''ပညာဘဏ်တိုက် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်''

ပြည်သူလူထုအကျိုးရှိစေမည့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ် စာပေဗိမာန်ရုံးအဆောက်အအုံ၌ ၁၉၅၆ ခုနှစ်၊ မတ်လ (၁၃) ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

''အမှောင်ခွင်း၍အလင်းဆောင်အံ့'' ဟူသောဆောင်ပုဒ်သည် စာပေဗိမာန်၏ဆောင်ပုဒ်ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ပြည်သူပြည်သားများ အသိပညာတိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ် ငန်းတွင်အထောက်အကူဖြစ်စေရန် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည်လည်း ကဏ္ဍတစ်ခု အနေဖြင့် ပါ၀င်လျက်ရှိပါသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၏ ရည်ရွယ်ချက်မှာ ပြည်သူတို့ဗဟုသုတဖြစ်စေရန်နှင့် စာဖတ် အလေ့အကျင့် တိုးပွားစေရန်လည်းကောင်း၊ အတွေးအခေါ်ရင့်သန်လာ၍ ဥာဏ်အမြော်အမြင် ကြီးမား လာစေရန်လည်းကောင်း၊ ပြည်သူပြည်သားကောင်းများ ပေါ်ထွက်လာစေရန်လည်းကောင်း၊ ရည်ရွယ်လျက် ပြည်သူ့စာကြည့်တိုက်နှင့်အညီ သုတရသစာအုပ်မျိုးစုံကို စုဆောင်းထိန်းသိမ်းပြီး ၀န်ဆောင်မှုပေးလျက်ရှိသည်။

သုတရသ မြန်မာစာအုပ်စုစုပေါင်း (၆၁၆၈၄) အုပ်၊ အင်္ဂလိပ်စာအုပ် (၂၃၀၆၆) အုပ်တို့၏ ဒေတာ ကက်တလောက်များကို Electronic Library Management System ဖြင့် ချိတ်ဆက်ထည့်သွင်း ထားသည်။ ထို့အပြင် ပညာရပ်ဆိုင်ရာ  စာအုပ် (၂၀၀၀၀) ကျော်ကိုလည်း Local Network ချိတ်ဆက်ထားသဖြင့် စာကြည့်တိုက်အတွင်း ဖတ်ရှုနိုင်စေရန်နှင့် အင်တာနက် wifi အခမဲ့အသုံးပြု ခွင့်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။ စာနယ်ဇင်းမျိုးစုံနှင့် နေ့စဉ်သတင်းစာမျိုးစုံတို့ကို ဖတ်ရှု နိုင်ရန်၀န်ဆောင်မှုပေးလျက်ရှိသည်။

သမားရိုးကျ ကက်တလောက်စနစ်နှင့် Electronic စနစ်နှစ်မျိုးစလုံးဖြင့် စာဖတ်သူများလိုအပ်သော အကြောင်းအရာ၊ အချက်အလက်၊ စာအုပ်စာတမ်းများကို အချိန်တိုတိုအတွင်း လျင်မြန်စွာရှာဖွေ ငှားရမ်း ဖတ်ရှုနိုင်ရန်နှင့် ကျောင်းသူ ကျောင်းသားများ၊ စာတမ်းပြုစုသူများ၊ သုတေသနပြုသူ စာပေသုတေသီများအတွက် ခိုင်မာသောအကိုးအကားများ အသုံးပြုနိုင်စေရန် ရည်ညွှန်းစာအုပ်များကို လည်း အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေပြီး လိုအပ်သော အစိတ်အပိုင်းများကို မိတ္တူကူးယူခွင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

ကလေးသူငယ်များ စာဖတ်အလေ့အကျင့်ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာနိုင်စေရန် ကလေးစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားရှိပါသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာအုပ်များကို ငှားရမ်းဖတ်ရှုမည်ဆိုပါလျှင် စာကြည့်တိုက်အငှားကတ် ပြုလုပ်ရမည်ဖြစ်ပြီး အသင်း၀င်လျှောက်လွှာပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ(၁)စောင်၊ လိုင်စင်ဓာတ်ပုံ (၂)ပုံဖြင့် အသင်း၀င်နိုင်ပါသည်။

စာကြည့်တိုက်ဖွင့်လှစ်ချိန်ကို တနင်္လာနေ့ မှ သောကြာနေ့အထိ နံနက် ၉ : ၃၀ နာရီ မှ ညနေ ၄ : ၀၀ နာရီအထိ လည်းကောင်း၊ စနေနေ့တွင် နေ့လယ် ၁၂ : ၀၀ နာရီမှ ညနေ ၃ : ၀၀ နာရီအထိ လည်းကောင်း ဖွင့်လှစ်ထားလျက်ရှိရာ စာပေမြတ်နိုးသူများအနေဖြင့် လာရောက်ဖတ်ရှု လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

1

2

3

4

5

6

7
        

 

အကြံပြုစာ/တိုင်ကြားစာ