၃၀- ၅- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၂)၌ ဆရာလေး ကိုအောင်မင်း၏ ကျိုးကြောင်းပြ ရှင်းပြချက်များကြောင့် ရွာသားများ၏ မလိုလားအပ်သော ကြောက်ရွံ့မှုများ ပပျောက်သွားပုံအကြောင်း သရုပ်ဖော်ထား သည့် “ထူးဆန်းတဲ့ အိမ်ကြီး” မျက်နှာဖုံးကာတွန်း၊ ဖားသတ္တဝါများ၏ ထူးခြားချက်များအကြောင်းကို ဗဟုသုဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖား” နှစ်မျက်နှာကာတွန်း၊  ကောက်ကျစ်သော မြေခွေးကို ပညာပြနိုင်ခဲ့သော ယုန်ကလေး ကိုဖြူနှင့် ငညိုတို့အကြောင်း သရုပ်ဖော်ထားသည့် “ဉာဏ်ပြေး‌သော ယုန်ကလေး” နှစ်မျက်နှာကာတွန်း၊ မောင်ညစ်နှင့် မောင်လစ်တို့သည် မောင်လှအပေါ် မကောင်း ကြံရာက သူတို့ ကိုယ်တိုင်သာ ဒုက္ခရောက်ရပုံအကြောင်း သရုပ်ဖော်ထားသည့် “ကံတူ အကျိုးပေး” နှစ်မျက်နှာကာတွန်း၊ အသက်ကြီးပြီဖြစ်သောကြောင့် မေ့တတ်သည်ဆိုသော ဘွားဘွားနှင့်် ဟန်သီမအကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာဟာသကာတွန်းနှင့် ဒူးဆိုသည်မှာ ခြေထောက်၏ တံတောင်ဆစ်ဖြစ်သည်ဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့်  “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် မာရီယာနာချောက်ကမ်းပါးအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကျောင်း၌ စာစီစာကုံးဖြေရမည်ကို စိတ်စောနေမိသော လေးတန်း ကျောင်းသားတစ်ဦးအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ကျိန်စာမိနေသော ကြောင်ကလေး ယန်၊ ဖြူကောင်လေး အာသာနှင့် ရှဉ့်ကလေး ဘန်ကီတို့ ညီအစ်ကို သုံးဦးသည် မှော်ဆရာကြီး၏ အကူအညီဖြင့် ခံ့ညားထည်ဝါသော မင်းသားလေးသုံးပါး အဖြစ်ကို ပြန်လည်ပြောင်းလဲနိုင်ခဲ့ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် ဝမ်းရောဂါ မဖြစ်စေရန် ‌ရှောင်ကြဉ်နိုင်မည့် နည်းလမ်းများအကြောင်း ရေးစပ်ထားသည့် ဆရာ မင်းရွှေမိုး၏ “ဝမ်းရောဂါ”ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် မိဘဖြစ်သူက ကျောင်းသို့သွားပြီး သူ့ကလေး၏ ဆရာနှင့် တွေ့ဆုံကာ သူ့ကလေး အကြောင်း ဆရာဖြစ်သူနှင့် အပြန်အလှန်ပြောဆိုပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ