ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၄)၌ ကျောင်းသူကျောင်းသားများကိုယ်တိုင် ပါဝင်လှူဒါန်းသည့် ကထိန်သင်္ကန်း အလှူပွဲတော်အကြောင်း သရုပ်ဖော်ထားသည့် “ကထိန်ပွဲတော် တို့နွှဲပျော်” မျက်နှာဖုံးကာတွန်း၊ အလှအပကိုသာ မက်ပြီး ကိုယ့်မျိုးနွယ်တူများအပေါ် ပြစ်မှားမိရာက ဒုက္ခနှင့် ကြုံတွေ့ရသော ရွှေဝါအကြောင်း သရုပ်ဖော်ထားသည့် “မာနကြီးတဲ့ ရွှေဝါ” နှစ်မျက်နှာကာတွန်း၊ မုန့်အိတ်ကသာ လေဖောင်းပြီး ကြီးနေသော်လည်း အထဲတွင်ပါသော မုန့်က တဖြည်းဖြည်းနှင့် ပိုနည်းလာသည်ကို ကြောက်နေမိသည်ဆိုသော ဖိုးဇော်တို့ သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားသည့် “ဘာကို အကြောက်ဆုံးလဲ” နှစ်မျက်နှာကာတွန်း၊ ကျေးဇူးကန်း သော ကျားနှင့် ကူညီတတ်သော မောင်ပိုအကြောင်း သရုပ်ဖော်ထားသည့် “မောင်ပိုနဲ့ ကျေးဇူးကန်းတဲ့ ကျား” နှစ်မျက်နှာကာတွန်း၊ အချက်အပြုတ်တော်သော ထော်လေးအမေ၏ ရှယ်လက်ရာအကြောင်း သရုပ်ဖော်ထားသည့် “ထော်လေး” တစ်မျက်နှာဟာသကာတွန်းနှင့် အဖေနှင့်အတူ လက်ဝှေ့ပွဲ သွားကြည့်ရသည်မှာ အလွန်ပင် ပျော်စရာကောင်းသည်ဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော် ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် စိုက်ပျိုးမွေးမြူရေးထုက်ကုန်များသည် လူမှုအဖွဲ့အစည်းအတွက် အလွန်အရေးပါကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် အစ်ကိုဖြစ်သူအား အဖေ၏ အရိုက်မခံရစေရန် အောင်မြင်စွာ ကာကွယ်ပေးနိုင်ခဲ့ သော ညီမဖြစ်သူအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် တစ်ဦး၏ ပညာကို တစ်ဦးက အပြန်အလှန် လေးစားတန်ဖိုး ထားပြီး အကျိုးရှိရှိ အသုံးချနိုင်ခဲ့ကြသော မောင်နှမနှစ်ယောက်အကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် မြန်မာတို့၏ တန်ဆောင်တိုင်ည သဘာဝအလှနှင့် ပျော်ရွှင်မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်းအစဉ်အလာများ အကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းရွှေမိုး၏ “တန်ဆောင်တိုင်ပွဲတော်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဆိုင်က ဝယ်ထားသော အဝတ်အစားသည် အနေတော် မဟုတ်သောကြောင့် ဆိုင်သို့ ပြန်သွားပြီး လဲလှယ်ပေးဖို့ရန် အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။