“မောင်နေခြည် (ပြည်)” ရေးသားသည့် “ထပ်တူကျသောနှလုံးသားများနှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“မောင်နေခြည် (ပြည်)” ရေးသားသည့် “ထပ်တူကျသောနှလုံးသားများနှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မောင်နေခြည် (ပြည်)” ၏ “ထပ်တူကျသောနှလုံးသားများနှင့် အခြားဝတ္ထုတိုများ” စာအုပ်တွင် ဝတ္ထုတို (၇) ပုဒ် ပါဝင်ပြီး လယ်လုပ်သားတို့၏ သဘာဝအတိုင်း စိုက်ပျိုးရေးဘဏ်မှ ချေးငွေယူထားပြီး ပြန်ဆပ်ရတော့မည့် အချိန်တွင် လက်ထဲ၌ ငွေမပြည့်၍ စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်နေရသူ ကိုသိန်း၊ လှည်းမီးချလုပ်ငန်းကို ရိုးရိုးအေးအေးလုပ်နေရာမှ လက်ကိုင်ဖုန်းတစ်လုံး လက်ထဲရောက်လာသော ကိုဖိုးတေ၊ ကာလသားခေါင်း ဖြစ်ချင်သူ မြကြီး၊ ကောက်စိုက်သူကြီး မဆစ်တိုနှင့် မစာဥတို့၏ ကျေးလက်စရိုက်များဖြင့် တစ်ပုဒ်ချင်းစီကို ဇာတ်အိမ်ဖွဲ့၍ ရေးသားထားသည်။ တစ်သက်လုံး ကျုံးရုန်းပြီး လုပ်ပေးခဲ့သော်လည်း နောက်ဆုံးသားသတ်ရုံ ရောက်ရသော ခိုင်းနွားကြီးများ၏ သနားစရာဘဝကိုလည်း ကရုဏာရသမြောက်အောင် စာပန်းချီ ခြယ်မှုန်းထားသည့် ကျေးလက်ဒေသ နောက်ခံဖွဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၂၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ