ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၅၀)၌ အသိဉာဏ်နည်းကာ အရာရာကို မစူးစမ်းမဆင်ခြင်ဘဲ ဆောင်ရွက်တတ်သော ကိုထုံ၏ လွဲမှားသော ယူဆချက်၊ လုပ်ဆောင်ချက်များကို တင်ဆက်ထားသည့် “ကိုထုံနဲ့ မြည်းကလေး” မျက်နှာဖုံးကာတွန်း၊ သူများပြောတိုင်းလိုက်လုပ်မိ၍ ဒုက္ခရောက်ရသော ရထားတွဲကောင်အကြောင်းကို တင်ဆက်ထားသည့် “နားမယောင်နဲ့” နှစ်မျက်နှာကာတွန်း၊ မိမိ၏အတ္တစိတ်ကြောင့် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးပျက်စီးသွား၍ နောင်တရသွားသော စာကလေးအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “အသိုက်” နှစ်မျက်နှာကာတွန်း၊ မိမိတို့ကျောင်းသို့ စာတော်သည့် ကျောင်းသူအသစ် ပြောင်းလာသော်လည်း မနာလို မရှုဆိတ်မဖြစ်ဘဲ ဝမ်းသာအားရကြိုဆိုကြသော မေဝတီတို့သူငယ်ချင်း များ အကြောင်းကို အတုယူဖွယ်တင်ဆက်ထားသည့် “အပြုံးဖြင့် ကြိုဆိုပါ” နှစ်မျက်နှာကာတွန်း၊ မိမိတို့၏ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို ချစ်မြတ်နိုးတတ်စေရန်နှင့် နိုင်ငံခြားသားဝတ် စကတ်ကွဲများကို အတုယူ၍ မဝတ်စေရန် ဆုံးမထားသော ဖူးငယ်တို့သားအမိ၏ အပြန်အလှန်ပြောဆိုပုံကို တင်ဆက်ထား သည့် “ဖူးငယ်- အတုခိုး မမှားမိစေဖို့” တစ်မျက်နှာကာတွန်းနှင့် ကျောင်းတွင် စာမရ၍ နေ့စဉ် အမှိုက် ကောက်နေရသောကြောင့် အမှိုက်ကောက်ခြင်းမှာ ရှက်စရာမဟုတ်ကြောင်းပြောသော ဝေခန့်နိုင် အကြောင်းကို ရေးဖွဲ့ထားသည့် “ဝေခန့်နိုင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် လူတို့၏ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် ဗီတာမင်ကြွယ်ဝသော ကျွဲကောသီးအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည့် ကျွဲကောသီး” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိဘများနှင့်အတူ တိရစ္ဆာန်ရုံသို့ သွားရာ၌ မြင်မြင်သမျှ တိရစ္ဆာန်များကို သူတို့၏သဘာဝအလိုက် ဝေဖန်ခွဲခြားနိုင်သော ပြည့်စုံသာ အကြောင်းကို တင်ဆက်ထားသည့် “ခရုမှာအဆန် လူမှာဉာဏ်” ဝတ္ထုနှင့် အပြန်အလှန်ကူညီခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိသွားသည့် မိကျောင်းလေးနှင့် ငှက်သားအမိတို့အကြောင်းကို တင်ဆက်ထားသည့် “ပြုံးအလှပိုင်ရှင် မိကျောင်း လေးကူရမ်” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ”၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် လူသားအားလုံးအတွက် ကြောက်မက်ဖွယ်ကောင်းသော ဘိန်းဖြူ၏ ဆိုးကျိုးများကို ရေးဖွဲ့ထားသည့် “ဘိန်းဖြူ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အတန်းမတက်ဖြစ်၍ သူငယ်ချင်းဆီမှ စာအုပ်ငှားရာ၌ အပြန်အလှန်ပြောဆိုသော အကြောင်းအရာ များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။