ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ၊ တတိယဆုရရှိသည့် စာရေးဆရာ နောင်အံ့လူ၏ “တောင်အရပ်မှာ ဓူဝံကြယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် အထည်ချုပ်လုပ်ငန်းကျွမ်းကျင်သော “ကိုပိုင်” အမည်ရှိ လူရွယ် တစ်ယောက်က ပျောက်ဆုံးနေသည့်ညီ မောင်မြင့်ဝေကို ရှာရန် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိ လာပြီး ထိုင်းလူမျိုး သူဌေးမပိုင်၍ မြန်မာလူငယ်များ အလုပ်လုပ်သော အထည်ချုပ် စက်ရုံငယ်တစ်ခုတွင် ကြီးကြပ်သူအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ပုံ၊ မူလက အလုပ်ကို မလေးစားသော၊ သောက်စားမူးယစ် ရန်ဖြစ်တတ်သော မြန်မာအလုပ်သမားများကြောင့် စက်ရုံက အောင်မြင်မှုမရရှိဘဲဖြစ်နေစဉ် ကိုပိုင်ရောက်လာပြီးမှ မြန်မာလူငယ်များကို စည်းရုံး၊ သိမ်းသွင်း၊ ဆုံးမ၊ လမ်းညွှန်၊ ကူညီစောင့်ရှောက်သဖြင့် စည်းကမ်းတကျ အလုပ်ကြိုးစားလာကြပုံ၊ ထိုအခါ စက်ရုံသည်လည်း အချိန်တိုအတွင်း အောင်မြင် တိုးတက်လာပြီး ပိုင်ရှင်သူဌေးသာမက အလုပ်သမားများလည်း ဝင်ငွေတိုးကာ ပျော်ရွှင်ကြရပုံ၊ ငွေစုမိသဖြင့် အလုပ်သမားဘဝမှ ကိုယ်ပိုင်လုပ်ငန်းလေးများ ထူထောင်နိုင်ခဲ့ပုံ၊ သောက်စားမူးယစ်ပြီး ဘဝပျက်နေသော မောင်မြင့်ဝေလည်း သူ့ကိုယ်သူပြုပြင်၍ လူကောင်းတစ်ယောက်ပြန်ဖြစ်သွားပုံတို့ကို ရေးဖွဲ့ ထားသော ဝတ္ထုဖြစ်သည်။ ဝတ္ထုဇာတ်အိမ်ကို မဲဆောက်မြို့တွင် အခြေပြုသဖြင့် ထိုင်းလူမျိုးတို့၏ ဓလေ့စရိုက်နှင့် ရိုးရာယဉ်ကျေးမှုပွဲတော်များအကြောင်းကို မြည်းစမ်းသိရှိခွင့်ရပြီး အထည်ချုပ်စက်ရုံ တစ်ရုံ၏ လည်ပတ်ပုံကို ဗဟုသုတအဖြစ် ဖတ်ရှုရမည့်အပြင် နိုင်ငံခြားရောက် မြန်မာလူငယ်များကို ဆောင်ရန် ရှောင်ရန်များနှင့်တကွ မြန်မာတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်နှင့်ပတ်သက်၍ မနိမ့်ပါးရေး၊ အစော်ကားမခံရရေး လမ်းညွှန်ပညာပေးထားသောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး ၄၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။