ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၂)၌ ဦးပြုံးချို၏ စေတနာနှင့် ဆုံးမ သည့် စကားများကြောင့် အသိတရားကိုယ်စီ ရရှိသွားသည့် ဖြိုးရဲနှင့် ကိုထက်တို့ အကြောင်းကို သရုပ်ဖော်ထားသည့် “ဦးပြုံးချို၏ စေတနာ” မျက်နှာဖုံးကာတွန်း၊ အကြွားသန်သော ပိုပိုမှာ အမှန်တရားပေါ်သွား၍ ရှက်သွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ပိုပိုမပါဝင်သော ကြွားပို” နှစ်မျက်နှာကာတွန်း၊ ဆရာမမေးသည့် ဝါကျကို ပြန်လည်ဖြေဆိုထားသည့် ပန်ပန်အကြောင်းကို သရုပ်ဖော်ထားသည့် “ပန်ပန်၏ ကျေ၊ ကြေ” တစ်မျက်နှာကာတွန်း၊ ပုပုသည် သူ၏ မုန့်ဖိုးဖြင့် မွေးနေ့တွင် မိဘနှစ်ပါးအား ပစ္စည်းများဖြင့် ကန်တော့သည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးဆပ်သော မွေးနေ့ပွဲ” နှစ်မျက်နှာကာတွန်း၊ ရွာသားများမှာ သူကြီးက ပျော်ရွှင်ပွဲများတွင် ဒိုးပတ်အိုးစည်ဝိုင်းများ မပြုလုပ်ရန် အမိန့်ထုတ်ရသည့်အကြောင်းကို သိရှိသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “တစ်ခါတုန်းက တို့ရွာမှာ” နှစ်မျက်နှာကာတွန်းနှင့် မိုးများသည်းပြီး လျှပ်စီး များ လက်ကာ မိုးကြိုးများပစ်လျှင် ကြောက်တတ်သည့် ပိုင်ပိုင်အကြောင်းကို သရုပ်ဖော်ထားသည့် “မနှိုးလို့ပေါ့”မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် နဂါးငွေ့တန်းအကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “ကောင်းကင်အတွင်းရှိ နဂါးငွေ့တန်းများ” သုတကဏ္ဍ၊ စာစီစာကုံးရေးရန် သက်သီရိ သိချင်သော အကြောင်းအရာများကို သူ့ဖေဖေ၏ ရှင်းပြပေးမှုကြောင့် သိရှိသွားသည်ကို ရေးသားထားသည့် “တို့တောရွာ” ဝတ္ထုကဏ္ဍ၊ ကျား၏ မတရားမှုကို တိရစ္ဆာန်များက ပညာပေးလိုက်သည့်အတွက် ခန္ဓာကိုယ်ပေါ်က အစင်းကျားများ ဖြစ်ပေါ်လာသည့်အကြောင်းကို ရေးသားထားသည့် “ကျားခန္ဓာ ကိုယ်ပေါ်က အစင်းကျား” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာအနေနှင့် အိမ်အရောက် ပစ္စည်းပို့သည်ကို အချိန်ရွှေ့ဆိုင်းပြင်ဆင်ပေးရန် ဖုန်းဆက်သည့်အကြောင်းကို ရေးသားထားသည့် “ရွှေသွေး စကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် ကထိန်သင်္ကန်းလှူဒါန်းပုံ၊ ဘုံကထိန်များ လှည့်လည်ပုံ၊ ဘုန်းကြီး ကျောင်းမှ ပြန်လည်ဧည့်ခံပုံနှင့် နှစ်စဉ် ကုသိုလ်ယူကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ရွှေသွေးတို့နွှဲ ကထိန်ပွဲ” ကဗျာကဏ္ဍတို့ကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။