ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယဆုရရှိသည့် စာရေးသူ မျိုးမြင့်ကြိုင်(သင်)၏ “အမ်းမြို့သို့ ရက်ပေါင်း(၁ဝဝ)နှင့် အမြင်အတွေးများဖြင့် ခရီးသွားခြင်း” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ရခိုင်ပြည်နယ်၊ ပင်လယ်ကမ်းရိုးတန်း ကမ်းခြေ၌ မတည်ဘဲ ကုန်းတွင်းပိုင်း၌ တည်ရှိနေသည့် စာတစ်လုံးတည်းအမည်ရှိ “အမ်း” မြို့သည် ထူးခြားကြောင်း ရေးသားထားသည်။ ရခိုင် ကမ်းရိုးတန်းအလယ် တောင်ကုတ်ချောင်းအတိုင်း “တောင်ကုတ် တောင်ကြားလမ်း” မှ ပဲခူးတိုင်းဒေသကြီးသို့ သွားနိုင်သလို ကမ်းရိုးတန်းရှိ ရေပုတ်မှ အမ်းမြို့ကိုဖြတ်၍ အမ်းတောင်ကြားလမ်းမှ မကွေးတိုင်းဒေသကြီးသို့ ပေါက်ရောက်သည်။ စာရေးသူ၏ ခရီးစဉ်သည် ကျွန်းစုမြို့ “ကျောက်ဖြူ” မှ သင်္ဘောဖြင့် ရေလမ်းတစ်တန် ထို့နောက် ကုန်းလမ်းတစ်လှည့် ခြေကျင်တစ်ခါ သွားရသည်။ အမ်းမြို့တွင် ရက်ပေါင်း (၁ဝဝ) နေထိုင်ခဲ့ရသည့် ကာလအတွင်း တွေ့ကြုံရသမျှ အပိုမချဲ့ လိုရင်းကိုသာ ရိုးစင်းပြေပြစ်သော အရေးအသားဖြင့် တင်ပြထားသည်။
နောက်ထပ်သွားသည့်နေရာကား ရခိုင်ပြည်နယ်၏ မြောက်ဘက်အစွန် (ယခင်မောင်းတော) မောင်တောမြို့ဖြစ်သည်။ ရခိုင်ပြည်နယ်သည် နိုင်ငံ၏ မြောက်နှင့်တောင် ဘင်္ဂလားပင်လယ်အော်ကို ခြေကန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး စသည်တို့နှင့် ဆက်စပ်တည်ရှိနေသည်။ ခရီးစဉ်ကား စစ်တွေမှ ဘူးသီးတောင်သို့ ရေလမ်း၊ ဘူးသီးတောင်မှ မောင်တောသို့ ကုန်းလမ်းစသည်ဖြင့် သွားရသည်။ “စိုင်းတင်ရေတံခွန်” သို့မူ ဘူးသီးတောင်မှ မော်တော်ဘုတ်ဖြင့် သွားရသည်။ ထိုခရီးစဉ်ကိုလည်း အသေးစိတ်ရေးသားထားသည်။
“ရိုးမပေါ် ဖြတ်ကျော်ကာလေ” ခေါင်းစီးတပ် ခရီးစဉ်မှာလည်း တွေ့ကြုံရသမျှ အသေးစိတ် ရေးသားထားသည်။ မကွေးမြို့အထိ ဆွဲဆောင်ခေါ်ယူသွားသည့် ခရီးစဉ်ဖြစ်သည်။ “ခရီးတွင် တွေ့ကြုံ ရသော အခက်အခဲကို စိတ်ပျက် အားလျှော့မနေဘဲ ကိုယ့်အတွေ့အကြုံ အကြံဉာဏ်အတိုင်း ကြိုးစား ဆောင်ရွက်သွားလျှင် ခရီးဆုံးသို့ ရောက်ရှိသွားပေမည်” ဟူသော ရေးသားချက်မှာ ကောင်းမွန်သည်။ “အမြင်အတွေးဖြင့် ခရီးသွားခြင်း” နှင့် “ဝါသနာကို” တို့မှာလည်း အလှကိုယ်စီရှိသော စာများဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။