သမိုင်းကြောင်း

1

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန် အတွက် ၁၉၄၇ ခုနှစ်တွင် ဆိုရန်တိုဗီလာစီမံကိန်းရေးဆွဲရေး အစည်းအဝေး ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပ နိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန်  ဘာသာပြန်စာပေဌာနကြီးတစ်ခု ထူထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ ဗိုလ်ချုပ် မိန့်ကြားခဲ့သည်မှာ -

"ပညာရေးပြန်လည်ထူထောင်မှုကို အရေးတကြီး ဆောင်ရွက်ဖို့လိုနေပြီ။ စစ်ကြီး မတိုင်မီကအတိုင်း ကျောင်းများ၊ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ဖို့ ရှေးဦးစွာ ရည်မှန်းရမယ်။

….. အသက်မွေးဝမ်းကျောင်းဖြစ်သော စက်မှုလက်မှုစသော အတတ်ပညာသင်တန်းကျောင်းတွေ တိုး၍ဖွင့်ပေးနိုင်အောင် လုံးပမ်းကြရမည်။

… စာအုပ်များ ထုတ်လုပ်ရေးကိစ္စတွင် ကျယ်ပြန့်သော၊ လူထုလက်သို့ ပေါက်ရောက်နိုင်သော ဘာသာပြန်စာပေများ ထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်" ဟူ၍ ဖြစ်သည်။

2

စာပေဗိမာန်အဖွဲ့၏ မူလအစ ရန်ကုန်မြို့ ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံ

၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈ ခုနှစ် မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။ စာပေဗိမာန်အဖွဲ့သည် မူလက ရန်ကုန်မြို့ ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် တည်ရှိခဲ့သည်။ ၁၉၅၅ ခုနှစ် မေလတွင် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (လက်ရှိနေရာ) သို့ ပြောင်းရွှေ့လာခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဇူလိုင်လတွင် စာပေဗိမာန်စာအုပ်အသင်းကို စတင် တည်ထောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၂ ခုနှစ် မတ်လတွင် စနစ်သစ် အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့်ပေါင်းပြီး စာပေဗိမာန်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး၏ လက်အောက်ခံ ဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာ လက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။

အကြံပြုစာ/တိုင်ကြားစာ