ၏ ကိစ္စရပ်များ

[အပိုင်း (၃) ကို ပြန်တမ်းတွင် ဖော်ပြရန် စာမျက်နှာအခက်အခဲကြောင့် ဖော်ပြပေးခြင်း မရှိပါ ။]

                                                                             အပိုင်း ( )

                               ၁။    ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်သည့် ကြော်ငြာစာများ၊

                               ၂။    ကုမ္ပဏီများ ( မြန်မာ + နိုင်ငံခြား ) ဖျက်သိမ်းခြင်း ကြော်ငြာစာများ။

အခြားပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း

 ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရှိ ပုံနှိပ်စက်ရုံများသည် အထက်ပါကဲ့သို့ နှစ်စဉ် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပုံနှိပ်ခြင်းအပြင် နိုင်ငံတော်အဆင့် အခမ်းအနားများ အတွက် ဖိတ်စာများ၊ လက်မှတ်များ၊ မှတ်တမ်းစာအုပ်များ စသည့် အရေးကြီးလုပ်ငန်းများနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ၊ အထက်ဌာနကြီးများနှင့် ဝန်ကြီးဌာနများမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ ပြင်ပအဖွဲ့အစည်းများမှ အပ်နှံသော စာအုပ်စာစောင်များ ပုံနှိပ်ခြင်း၊ တစ်နှစ်တစ်ကြိမ်ထုတ် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်၊ စာပေဗိမာန်နှင့် ပခုက္ကူ စာပေဆုရစာမူများကို စာအုပ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့လက်စွဲစာစဉ်များ၊ တစ်ပတ်တစ်ကြိမ်ထုတ် ရွှေသွေးဂျာနယ်၊ တစ်လတစ်ကြိမ်ထုတ် သုတပဒေသာစာစောင်နှင့် ကျောင်းသုံးဗလာစာအုပ် ပုံနှိပ် ထုတ်လုပ်ခြင်းလုပ်ငန်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အပ်နှံသော လွှတ်တော်အဆင့်ဆင့်အတွက် မဲလက်မှတ် အမျိုးအစား ၁၁ဝဝ၊ ရွက်ရေ ၁ဝ၆၉၉၉၈၃၃၊ ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ် ၁ဝ သန်း၊ မဲရုံများနှင့် ရွေးကောက်ပွဲတွင် အသုံးပြုရမည့် စာရင်းဇယားပုံစံ ၂ဝ မျိုး၊ စောင်ရေ ၃၇ ဒသမ ၂၇ သန်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ အုပ်ရေ ၈၆၉၂ဝဝ အုပ်တို့ကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်နှင့် အမှားအယွင်းမရှိအောင် ပုံနှိပ် ထောက်ပံ့ပေးနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူပြုခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ကြားဖြတ်ရွေးကောက်ပွဲ ကော်မရှင်မှ အပ်နှံသော မဲလက်မှတ်အမျိုးအစားများ၊ ကြိုတင်မဲလက်မှတ် စာအိတ်များကိုလည်း အမှားအယွင်း မရှိအောင် ပုံနှိပ်ထောက်ပံ့ပေးခဲ့ပါသည်။

နိဂုံး

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများ၏ ပုံနှိပ်လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ပုံနှိပ်ဖြန့်ဝေမှုကို အရည်အသွေး မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ယခင်က နှစ်ကာလ ကြာရှည်စွာ အသုံးပြုလာခဲ့သော ခေတ်မမီတော့သည့် ပုံနှိပ်စက်များ၏နေရာတွင် ခေတ်မီပုံနှိပ်စက်ကြီးများ အစားထိုး၍လည်းကောင်း၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် လိုအပ်ချက်အရ ပုံနှိပ်စက်ရုံအသစ်များ ဖွင့်လှစ်၍လည်းကောင်း၊ ပုံနှိပ်လုပ်ငန်း အဆင့်ဆင့်တွင် ICT နှင့် အီလက်ထရွန်းနစ် နည်းပညာများဖြင့် ခေတ်မီစွာ အရည်အသွေး ကောင်းမွန်စေရန်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွင့်ပြုချက်နှင့်အညီ ခေတ်မီဆန်းသစ်သော နည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူအသုံးပြုပြီး လုပ်ငန်း ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့် အထက်ဌာနများ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများကို အမှားအယွင်းမရှိစေဘဲ အချိန်မီ ပြီးစီးအောင် အရည်အသွေး ပြည့်မီစွာဖြင့် ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အနာဂတ်ကာလတွင်လည်း ယခုထက် ပိုမိုပြည့်စုံ ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ