၂၆ - ၇ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၃၀)၌ တစ်ပါးသူ အသက်ရှင်ဖို့အတွက် ကိုယ်ကျိုးစွန့်သွားသည့် နှင်းစက်လေးအကြောင်း သရုပ်ဖော်ထားသည့် “နှင်းစက်လေး” မျက်နှာ ဖုံးကာတွန်း၊ တော်သလင်းလ၏ ထူးခြားချက်များအကြောင်းကို ခင်ခင်ပြူးနှင့် သူငယ် ချင်းများ ပြောထားသည်ကို သရုပ်ဖော်ထားသည့် “ဂန္ထဝင် ခင်ခင်ပြူးနှင့် အပေါင်းအသင်းများ” နှစ်မျက်နှာ ကာတွန်း၊ ကျောင်းပိတ်ရက်တွင် အမေကို ဝိုင်းကူလုပ်ပေးသော ဖိုးတစ်တိုအကြောင်း သရုပ်ဖော် ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ မိဘ၏ ဆုံးမစကားကို နားထောင်ပြီး လိုက်နာ လုပ်ဆောင်သည့်အတွက် ကျန်းမာရေး ကောင်းကျိုးများ ရရှိသွားသည့် ဖိုးဇော်အကြောင်း သရုပ်ဖော်ထားသည့် “ကျန်းမာခြင်းရဲ့ လာဘ်တစ်ပါး” နှစ်မျက်နှာကာတွန်း၊ ကျောင်းဆရာ ဦးအောင်ကြီး၏ စုံစမ်းပေးမှုကြောင့် ရဲများ အလိုရှိနေသော ဝရမ်းပြေး ဝစိန်ကို ဖမ်းမိသွားသည့် အကြောင်း သရုပ်ဖော်ထားသည့် “ကျောင်းဆရာစုံထောက် ဦးအောင်ကြီး” နှစ်မျက်နှာ ကာတွန်းနှင့် ကျောင်းတွင် ဆရာမမေးသည့် မေးခွန်းကို မှားဖြေလိုက်မိသည့် ပိုင်ဇင်သန့် အကြောင်းကို သရုပ်ဖော်ထားသည့် “ပိုင်ဇင်သန့်-တနဲ့ထ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သစ်တောသစ်ပင်များသည် ကမ္ဘာကြီးကို အကျိုးပြုပုံ၊ သဘာဝဘေးအန္တရာယ်ကို ကာကွယ်ပုံနှင့် သစ်ပင်များ စိုက်ပျိုးခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ဗဟု သုတ ဖြစ်ဖွယ် ရေးသားထားသည့် “သစ်ပင်၏ အကျိုးကျေးဇူးများ”   သုတဆောင်းပါးကဏ္ဍ၊ အိအိသည် မိဘမေတ္တာကို နားလည်သွားကာ သူငယ်ချင်းအောင်မြတ်ကို အားကျအတုယူသွားမည့်အကြောင်း ရေးသားထားသည့် “မုန့်ဖိုး” ဝတ္ထုကဏ္ဍ၊ ဘုရင်ကြီးမှာ သပ်ရပ်သန့်ရှင်းစွာ နေထိုင်သော အဘွားအိုကို သပ်ရပ်သန့်ရှင်းမှု တစ်သက်တာဆုအဖြစ် ဆုငွေများ ချီးမြှင့်ထား သည့်အကြောင်းကို ရေးသားထားသည့် “ဟန်ဆောင်မှုကင်း ဆုရခြင်း” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာ အနေနှင့် ပရိဘောဂပစ္စည်းများကို တိုက်ခန်းတွင် မည်သည့်နေရာတွင် နေရာချထားမည့် အကြောင်းကို ပစ္စည်းသယ်ပေးသူနှင့် တိုက်ခန်းပိုင်ရှင်တို့ အပြန် အလှန် ပြောဆိုပုံကို အသုံး အနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံကို လေ့လာနိုင်မည့်  “ရွှေသွေးစကားဝိုင်း” ကဏ္ဍနှင့် ဝါခေါင်လတွင် မြစ်ချောင်းများ၊ လယ်ကွင်းများတွင် မိုးရေများ ပေါများပုံ၊ ပျိုမေနှင့် ဦးကြီးများ လယ်ယာလုပ်ငန်း လုပ်ကိုင်ပုံ၊ ခတ္တာပန်းများ ဖူးပွင့်ပုံ၊ စာရေးတံမဲပွဲကို စုပေါင်း၍ ဆင်နွှဲပုံနှင့် မေတ္တာအခါတော်နေ့ ကျင်းပပုံတို့အကြောင်း ရေးဖွဲ့ထားသည့် “ဝါ‌ခေါင်သာစွ မိုးလယ်လ” ကဗျာ ကဏ္ဍတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ