“အိအိမော် (ယဉ်ကျေးမှု)” ရေးသားသည့် “ပြတိုက်ကပြောသော တိုင်းရင်းသားယဉ်ကျေးမှု” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“အိအိမော် (ယဉ်ကျေးမှု)” ရေးသားသည့် “ပြတိုက်ကပြောသော တိုင်းရင်းသားယဉ်ကျေးမှု” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“အိအိမော် (ယဉ်ကျေးမှု)” ၏ “ပြတိုက်ကပြောသော တိုင်းရင်းသားယဉ်ကျေးမှု”  စာအုပ်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ယဉ်ကျေးမှုပြတိုက်အကြောင်းကို အမာခံထား၍ ရေးသားတင်ပြထားသည့် စာမူဖြစ်သည်။ ပြတိုက်သမိုင်းကြောင်းနှင့် ပြတိုက်ရှိ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘဝပုံစံများကို ဖော်ပြထားသည်။ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွင် ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး သွေးချင်းများနှင့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုဝင် များထဲမှ ကချင်ပြည်နယ်တွင် နေထိုင်ကြသော တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီး တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာစာပေ၊ ဓလေ့ထုံးစံ၊ ရိုးရာပွဲတော်များ အကြောင်းကို ဖော်ညွှန်းရေးဖွဲ့ထားသည်။ ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးအတွက်လည်း ထိရောက်စွာ အထောက်အကူပြုသော အကြောင်းအရာများ ပါဝင်ပေသည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ