ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၂၇)၌ ခွေးကလေးသည် တိရစ္ဆာန်ပင်ဖြစ်သော်လည်း မိမိသခင်၏ ကျေးဇူးကို သိတတ်ပုံအကြောင်းကို တင်ဆက်ထားသည့် “စစ်မှန်သော လူ့မိတ်ဆွေ” မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါး၏ ကျေးဇူးကို သိတတ်သော ပုပုအကြောင်းကို ပညာပေးတင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဒါကြောင့်မို့” နှစ်မျက်နှာ ကာတွန်း၊ သူတစ်ပါးအပေါ်ကို အကောက်ကြံမှုကြောင့် မိမိရရှိမည့် အခွင့်အရေးများ ဆုံးရှုံးရကြောင်းကို တင်ဆက်ထားသည့် “စေတနာ- ထောင်ချောက်” နှစ်မျက်နှာကာတွန်းနှင့် ကလေးများအနေဖြင့် စာပေများကို အလေးထားဖတ်သင့်ကြောင်းကို တင်ဆက်ထားသည့် “ဘိုးရာဇာ” နှစ်မျက်နှာကာတွန်း၊ လမ်းပေါ် မှ ချိုင့်ခွက်များကို ပြန်ဖြည့်ပြီး လမ်းသွားလမ်းလာများ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့မှုကြောင့် မုန့်ဖိုးများရရှိသွားသော မောင်မောင်အကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “ကုသိုလ်လည်းရ ဝမ်းလည်းဝ” တစ်မျက်နှာကာတွန်းနှင့် ဖိုညှက်တို့သားအဖ၏ အဖြစ်ကို ဟာသဖြစ်ဖွယ် တင်ဆက်ထား သည့် “ဖိုးညှက်- အဆိုးဆုံးလူ” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးများ စကားပြောဆိုရာ၌ လိမ္မာယဉ်ကျေးမှုရှိစေရန် ပညာပေးရေးဖွဲ့ထားသည့် “ကောင်းကျိူးဖြစ်စေတဲ့ စကားကိုသာ ပြောဆိုကြပါစို့” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများအနေဖြင့် ရုပ်ပုံများထဲမှ တူညီသော ရုပ်ပုံနှစ်ပုံကို မျက်စိလျင်လျင်ဖြင့် ရွေးထုတ် ပေးနိုင်မည့် “ပုံထဲမှာ တူညီတဲ့ အရုပ်ကလေးနှစ်ရုပ်ကို ရွေးပေးကြပါနော်” ဉာဏ်စမ်းကဏ္ဍ အပါအဝင် ခြင်ကြောင့်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို ကလေးများ လိုက်နာ ရှောင်ကြဉ်နိုင်ရန် ပညာပေးတင်ဆက်ထားသည့် “ခွင့်လွှတ်ပါ သူငယ်ချင်း” ဝတ္ထုနှင့် လောဘကြီးပါက မိမိ၏ ရည်ရွယ်ချက်ပန်းတိုင်ကို မရောက်နိုင်ကြောင်းနှင့် မိမိနှင့် ထိုက်တန်သမျှကိုသာ ရယူသင့်ပုံအကြောင်းကို အတုယူဖွယ်တင်ဆက်ထားသည့် “လောဘကြီးက ကျိုးနည်းရ” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ မိုးသားများနှင့် လှပတင့်တယ်နေသော နယုန်လရာသီ၌ စာမေးစာပြန်ပွဲတော်များ ကျင်းပကြပုံကို သီကုံးစပ်ဆိုထားသည့် “လမြတ်နယုန်” ကဗျာကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နာမ်ရှေ့တွဲသုံးစကားလုံးများ (determiner) အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။