ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၃၉)၌ လူကြီးသူမ၏ ဆုံးမစကားကို နာယူကာ လိုက်နာကျင့်သုံးသဖြင့် ကောင်းကျိုး များကို ခံစားခဲ့ရသော မောင်သစ္စာလေးအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “မေတ္တာအစွမ်း” မျက်နှာဖုံးဇာတ်လမ်း၊ တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရားထားရှိကာ သင့်သင့်မြတ်မြတ် နေထိုင်ပါက နှစ်ဦးစလုံးတွင် အကျိုးရှိနိုင်ကြောင်းကို တင်ဆက်ထားသည့် “အမွေ” နှစ်မျက်နှာကာတွန်း၊ တစ်ဦးနှင့် တစ်ဦး မာနပြိုင်ကြရာမှ နှစ်ဦးစလုံး ပျက်စီးမှုများနှင့်သာ ကြုံတွေခဲ့ရသော ပေါက်ဖတ်နှင့် နွားပျိုပေါက် လေးတို့အကြောင်းကို တင်ဆက်ထားသည့် “မာနကိုယ်စီ” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်တိုင် မကျွမ်းကျင်သည့်အလုပ်ကို လုပ်ဆောင်မိ၍ ဒုက္ခရောက်ခဲ့ရသော မျောက်လေးအကြောင်းကို ရေးဖွဲ့ထား သည့် “မျောက်လေးရဲ့ငါးဖမ်းခြင်း” နှစ်မျက်နှာကာတွန်း၊ မည်သည့်အရာမဆို ကြိုးစားအားထုတ်ပါက အောင်မြင်နိုင်ကြောင်းကို ဖိုးတစ်တို၏ သူငယ်ချင်းနှင့် ဥပမာပေးကာ တင်ဆက်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းနှစ်ယောက် တစ်ဦးနှင့်တစ်ဦး အကြွားပြိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းကျော်ကိုကို၏ “အကြွားပြိုင်မယ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။
ကလေးများအား စီးပွားရေးနှင့်သက်ဆိုင်သည့် ဗဟုသုတတိုးပွားစေရန် ကုန်ထုတ်စွမ်းအားစုများ အကြောင်းကို ဗဟုသုတရဖွယ်တင်ဆက်ထားသည့် “ကစ်ဒီနောမစ်” သုတဆောင်းပါးကို တင်ဆက်ထားပါ သည်။ မနာလိုဝန်တိုစိတ်ထားကာ သူတစ်ပါးကို အကျိုးယုတ်စေရန် ဆောင်ရွက်ပါက မိမိတွင်လည်း ဒုက္ခ နှင့် ကြုံတွေ့ရနိုင်ပုံကို တင်ဆက်ထားသည့် “မှန်ကန်သောဆုံးဖြတ်ချက်”ဝတ္ထုနှင့် သူတစ်ပါးပြောဆိုသည့် စကားများကို မှတ်သားကာ လိုက်နာရမည့်အချက်များရှိပါက လိုက်နာဆောင်ရွက်သင့်ကြောင်းနှင့် စုဆောင်းသင့်သည့်အရာများကို အချိန်မီစုဆောင်းထားမှသာ မိမိလိုအပ်သောအချိန်တွင် ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “တန်ဖိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ”နှင့် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် ထည့်သွင်းဖော်ပြမည့် ကလေးလက်ရာ ပန်းချီပြိုင်ပွဲဝင်များကို ဖိတ်ခေါ်သည့် “ရွှေသွေးတို့လက်ရာ ပန်းချီများ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း”၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ပဒိုင်းသီးနှင့် ဥပမာပေးကာ တင်ဆက်ထားသည့် “ပန်းရိုင်းတော်လှန်ရေး” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် Reply Questions များအကြောင်းကို ဥပမာဝါကျများနှင့် လေ့လာ နိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။