ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၆)၌ မိမိဘဝကို ကျေနပ်နေမိသော ပျော်တော်ဆက် ပူဖောင်းလေးအကြောင်း သရုပ်ဖော်ထားသည့် “ပျော်တော်ဆက် ပူဖောင်းလေး” မျက်နှာဖုံးကာတွန်း၊ ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏ စကားအရာတွင် ကျွမ်းကျင်ပုံကို သရုပ်ဖော်ထားသည့် “မြန်မာပညာရှိအမတ်ကြီး ဦးပေါ်ဦး- ကြောက်ပါတယ်” နှစ်မျက်နှာကာတွန်း၊ နှစ်သစ်တွင် တစ်နှစ်ထက် တစ်နှစ် ပိုတော်၊ ပိုကောင်းအောင်နှင့် ပိုပြီး လိမ္မာရေးခြားရှိအောင် ကြိုးစားကြမည်ဆိုသော ဆူးကလေးနှင့် သူငယ်ချင်းအကြောင်း သရုပ်ဖော်ထားသည့် “ဆူးကလေးရဲ့ နှစ်သစ်” နှစ်မျက်နှာကာတွန်း၊ စျေးရောင်းကောင်းရန်အတွက် အမြဲ အကြံထုတ်နေတတ်သော စတိုးဆိုင်ပိုင်ရှင် တစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် “ဘာရမလဲ” နှစ်မျက်နှာကာတွန်း၊ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသည့် ဘဘထံမှ အင်္ကျီလှလှလေး ရရန်အတွက် အကြံဉာဏ်ကောင်းပေးလိုက်သော ဟန်သီမကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာ ဟာသကာတွန်းနှင့် ဘာမှမလုပ်ထားသော်လည်း မေမေ၏ အဆူခံရသည်ဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် ကာတွန်းသူရ၏ “ဘယ်ကျော်” မျက်နှာဝက်ဟာသ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ဗီတာမင်-ဒီ၏ အရေးပါပုံနှင့် ဗီတာမင်-ဒီဓာတ် ချို့တဲ့ပါက ဖြစ်ပေါ် လာနိုင်သည့် ကျန်းမာရေးဆိုကျိုးများအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် စာအုပ်ကောင်းတစ်အုပ် ရရန်အတွက် ကမ္ဘာကြီး၏ မည်သည့်နေရာကိုမဆို သွားမည်ဆိုသော လူငယ်လေး တစ်ယောက်အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ရွှေရောင် တောင်ကြီးမှ တကယ့် ရွှေအစစ်ကို ရရှိမည့် နည်းလမ်းကောင်းကို သိရှိသွားသော အောင်အောင် အကြောင်း ရေးသားထားပါသည်။ ထို့ပြင် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများ ကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှု မှတ်သားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်ထည်ဝါ (ပျော်ဘွယ်)၏ “စာဖတ်ခြင်း၏ အကျိုး” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် မြန်နှုန်းမြင့်အင်တာနက်ကို အိမ်တွင် တပ်ဆင်ချင်သည့်အကြောင်း အင်တာနက် ဝန်ဆောင်မှုဌာနကို ဆက်သွယ်ပြောကြားရာတွင် အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။