၂၅-၁၂-၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၅၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၅၂)၌ သဒ္ဓါတရားအလွန်ထက်သန်သော သူဆင်းရဲမလေး မစံပယ်အကြောင်း သရုပ်ဖော်ထားသည့် “သဒ္ဓါစိတ်” မျက်နှာဖုံးကာတွန်း၊ အိမ်သန့်ရှင်းရေးကို ကိုယ်တိုင်လုပ်ကာ ကိုယ်တိုင်ထမင်းချက်တတ်သည်ဆိုသော ဂူးဂူးအကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲနှင့် ဂူးဂူး” နှစ်မျက်နှာကာတွန်း၊  ရုံးသို့ နေ့စဉ် အသားတုံးရှစ်တုံးဖြင့် ထမင်းချိုင့်ထည့်လာသော ရုံးအုပ်ကြီးဦးဝစိန်အကြောင်း သရုပ်ဖော်ထားသည့် “ခွဲတမ်း” နှစ်မျက်နှာကာတွန်း၊ ကြွားဝါခြင်းသည် တစ်ခါတစ်ရံ အကျိုးမဲ့စေပုံအကြောင်း သရုပ်ဖော်ထားသည့် “အကြွား” နှစ်မျက်နှာကာတွန်း၊ အဘွားကို ကြောက်သော ကီးကီနှင့် အဘွားကို မကြောက်သော ဘိုးဘိုးတို့အကြောင်း သရုပ်ဖော်ထားသည့် “ကီးကီနှင့် ဘိုးဘိုး” တစ်မျက်နှာကာတွန်းနှင့် အထင်ကြီးခံရချင်သော အဖေနှင့် မေးခွန်းများကို နှိုက်နှိုက်ချွတ်ချွတ်မေးတတ်သော သားအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် နာမည်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် ဆောင်းဥတုအချိန် လေ့လာမှတ်သားဖွယ်ရာများကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် နဂါးတစ်ကောင်နှင့် အချစ်ဆုံးသူငယ်ချင်းဖြစ်နေသော နတ်သမီးလေး အကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိဘအပေါ် ကိုယ်ချင်းစာနာစိတ်ဖြင့် ပြုမူလိုက်သည့် မိမိ၏အပြုအမူကို ပြန်တွေးမိတိုင်း လွန်စွာကျေနပ်အားရ ဖြစ်နေသော လွှမ်းမိုးအောင်အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အပြင်မှာ နှင်းကျနေတဲ့အကြောင်း ပြောဆိုရင်း နှင်းကျတာကို ဓာတ်ပုံရိုက်ချင်ကြောင်းနှင့် အသိမိတ်ဆွေ တစ်ယောက်က ဖုန်းဆက်ခဲ့ကြောင်း ပြောလိုက်တဲ့အခါ သူဖုန်း ပြန်ဆက်ရင် ဘာကိုပြန်ပြောဖို့နဲ့ အဲဒါကို အရေးကြီးတာမို့ မမေ့ဖို့ပြောဆိုရန်အကြောင်း အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာ သစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ