ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)၌ အိုမင်းမစွမ်းသော မိခင်အိုကြီးအပေါ် အမြင်မှန် ရသွားသော မိခင်အိုကြီး၏ သားနှင့် ချွေးမအကြောင်း သရုပ်ဖော်ထားသည့် “ဘွားဘွားရဲ့ စားပွဲလေး” မျက်နှာဖုံးကာတွန်း၊ တစ်ပါးသူ ရှာဖွေထားသော အစာများကို ပိုင်ရှင်မသိအောင် ခိုးစားမိရာက ဒုက္ခကြီးစွာ ရောက်ရသော အချောင်သမား ကျီးကန်းအကြောင်း သရုပ်ဖော်ထားသည့် “အချောင်သမား ကျီးကန်း” နှစ်မျက်နှာကာတွန်း၊ အလွန်လောဘကြီးသော လင်မယားနှစ်ယောက်သည် သူတို့၏ လောဘစိတ်ကြောင့် ပြုလိုက်မိသော အပြုအမူကြောင့် ကြီးစွာ နောင်တ ရရှိပုံ အကြောင်း သရုပ်ဖော်ထားသည့် “နောင်တ” နှစ်မျက်နှာကာတွန်း၊ အစာစားပြီးနောက် သွားမတိုက်ဘဲ အိပ်ရာဝင်ခြင်းကြောင့် အိပ်မက်ဆိုးများမက်သော ဂျာရစ်အကြောင်း သရုပ်ဖော်ထား သည့် “ဂျာရစ်” နှစ်မျက်နှာကာတွန်း၊ သူ့ဖေဖေ ဝယ်ထားပေးသော အိမ်လှလှလေးကို သူငယ်ချင်းများထံ ပြောပြလိုက်သော ထော်လေးအကြောင်း သရုပ်ဖော်ထားသည့် “ထော်လေး” တစ်မျက်နှာဟာသကာတွန်းနှင့် “ကျောပိုးအိတ်ကို ကျောတွင် မလွယ်ဘဲ ရှေ့ဘက်တွင် ထားပြီးလွယ်ပါက ရင်ပိုးအိတ်ဖြစ်သွားမှာပေါ့” ဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ရှေးခေတ်လူတို့၏ လက်ချုပ်အပ်ကို အဆင့်ဆင့်တိုး၍ တီထွင်ဖန်တီး ခဲ့ကြပုံအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကြာပန်းများကို ကြာဆစ်ကြိုး ပြုလုပ်ပြီး တစ်ယောက်နှင့် တစ်ယောက် အလှပြိုင်နေကြသော ထွေးမြတို့ သူငယ်ချင်းတစ်စုသည် ကြာပန်းလေးများကို ကြည့်ပြီး ဗုဒ္ဓမြတ်စွာဘုရားအား အတိုင်းမသိ ကြည်ညိုနေမိပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မွေးနေ့လက်ဆောင်အဖြစ် ကျောက်မျက်ရတနာ ကဲ့သို့ လှပသော ဝတ်စုံ၊ ဆွယ်တာအင်္ကျီနဲ့ ရှူးဖိနပ်အသစ်တို့ကို လက်ခံရရှိခဲ့သော မိုနာအကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် ပညာလေ့လာ ဆည်းပူးနေကြသော ကျောင်းသားကျောင်းသူများနှင့်အတူ ပနံသင့်လှသော ကျောင်းဥယျာဉ်အကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းရွှေမိုး၏ “ကျောင်းဥယျာဉ်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။