ရွှေသွေးဂျာနယ်
ရွှေသွေးအပတ်စဉ်ထုတ်ဂျာနယ်
*ရွှေသွေးဂျာနယ်ကို ၄-၄-၁၉၆၉ ရက်တွင် စတင်ကာ အသက် ၁၂ နှစ်ရှိ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ လူငယ်များ စာပေဗဟုသုတ ပြည့်၀စေရေးနှင့် လိမ္မာရေးခြားရှိစေရေး ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့ပါသည်။ မူလက မြန်မာ ဘာသာဖြင့်သာ ထုတ်ဝေခဲ့သော်လည်း ကျောင်းသားလူငယ်များ အင်္ဂလိပ်စာ သင်ယူလေ့လာ နိုင်စေရန်အတွက် ၁၉၇၉ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်နေ့ထုတ်မှ စတင်၍ ရွှေသွေးကို မြန်မာဘာသာဖြင့် တစ်စောင်၊ အင်္ဂလိပ်ဘာသာဖြင့် တစ်စောင် သီးခြားစီ ခွဲ၍ ထုတ်ဝေခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဩဂုတ်လ ၁၆ ရက်နေ့ ထုတ်မှစ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ယခင်က စာမျက်နှာ ၁၂ မျက်နှာထိသာ ထုတ်ဝေခဲ့သော်လည်း ၂၀၀၉ ခုနှစ်မှ စတင်ကာ ၁၆ မျက်နှာသို့ တိုးမြှင့်ခဲ့ပြီး အဖုံး ၄ မျက်နှာကို စက္ကူဖြူချောဖြင့် ပြောင်းလဲထုတ်ဝေကာ ကွန်ပျူတာဖြင့် အရောင်သွင်းခြင်းစနစ်သို့ စတင်ပြောင်းလဲခဲ့ သည်။ ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်မှ စတင်၍ ရွှေသွေးတစ်စောင်လုံးကို စက္ကူဖြူချောဖြင့် ပြောင်းလဲထုတ်ဝေခဲ့သည်။
စတင်ထုတ်ဝေခဲ့စဉ်က စောင်ရေ (၁၅၀၀၀၀) ထိ ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စတင်ကာ စက္ကူကုန်ကြမ်းအခက်အခဲကြောင့် စောင်ရေထက်ဝက်ခန့် လျှော့ချခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် စောင်ရေ ၄၀၀၀၀၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် စောင်ရေ ၃၀၀၀၀၊ ၂၀၁၄ ခုနှစ် မေလတွင် စောင်ရေ ၃၁၀၀၀၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စောင်ရေ ၂၆၀၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် စောင်ရေ ၂၂၀၀၀ သို့ ပြောင်းလဲ ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
စတင်ထုတ်ဝေခဲ့စဉ်က ရောင်းဈေးတန်ဖိုးမှာ တစ်စောင်လျှင် ၂၅ ပြား ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ဂျာနယ်တစ်စောင်တန်ဖိုးမှာ ၁၇၀ ကျပ်၊ ၂၀၁၄ ခုနှစ်၊ မေလတွင် ၂၀၀ ကျပ်၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ယနေ့ထိ ၂၅၀ ကျပ်သို့ ဈေးနှုန်းအဆင့်ဆင့် ပြောင်းလဲခဲ့သည်။
ယခုအခါ စောင်ရေ ၂၂၀၀၀ ကို တစ်စောင်လျှင် တန်ဖိုး ၂၅၀ ကျပ်ဖြင့် စနေနေ့တိုင်း ဖြန့်ချိရောင်းချလျက် ရှိပါသည်။